Wednesday, January 28, 2026

“မူးယစ်ဆေးကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေး” လျော့သွားအောင်စွမ်းဆောင်မယ်ဆိုတဲ့ လားဟူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မအေးသီတာမြင့်

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် ဈေးကွက်စီးပွားရေးလည်းမရှိတာကြောင့် မူးယစ်ဆေးဝါး ကို မစိုက်ချင်ဘဲ စိုက်နေရတဲ့ တောင်ပေါ်ဒေသအတွက် မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်ကာ တရားဝင် မူးယစ်ဆေးဝါး ဆေးဖြတ်စခန်းတွေလည်း တည်ထောင်ချင်ကြောင်း လားဟူ အမျိုးသမီး မအေးသီတာမြင့် က ပြောပါတယ်။

မအေးသီတာမြင့်ဟာ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဌ ဖြစ်ပြီး၊ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သျှမ်းရှေ့ မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သူမ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အမျိုးသားတွေသာမကဘဲ အမျိုးသမီးတွေပါ မူးယစ်ဆေးဝါးသုံးစွဲ နေကြတာကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်ချင်ကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနစ်ကလည်း သူမဟာ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် LNDP ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။

လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်တဲ့ကာလဖြစ်တဲ့အတွက်လည်း သူမအနေနဲ့ မဲဆွယ်စည်းရုံးရေး ခက်ခဲမှုတွေ၊ ဖြစ်နေတယ်လို့ပြောဆိုလာပါတယ်။

ဒါ့ကြောင့် မအေးသီတာမြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အမျိုးသမီးတဦးရဲ့ နိုင်ငံရေး စိန်ခေါ်မှုနဲ့ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ နိုင်ငံရေး လောကထဲ ဝင်ရောက်လာရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါအုံး။

ဖြေ။ ။ နိုင်ငံရေးလောကထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လုပ်တာကတော့ ၂၀၁၀ ခုနစ် ၇လ ပိုင်းမှာ စတင်ဝင်လာတာပါ။ အဓိက အကြောင်းရင်းက ကျမတို့ ဆီမှာဆိုရင် အရင်တုန်းက တိုင်းရင်းသားလူမျိုးတွေ က အဖိနှိပ်ခံရတယ်။ ကျမတို့ လာဟူးတိုင်းရင်းသားတွေက တောင်ပေါ် ဒေသမှာ အနေများတယ်ဆိုတော့ စာတွေလည်း မတတ်ဘူး။ ပညာရေးရော အဖက်ဖက်မှာ နောက်ကျ ကျန်ခဲ့တယ်။ အမှုတခုခု ဖြစ်လာတယ်ဆိုရင်လည်း မှန်ရင်လည်း အရှုံး၊ မှားရင်လည်း အရှုံး အမြဲတမ်း ဖိနှိပ်ခံ နေရတယ်။ အရင်ကတော့ ကျမ တတ်နိုင်သလောက် တယောက်တည်း အားနဲ့ ကိုယ်လူမျိုးအရေးကိစ္စတွေကို ပါဝင်ပြီး ကူညီပေးခဲ့တယ်။

၂၀၁၀ ခုနှစ်မှာ ပါတီ မှတ်ပုံတင် ရှိလာတော့ တယောက်တည်း အားထက် အဖွဲ့အစည်း ထဲမှာဝင်ပြီးတော့ အများအားနဲ့ဆိုရင် ကိုယ့်ဒေသ ကိုယ်လူမျိုးတွေကို ပြောင်းလဲ တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လောကထဲကို ထဲထဲဝင်ဝင် ဝင်လာတာပါ။

မေး။ ။ နိုင်ငံရေး လောက ထဲမဝင်ခင်မှာရော မအေးသီတာမြင့် အနေနဲ့ ဘာတွေ လုပ်ဆောင်လဲ။

ဖြေ။ ။ နိုင်ငံရေးလောကထဲကို ကျမ မဝင်ခင်က သျှမ်း/ရှေ့မိုင်းပျဉ်းမှာနေတုန်း က တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လက်လှမ်းမီသလောက်လုပ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲလေ၂၀၁၀ တုန်း က အခွင့်မသာသေးဘူး။ ကျမ မြို့နယ် ကြက်ခြေနီ ပြန်ဆက် အရာရှိ လုပ်ခဲ့တယ်။ တပ်ခွဲမှူး လုပ်ခဲ့တယ်။ အရံသားဖွားတက်ပြီးတော့ ကျေးလက်ဒေသ တွေမှာ ICRC နဲ့လက်တွဲပြီး လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

မေး။ ။ လက်ရှိ သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ် မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အကြောင်းရင်း ပြောပြပေးပါအုံး။

ဖြေ။ ။ မိုင်းဆတ်မြို့နယ် မှာ ကျမတို့ လားဟူ လူဦးရေ က ၅သောင်းကျော်ရှိပါတယ်။ သျှမ်းပြည်အရှေ့ပိုင်းမှာဆိုရင် မိုင်းဆတ် နဲ့ မိုင်းပျဉ်းမြို့နယ် မှာ ကျမတို့ လားဟူလူမျိုးတွေ အများဆုံးရှိတဲ့နေရာပါ။ လက်ရှိ ကျမတို့ဗဟိုဌာနချုပ်က သျှမ်ပြည်မြောက်ပိုင်းလားရှိုးမှာ ရှိပါတယ်။ မကြာခင်မှာ ကျမတို့ ဗဟိုဌာနချုပ်ကို မိုင်းဆတ်ဘက်ကို ပြောင်းရွှေ့ဖို့ အတည်ပြုထားတဲ့အတွက် မိုင်းဆတ်ကို ဝင်ရောက်ယှဉ်ပြိုင်လိုက်တာ။

မေး။ ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကလည်း ကျင်းပလာတာ ဒီတခါပါရင် ၃ကြိမ်တိုင်ရှိပြီဆိုတော့ သျှမ်းရှေ့မှာ ဘာတွေ ပြောင်းလဲခဲ့ပြီလဲ။ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။

ဖြေ။ ။ အခက်အခဲကတော့ အဓိက ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် ကျမတို့ လူမျိုးထဲမှာ လက်နက်ကိုင် ခြိမ်းခြောက်မှုက အခုချိန်ထိ ဖိအားပေးမှုတွေ ရှိနေတုန်းပါပဲ။

မေး။ ။ သျှမ်း/ရှေ့ မှာ မူးယစ်ဆေးဝါး ပြဿနာကလည်း တော်တော်ဆိုးရွားနေတာကို မြင်တွေ့ရတယ်။ အဲ့ကိစ္စတွေရော ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တချို့ကတော့ မူးယစ်ဆေးဝါး ဖြတ်ပေးနေတာတွေရှိတယ်။ ကျမတကယ်လို့နိုင်ခဲ့မယ်ဆိုရင် တာဝန်ရှိသူတွေနဲ့ ထိထိရောက်ရောက်လုပ်ချင်တယ်။ အခုဆိုရင် လူငယ်တွေကစ အမျိုးသားတွေရော တချို့ အမျိုးသမီးတွေပါ မူးယစ်ဆေးဝါးသုံးစွဲနေတာ တွေ့ရပါတယ်။ အစကတော့ အမျိုးသားတွေ သုံးစွဲတယ်။ အမျိုးသမီးတွေက ဒဏ်မခံနိုင်လို့လိုက်သုံးတယ်။ အဲ့မှာ ကလေးတွေက မိဘမဲ့တွေဖြစ်လာတာများတယ်။

နောက်ပြီး မူးယစ်ဆေးဝါးဖြတ်တဲ့ စခန်းတွေ တရားဝင်နဲ့ သေသေချာချာလုပ်ထားတာမရှိဘူး။ ထိထိရောက်ရောက်လုပ်ထားတာမရှိဘူး။ အဲ့ဒါ ပြန်လည်ထူထောင်ရေး လုပ်ချင်တယ်။ ပြီးတော့ ကလေးတွေ ရဲ့ ပြန်လည် ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းတွေကို ကျမလုပ်ပေးချင်တယ်။

မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီးအဓိက အရေးကြီးတာတော့ ဘိန်းအစားထိုး စိုက်ပျိုးရေး အဲ့ဒါကလည်း အရေးကြီးနေတယ်။ စိုက်ပျိုးရေး လုပ်လိုက်တာနဲ့ သျှမ်းရှေ့မှာ ဈေးကွက်မရှိတာခက်တယ်။ တချို့ကဘိန်းတွေ မစိုက်ချင်တော့ဘူး။ တခြားအသီးအနှံတွေ စိုက်ပေမယ့် ဈေးကွက်မရှိဘူး။ အသက်မွေးဝမ်းကျောင်းမဖြစ်မနေ စိုက်ရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ တာဝန်ရှိသူတွေလည်း သိတဲ့သူရှိတယ် မသိတဲ့သူရှိမယ်။ ငွေရှိတဲ့သူက ရာဘာတွေစိုက်တယ်။ တကယ်ထွက်ချိန်ကျတော့ ဈေးတွေကျပြီး အလုပ်သမားခတောင်မရှိတဲ့အနေအထားမျိုးရောက်သွားတယ်။

စီးပွားရေးကလည်း အရေးကြီးတယ်။ ဘိန်းအစားထိုး ဈေးကွက် စီးပွားရေး သေချာ ဖော်ဆောင်ပေးနိုင်ဖို့ တည်ငြိမ်တဲ့ဈေးကွက်ကို ထိန်းထားနိုင်ဖို့က အရေးကြီးတယ်။

မေး။ ။ မူးယစ်ဆေးဝါး က သျှမ်းရှေ့ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ အရာဖြစ်တဲ့အတွက် မအေးသီတာမြင့်အနေနဲ့ မူးယစ်ဆေးဝါးကို ဘယ်လို လုပ်ဆောင်ဖို့စီစဉ်ထားပါသလဲ။

ဖြေ။ ။ အဲ့ဒါက ကိုယ်တယောက်တည်း လုပ်နိုင်တဲ့အရာတော့မဟုတ်ဘူး။ ဒါကြောင့် ကျမ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်လာရင် ဒါတွေကို ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်နိုင်အောင် တည်ဆောက်သွားမယ်။

မေး။ ။ အမျိုးသမီးအနေနဲ့ရွေးကောက်ပွဲ ဝင်ပြိုင် မဲဆွယ်တဲ့အခါ ဘာတွေ စိန်ခေါ်မှုရှိလဲ။ ဘာတွေခက်ခဲနေလဲ။

ဖြေ။ ။ အမျိုးသမီး တယောက်အနေနဲ့ အခုကျမ ကလေးမွေးပြီးထားတာမကြာသေးဘူး။ အခုကျမ အွန်လိုင်းပေါ်ကနေ မဲဆန္ဒနယ် (၁) နဲ့(၂) က မဲဆွယ်နေကြပြီ။ နောက် လမ်းပန်းက ခက်ခဲတယ်။ ငွေကြေးအခက်အခဲတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကဖြစ်တော့ တနေ့တနေ့သွားလာနေရတာ ခက်ခဲနေချိန် အရင်ကလို လွတ်လွတ်လပ်လပ်နဲ့ မစည်းရုံးနိုင်ဘူး။

ပြည်သူတွေကလည်း ကိုဗစ်-၁၉ ဖြစ်တာ ထိတ်လန့်နေတာဆိုတော့ ကျမတို့သွားတာနဲ့သူတို့ကြောက်တာနဲ့ အရင်က လို အဆင်ပြေပြေ နဲ့စည်းရုံးနိုင်တဲ့အနေအထားမရှိပါဘူး။

မေး။ ။ သျှမ်းရှေ့ က လမ်းပန်းလည်း ခက်ခဲမှုတွေဖြစ်နေတယ်။ အရာရာခက်ခဲနေတော့ မဲ မသမာမှု တွေ ဖြစ်လာမှာကိုရော မစိုးရိမ်ဘူးလား။

ဖြေ။ ။ မဲ မသမာမှုကိုတော့ မစိုးရိမ်တာမဟုတ်ဘူး။ အခုတောင် ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ တချို့ ပါတီကြီးတွေ က လဝက တွေကို မှတ်ပုံတင်တွေလုပ်ခိုင်းတယ်။ လူက မရှိဘဲ မှတ်ပုံတင်လုပ်ခိုင်းတာတွေ၊ ကြိုတင်မဲထည့်တဲ့ဟာတွေ ။ လူမရှိဘဲ ကြိုတင်မဲတွေ လုပ်တာတွေ ကျမတို့ ကြားနေရတယ်။ ဥပမာ လက်နက်ကိုင် တွေ တချို့တွေ ပြည်သူ့စစ်တွေပေါ အဓိက အရင် ပြည်သူ့စစ်မဟုတ်တဲ့သူတွေ ကို ပါတီထဲ စာရင်းသွင်းတယ်။ သူတို့နိုင်ရင် ဆေးတွေ အခမဲ့ ကုလို့ရမယ်ဆိုတာတွေ ဖိအားပေးတာတွေ ခြိမ်းခြောက်တာတွေ စာရင်းအတင်းသွင်းခိုင်းတာတွေရှိပါတယ်။

မေး။ ။ တိုင်းရင်းသားနယ်မြေမှာ တိုင်းရင်းသားကိုယ်စားပြုတဲ့ ပါတီ နိုင်ဖို့က ဘာကြောင့်အရေးကြီးလဲ။

ဖြေ။ ။ တိုင်းရင်းသားပါတီ တွေ ဘာကြောင့် နိုင်ဖို့ အရေးကြီးလဲဆိုတော့ အခု ကျမတို့ဖော်ဆောင်နေတာက ဖက်ဒရယ်။ ပင်လုံ ကတိကဝတ်ကို အခြေခံပြီးတော့ ဖက်ဒရယ်ကို တည်ဆောက်နေချိန်မှာ ကျမတို့တိုင်းရင်းသားပါတီတွေက ဖက်ဒရယ်ရဲ့ အခြေခံမူတွေ ဖက်ဒရယ်ကို ပုံဖော်တဲ့နေရာမှာ ကျမတို့တွေပါဝင်ဖို့က ပိုပြီးအရေးကြီးတယ်။

တိုင်းရင်းသားတွေ ခံစားခဲ့ရတဲ့ သောကတွေ ဒုက္ခတွေကို ဒီတိုင်းရင်းသားကိုယ်တိုင်ကလွှဲရင် တခြားသူဆိုတာ ခံစားဖို့က ခက်ခဲတယ်။

ကိုယ်စားပြုနိုင်ဖို့က ခက်ခဲတယ်။ အဲ့ဒါကြောင့် မလို့ ကိုယ့်ဒေသအတွက် ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက် က ကိုယ်ကိုယ်တိုင် ကိုယ်စားပြုနိုင်ဖို့ က အရေးကြီးတယ်။ ဒီဖက်ဒရယ်ကိုပုံဖော်တဲ့နေရာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တာပဲဖြစ်ဖြစ် တခြားသူတွေ လာပြီးကိုယ်စားပြုပြီးတော့ပြင်ဆင် တယ်ဆိုရင် ကျမတို့ ခံစားနေတဲ့ ဒုက္ခတွေ သောကတွေကို သူတို့ မခံစားခဲ့ရဘူးလေ။

ပြီးပြည့်စုံတဲ့ ဥပဒေ တခုဖြစ်လာမှာ မဟုတ်ဘူးလို့ ကျမမြင်တယ်။ ပြီးခဲ့တဲ့ ၄၊ ၅နှစ် ၁၀နှစ် သက်တမ်းမှာလည်း ဥပဒေပြင်ဆင်တာ ဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေပါမလာဘူး။ ကျမတို့အတွက် အာမခံချက်ကိုယ်ပိုင်ပြဌာန်းချက် တန်းတူ အရေးရဖို့ဆိုတာက ကျမတို့တိုင်းရင်းသားကိုယ်စားလှယ်တွေပါဝင်ရေးဆွဲမှ ပြီးပြည့်စုံတဲ့ ဥပဒေ တခု အပြောင်းအလဲတခုဖြစ်လာမယ် လို့ ကျမယုံကြည်တယ်။ ကိုယ့်တိုင်းရင်းသား တွေမပါဘူးဆိုရင် တိုင်းရင်သားတွေကိုယ်စားပြုပေးမယ့်သူက မရှိဘူး။

မေး။ ။ ကိုယ်တိုင်က လည်း မိခင်တဦးဖြစ်တယ်။ နောက် ခေတ်အဆက်ဆက်မှာ အမျိုးသမီးက လွှတ်တော်မှာ သိပ်မရှိဘူး။ အခု ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှုကများလာတယ်။ မိခင်တွေ လွှတ်တော်ရောက်လာရင် ဘာတွေ က ပိုလုပ်နိုင်မလဲ။

ဖြေ။ ။ မိခင်တွေ လွှတ်တော်ထဲရောက်လာရင်- အမျိုးသမီးတယောက်အမြင်နဲ့ အမျိုးသား တယောက်အမြင်က မတူဘူးလေ။ အမျိုးသားတွေက စစ်တခုဖြစ်ရင် စစ်တိုက်ဖို့ပဲ ဦးတည်တယ်။ အမျိုးသမီးတွေကျတော့ ဘယ်လို ငြိမ်းချမ်းအောင် ဆောင်ရွက် ရမလဲဆိုတာပေါ့။ စေ့စပ်ညှိနှိုင်းတာပဲဖြစ်ဖြစ် မိခင်တွေက မိခင်တွေရဲ့ မေတ္တာအပြည့်အဝရှိတယ်။

အမျိုးသမီးတွေ ပါဝင်လာတယ်ဆိုရင် နိုင်ငံမှာ ငြိမ်းချမ်းရေးဘက်ရော ဒေသဘက်မှာရောပိုပြီး အသေးစိတ်လုပ်နိုင်တယ်။ အမျိုးသားတွေ က ငွေကြေးရှာတာကလွှဲရင် အိမ်မှု ကိစ္စ အသေးစိတ်က အမျိုးသမီးတွေက ပိုသိတယ်။ ဒါ့ကြောင့် လွှတ်တော်မှာ အမျိုးသမီးတွေ ပိုပါလာရင် ကောင်းဖို့ပဲရှိပါတယ်။

လွှတ်တော်ထဲရောက်ရင် အမျိုးသမီးတွေ အတွက် ကာကွယ်ပေးတဲ့ ဥပဒေ တွေ ဒီထက်ပိုကောင်းမွန်တဲ့ဥပဒေတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်သွားမယ်လို့ကျမအနေနဲ့ မျှော်မှန်းထားပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲ။

ဖြေ။ ။ မဲဆန္ဒရှင်တွေအတွက်ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်သွားနေတဲ့ အချိန်မှာ များသောအားဖြင့် က ကိုဗစ်-၁၉ ကြောင့် စိုးရိမ်ကြောင့်ကြမှုတွေဖြစ်နေတယ်။ မဲပေးသူဦးရေ လျော့သွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကိုယ့်နိုင်ငံကိုယ့်ဒေသ အပြောင်းအလဲ အတွက်က အရေးကြီးတဲ့ အနေအထားတခုဖြစ်တဲ့အတွက် အားလုံးမဲပေးနိုင်ဖို့ ကြိုးစားပြီးတော့ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသား တန်းတူရေးအတွက် စဉ်းစားပြီးတော့ တိုင်းရင်းသားပါတီကို ဦးစားပေးမဲထည့်ပေးဖို့ ကျမ အနေနဲ့ မျှော်လင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ကိုယ့် တိုင်းရင်းသား ကိုယ်စားပြုသူကလွှဲပြီး ကျန်တဲ့ တခြားသော ပါတီကြီးတွေက အနိုင်ရလာရင် ကိုယ့်လူမျိုးကိုယ်စားပြုပြီးပြောနိုင်ဖို့ အတွက် ခက်ခဲတဲ့အနေအထားတခုဖြစ်တယ်။ အဲ့ကြောင့်မလို့တိုင်းရင်းသား လူမျိုးတွေ ကိုယ့်လူမျိုးတွေ စည်းရုံးကြဖို့ ကျမအနေနဲ့ပြောချင်တယ်။ ပြီးတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် သေသေချာချာ ဘယ်ပါတီကို မဲ ပေးရမလဲဆိုတာ ရွေးချယ်စဉ်းစားဖို့လိုအပ်မယ်လို့ ကျမထင်ပါတယ်။ ကိုဗစ်-၁၉ ကာလ စိုးရိမ်နေကြချိန်မှာ အားလုံး ကျမ တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံး ကိုဗစ်-၁၉ ဘေးကနေပြီးတော့ ကင်းဝေးပါစေ။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါစေ။

ဟုတ်ကဲ့ -စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် LNDP လွှတ်တော်ကိုယ်စားလှယ်လောင်း မအေးသီတာမြင့်ကို ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...