RCSS/SSAနှင့် TNLA စစ်ရေးတင်းမာနေသဖြင့် စစ်ရှောင်နေရပ်မပြန်နိုင်သေး

0

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ စစ်ရေး ဆက်လက် တင်းမာနေသည့်အတွက် စစ်ရှောင်များ နေရပ်သို့ ယနေ့ထိ မပြန်နိုင်သေး ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) လွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ စစ်ရှောင်ခဲ့ရကြောင်း သိရသည်။

“ တိုက်ပွဲတော့ ငြိမ်နေတယ်။ စစ်ရေးတင်းမာ နေဆဲ မလို့ စစ်ရှောင်တွေ နေရပ်သို့ မပြန်ရဲသေးတာပါ ”ဟု RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယခုရက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်သွားပေမယ့် ရွာအတွင်းမှာ လက်နက်ကိုင် ရှိထားသည့် အတွက်ကြောင့် ဒေသခံများ အိမ်မပြန်သေးကြောင်း စစ်ရှောင်စခန်းမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

“စစ်ရှောင်တွေ မပြန်သေးဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောပြချက်အရတော့ ရွာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိသေးတယ်။ ရွာတိုင်းလိုလို စစ်သားတွေရှိရင် သူတို့မပြန်ရဲဘူး။ တဖွဲ့ရှိရင် တဖွဲ့က အချိန်မရွေးလာပစ်ဖို့ ဖြစ်နိုင်တယ်တဲ့ နှစ်ခါမပြေးချင်တော့ဘူး” ဟု ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်း ကြီးကြပ်သူ မိုင်းအဘမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျောက်မဲမြို့ပေါ်ရှိ စစ်ဘေးရှောင်စုစုပေါင်း (၁၀၇၀) ဦးရှိပြီး ၎င်းတို့သည် ဒီဇင်ဘာ (၂၅) ရက်မှ ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

အလားတူ နမ္မတူမြို့နယ်တွင်လည်း စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

“တချို့ရွာလည်း ပြန်ပြီ၊ တစ်ချို့ရွာလည်း မပြန်သေးဘူး။ တချို့ရွာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိနေသေးလို့ မပြန်ရဲကြဘူး။” နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဇန်နဝါရီ (၁၀)ရက်နေ့ထိ စာရင်းအရ နမ္မတူမြို့နယ်ရှိ မန်စံစစ်ရှောင်စခန်းမှာ စစ်ရှောင်စုစုပေါင်း (၂၆၈) ဦးရှိပြီး ယနေ့ (၇၄)ဦး ပြန်သွားမည်ဟု နန်းခမ်းအေး ကပြောသည်။

“နားဆိုင်းဘက်လည်း ပြန်သွား ပြန်လာတဲ့သူတွေရှိတယ်။ စာရင်းက မငြိမ်သေးဘူး။” ဟု နန်းခမ်းအေး ကပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ တိုက်ပွဲကြောင့် တော့ဆန်ကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသခံနေအိမ် (၆၀) နီးပါး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

RCSS/SSA နှင့် TNLA တို့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂၅)ရက်မှ စတင်ကာ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်နှင့် နမ္မတူမြို့နယ်တွင် စစ်ရှောင် (၃၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

Leave a Comments