တောင်ကြီးမြို့ နှစ်ပေါင်းများစွာ အသုံးမပြုသည့် ရထားသံလမ်းကို ဖြုတ်သိမ်းမည်

0

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် နှစ်ပေါင်းများစွာ အသုံးမပြုသည့် ရထားသံလမ်း ကို ဖြုတ်သိမ်းပြီး ချယ်ရီပင် လျှောက်က်လမ်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ထိုသံလမ်းသည် ရေအေးကွင်းရပ်ကွက် နှင့် ဘုရားဖြူ ရပ်ကွက်ကြားတွင် တည်ရှိပြီး၊ ၁၉၉၅ခုနစ် က စတင်ဖောက်ခဲ့သည့် ရထားသံလမ်းဖြစ်ကြောင်းသိရသည်။


ထို ရထားသံလမ်းကို စတင်တည်ဆောက်ခဲ့ပြီးနောက် စမ်းသပ် အသုံးပြုခဲ့ရာတွင် အဆင်မပြေမှု ကြောင့် ဆက်လက်သုံးစွဲခဲ့ခြင်းမရှိကြောင်း ရေအေးကွင်း နယ်မြေမှူး (၁၃) ကိုမိုးလွင်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲသံလမ်းကို စလုပ်ပြီးတော့ သူတို့ စမ်းသုံးကြည်ခဲ့သေးတယ်။ လူတွေကို တင်တဲ့ရထားတော့မဟုတ်ဘူး။ ရထားခေါင်းပဲ။ သုံးပြီးတော့ အဆင်မပြေမှု အမျိုးမျိုးကြောင့် ထင်တယ် သူတို့ ဆက်ပြီးမသုံးတော့ဘူး” ဟု နယ်မြေမှူး ကိုမိုးလွင်ဦးက ဆိုသည်။


ထိုသံလမ်းကို ဖြုတ်လိုက်ပြီး ချယ်ရီပင်များကို စိုက်ပျိုးရာတွင် ကိုယ့်ခြံရှေ့တွင်စိုက်သဖြင့် လမ်းကို ထိခိုက်စရာအကြောင်း မရှိကြောင်း၊ မည်သည့် တဦးတယောက်ကိုမှ ထိခိုက်မည် မဟုတ်ကြောင်း ရေအေးကွင်း အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ ချယ်ရီပင်က သူအိမ်ရှေ့ကိုယ်အိမ်ရှေ့မှာ စိုက်တာပါ။ ဘယ်သူမှတော့မထိခိုက်နိုင်ပါဘူး။ တစ်ပင်ဘယ်နပေခြား အဲလိုမျိုးမဟုတ်ပါဘူး။ သံလမ်းဖြုတ်လိုက်ရင်တော့ ကောင်းတယ်။ အဲနားကလူတွေလဲပျော်ကြပါတယ်။ အသုံးမှမဝင်တာ” ဟု အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ပြောသည်။


ထိုရထားသံလမ်း ဖောက်စဉ်တွင် ထိုလမ်းဘေးရှိ အိမ်ခြံမြေ ပိုင်ရှင် တဦးလျှင် ၅ပေ ခန့် ပေးခဲ့ပြီး၊ ထိုချိန်တွင် မြေပြဿနာရှိသဖြင့် လျော်ကြေးငွေ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


နှစ်ပေါင်းများစွာ ထိုရထားသံလမ်းကို အသုံးမပြုတော့သည့်အတွက် သံလမ်းကို ဖြုတ်ပြီး၊ လမ်းကို ကောင်းမွန်စွာ ပြန်ပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း ထိုနေရာတွင်နေထိုင်သည့် သူများက ပြောဆိုလိုက်သည်။

“ ဒီသံလမ်းကလဲ ဆောက်ထားတာကြာပြီးလေ။ သုံးတာလဲ မဟုတ်ဘူး။ သွားသူလာသူ အတွက်လဲ အန္တရာယ်ဖြစ်တယ်။ ဒီသံလမ်းကို ဖြုတ်ပြီးတော့ လမ်းလေကောင်းကောင်းလေပြန်ဆောက် ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဖြုတ်ဖို့ကလည်း လဲ ကုန်ကျစရိတ်က ကုန်မှာပဲ” ဟု ရေအေးကွင်းတွင် နေထိုင်သည့် ဦးစောနှောင်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုသံလမ်းကို တောင်ကြီး- ရွှေညောင်သို့ သွားသည့် လမ်းအဖြစ်ဆက်သွယ်ထားကြောင်း၊ ထိုရထားလမ်းပေါ်တွင် မကြာခဏ ဆိုင်ကယ်များမှောက်ခြင်း၊ မိုးရာသီတွင် လမ်းများပျက်စီးခြင်းများ စသည့်တို့ ဖြစ်ပွား နေလျက်ရှိကြောင်းသိရသည်။

Leave a Comments