သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် လွှတ်တော်အမတ်များ၊ မြို့နယ်အာဏာပိုင်းများနှင့် ဒေသခံလူထုတို့တွေ့ဆုံဆွေးနွေးကြရာ ဒေသခံလူထုဘက်မှ လမ်းပန်းဆက်သွယ်ရေးအပါအဝင် သီပေါ ကျောက်မဲကြား တိုးဂိတ်တခု ဖြုတ်သိမ်းပေးရန်တောင်းဆိုခဲ့သည်ဟု သိရသည်။
ဇွန်လ ၅ ရက်နေ့က သီပေါမြို့ မြို့တော်ခန်းမတွင် ဒေသခံလူထုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော နန်းစမ်းစမ်းအေးနှင့် စိုင်းခမ်းအောင် တို့နှင့်အတူ မြို့နယ်အာဏာပိုင်များတွေ့ဆုံခဲ့ကြသည်။ သီပေါမြို့ နှင့် ကျောက်မဲမြို့ကြား ၂၂ မိုင်သာ ဝေးကွာကြောင်း၊ သို့သော် တိုးဂိတ် ၂ ခု ချထားမှုကြောင့် ဒေသခံများ၊ ကားသမားများအတွက် ကုန်ကျ မှ များစေသောကြောင့် ထို ၂ ခု အနက် တခု ဖြုတ်ပေးရန် ဒေသခံများ တောင်းဆိုခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒေသခံလူထုဘက်မှ – ဒေသတွင်းပြောင်းတင်ကားကြီးများ ၀င်ထွက်သွားလာမှုကြောင့် လမ်းများပျက်စီးခဲ့ရခြင်း၊ သီပေါမြို့နယ်အတွင်း ဘီးခွန်များ ဂိတ်ထောင် ကောက်ခံနေမှုအား ရုပ်သိမ်းပေးစေ လိုခြင်း အစရှိသည်တို့ တင်ပြတောင်းဆိုခဲ့ကြောင်း သီပေါမြို့နယ် SNLD မြို့နယ်အတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က ပြောသည်။
“ပြောင်းကားတွေဝင်ထွက်သွားလာတာကြောင့် ရွာထဲကလမ်းတွေပျက်စီးတယ်။ ပြောင်းကားတွေကိုရွာတွင်း လမ်းက မသွားဖို့တားပေးဖို့ သို့မဟုတ် ခိုင်ခန့်စွာလမ်းခင်းပေးဖို့ တောင်းဆိုတယ်။ နောက်တခုက သီပေါနဲ့ကျောက်မဲကြား တိုးဂိတ် ၂ ခုရှိတဲ့အနက်က ၁ ခုဖြုတ်ပေးဖို့ တောင်းဆိုတယ်။ နောက်တခုက ရွာထဲမှာမူးယစ်ဆေးဝါးတွေအရမ်းပေါများနေတဲ့အပေါ် ကာကွယ်တားဆီးရေးအတွက်နည်းလမ်းတွေ ဘယ်လိုရှိနိုင်မလဲ စတာတွေကို မေးမြန်းဆွေးနွေးတယ် “- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
လူထုတင်ပြချက်များအား သက်ဆိုင်ရာအာဏာပိုင်များက ဖြေကြားရာတွင် – ပြောင်းဖူးတင်ကားများ ကြောင့်လမ်းပျက်စီးခဲ့ရသည်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာန၏ အကြီးအကဲများကိုဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဒေသခံလူထုနှင့် အာဏာပိုင်များ လက်တွဲပူးပေါင်းရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ တိုးဂိတ် ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေးတွင်အသီးသီးတင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်ဟုသိရသည်။