Sunday, February 5, 2023

တောင်ကြီးမြို့ တွင် ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲ ရက်ရွှေ့ဆိုင်း

Must read

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်မည့် တပ်မတော်ထောက်ခံ ဆန္ဒပြပွဲကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လာမည် ဇန်နဝါရီ ၂၀ရက်တွင် ပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲသည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးဝင်းကြည် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်မတော်ထောက်ခံသည့် ဆန္ဒထုတ်ဖော်ဦးဆောင်သူ ဦးဝင်းကြည်သည် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)မှ ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်လွှတ်တော် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးဖြစ်သည်။

ထိုဆန္ဒထုတ်ဖော်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ပြောင်းရခြင်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေ နှင့် ဆန္ဒပြပွဲကို လိုက်ပါလာမည့် လူဦးရေ ကို မထိန်းနိုင်သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ဦးဝင်ကြည် က ပြောသည်။

“ ရက်ကိုရွှေးလိုက်တာက ကိုဗစ် ကာလကြောင့်လဲဖြစ်တယ်လေ။ ကျတော်နဲ့တက်လာမည့်သူ ၂၉ ဦးကိုတော့ တာဝန်ယူနိုင်ပေ့မဲ့ လိုက်ပါလာခြင်တဲ့သူက ၅၀၀၀ ကျော်လောက်ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ ဘယ်သူက ပိုးတွေ့လူနာပါမလဲမသိဘူး။ သူတို့ကို ကူးသွားရင်လဲ မကောင်းဘူး။ ဒါ့ကြောင့် ရက်ရွှေးလိုက်တာပါ” ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဦးဝင်းကြည်က ပြောသည်။

ကိုဗစ်- ၁၉ ကူးစက်ရောဂါ အခြေအနေပေါ်မူတည်ပြီး တပ်မတော်ထောက်ခံပွဲကို ဆက်ပြီးပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ အခုမလုပ်ဖြစ်တဲ့ဟာတော့ ကျနော်မှာ ဘာဖိအားမှတော့ မရှိပါဘူး။ လူကများတော့ ကိုဗစ် ၁၉ ကူးစက်မှုရှိလာရင် ဦးဆောင်က တာဝန်ယူရမှာလေ” ဟု ဦးဝင်းကြည်က ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးဝင်းကြည်နှင့် အတူ လိုက်ပါဆောင်ရွက်မည့် ဦးမြငြိမ်း နှင့် ဒေါ်လှလှအေး တို့က ၂၀၂၀ ရွေးကောက်ပွဲမှ မဲမသမာမှုများအား တပ်မတော်မှ စိစစ်ဆောင်ရွက်နေမှုများအား ထောက်ခံကြောင်း နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပေးအပ်ထားသော တာဝန်များကို ပြတ်သား တိကျစွာ ဆောက်ရွက်ပေး ဆိုရန်အတွက် ဟောပြော ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲစာရင်းများ အမှားအယွင်းရှခဲ့ပြီး၊ မဲမသမာမှုများရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်းပြီး တပ်မတော်မှ ထုတ်ပြန်ဆောင်ရွက်ခဲ့သည် ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E.Mr. Wang Yi နှင့် တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article