Tuesday, January 27, 2026

၂၁ ရာစုမှာ အမျိုးသမီးတွေအတွက်လမ်းဖွင့်ပေးထားပြီ .. ရှေ့ထွက်ခဲ့ကြပါ

နိုင်ငံရေး လောကမှာ တက်သစ်စ လူငယ် အမျိုးသမီး တဦးဖြစ်ပြီး စိုက်ပျိုးရေး ဆိုင်ရာမူဝါဒတွေ၊ အမျိုးသမီး တွေလိုအပ်နေတဲ့ ဥပဒေ မူဝါဒတွေပိုပြီး ခိုင်မာလာအောင် ချမှတ်ဖို့၊ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ချမှတ်ဖို့ အတွက် ဦးစားလုပ်ဆောင်ချင်တယ်ဆိုတဲ့ နန်းယမင်း ဟာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ် မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ရဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတဦးဖြစ်ပါ တယ်။

သူမဟာ ၂၀၁၆ ခုနှစ်ကမှ မြို့ ပြအင်ဂျင်နီယာ ဘွဲ့ ရရှိထားသူပါ။ မျိုးှဆက်သစ် သျှမ်းလူငယ်တယောက်အနေနဲ့ နိုင်ငံရေးလောကထဲ ဝင်လာအောင် ဘာက အဓိက တွန်းအားဖြစ်စေပါသလဲ။ သူမရဲ့ အမျိုးသားရေးအတွက် အကြီးမားဆုံးရည်မှန်းချက်က ဘာဖြစ်မလဲ ဆိုတာကိုသျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က တွေ့ဆုံမေးမြန်းထားပါတယ်။

Nang Ya Min/ Facebook

မေး – နန်းယမင်း အနေနဲ့ ဘယ်လိုအနေအထားကနေ နိုင်ငံရေး လောက ဝင်ရောက်လာပါသလဲ။ ဘာကြောင့် နိုင်ငံရေး အလုပ် လာလုပ်ရပါသလဲရှင့်။

ဖြေ – ကျမ က အရင်ကဆို ဒီလို လူမှုရေး လုပ်ငန်းတွေပဲ လုပ်ခဲ့တယ်။ အဲ့ဒါတွေက ဘာတွေလည်းဆိုတော့ သစ်ပင်စိုက်တာတို့ မိဘမဲ့ ကလေးတွေကို တစ်ကိုယ်ရည် သန့်ရှင်းနဲ့ ပတ်သက်ပြီး ပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့တာမျိုး နောက်ပြီးတော့ ပလပ်စတစ် လျော့ချတာမျိုး ကျမတို့ Campaign လုပ်တာမျိုး ကျမ လုပ်ခဲ့တယ်။

နောက်ပြီး ရေဘေး ကယ်ဆယ်ရေး နဲ့ ပတ်သက်ပြီးတော့မှ အလှူဒါန လုပ်ဖို့အတွက် အုပ်စုလိုက် သီချင်းတွေဆိုပြီး အလှူငွေ ကောက်ခံတာမျိုး ကျမ လုပ်ခဲ့တယ်။

အဲ့ဒါတွေ လုပ်ပြီးမှ ကျမက ဒီနိုင်ငံရေးထဲကို တိတိကျကျ ရောက်လာတာက ၂၀၁၇ မှ SNLD ပါတီကို ကျမ ဝင်ရောက်ခဲ့တယ်။

ဘာလို့ ဝင်ရောက်လာတဲ့လဲလို့ မေးရင် ကျမ က ဒီ ( SSSNY) ဆိုတဲ့ ကျောင်းကို တက်ပြီးတဲ့နောက်မှာ နိုင်ငံရေး အသိအမြင် ပိုပြီး ပွင့်လင်းလာခဲ့တယ်။

ပိုပြီး သိလာတာက ကျမတို့ မြန်မာနိုင်ငံမှာ ဘာတွေက မတူညီကွဲပြားမှုက အများကြီး ရှိနေတာလဲ။ ဘယ်သူတွေက အများကြီး နှိပ်စက်ခံနေရလဲ။ အဖိနှိပ် ချုပ်ခြယ်ခံနေရလဲ ဒါမျိုးတွေပေါ့နော်။ နောက်ပြီးတော့ တိုင်းရင်းသား လူနည်းစုတွေက ဘာကြောင့်မို့ တစ်ခြားသော လူမျိုးနဲ့ မတူဘဲ နဲ့ ကြီးပွားတိုးတက်မှုတွေ ဘာလို့ နှောင့်နှေးနေရတာလဲ ဆိုတာမျိုး ကျမ မြင်လာတယ်။

အဓိကကတော့ ကျမ ဒီကျောင်းကို တက်ခဲ့တဲ့ အကြောင်းကြောင့် ဒီကျောင်းမှာ သင်ယူခဲ့ရတဲ့ ပညာရပ်က အဓိက Human Right တို့ နောက်ပြီးတော့မှ Social Justic Program ဖြစ်တဲ့အတွက်ကြောင့်မလို့ Burma History လိုမျိုး ကျမ သင်ခဲ့ရတယ်။

အဲ့ဒါတွေကို သင်ပြီး သမိုင်းကို လေ့လာဖြစ်တဲ့အချိန်မှာ ကျမတို့ တစ်ချို့လူနည်းစုတွေရဲ့ သမိုင်းပျောက်ပျက်နေတာမျိုး ကျမတို့ တွေ့ခဲ့ရတယ်။ ကျမတို့ လူမျိုးအရေးကိုလည်း လုပ်ချင်တာလည်း ပါတယ်။ နောက်ပြီးတော့မှ လိုအပ်ချက်ပေါ့နော် လိုအပ်ချက် တစ်ခုဖြည့်စွမ်းချင်တဲ့အတွက်ကြောင့်မလို့ ပါဝင် လာခြင်း ဖြစ်ပါတယ်။

Nang Ya Min / Facebook

မေး – အမျိုးသမီး တစ်ယောက် အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ပြိုင်ခဲ့ရပါသလဲ။

ဖြေ – ကျမ ကိုယ်တိုင်က လူငယ် တစ်ဦး ဖြစ်တယ်။ နောက်ပြီးတော့မှ အမျိုးသမီး တစ်ဦးလည်းဖြစ်တယ်။ ဘာပဲပြောပြော အမျိုးသမီးတွေက နိုင်ငံရေးမှာ တအားနည်းတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာပဲ ဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲမှာပဲ ဖြစ်ဖြစ် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည် ဆိုသော်ညားလည်း ကျမတို့ အမျိုးသမီးတွေက ၃၀ ရာခိုင်နှုန်း မပြည့်မှီဘူး။

အဲ့ခါကျတော့ မြန်မာနိုင်ငံ လူဦးရေ ကြည့်မယ်ဆိုရင် အနည်းဆုံးက တစ်ဝက် ကျော်ကျော် က အမျိုးသမီး လူဦးရေ ဖြစ်ပါတယ်။

ဒီ တစ်ဝက်ကျော်ကျော် အမျိုးသမီး လူဦးရေကို ၁၃ ရာခိုင်နှုန်း ကျော်သော် အမျိုးသမီးတွေက ကိုယ်စားပြုနေတာ တစ်ကယ်တော့ မဖြစ်သင့်ဘူး။

ဒါက လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဒါက မြင်ပါတယ်။ အဲ့ကြောင့် ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် ကျမ ဝင်ရောက်လာရခြင်း ဖြစ်ပါတယ်။

Nang Ya Min/ facebook

မေး – အမ ယှဉ်ပြိုင်မယ့် တောင်ကြီးမြို့နယ် မှာဆိုရင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်တဲ့ နေရာဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်တဲ့ နေရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်နိုင်လဲ။ ဘယ်လို အခက်ခဲတွေ ဖြစ်နိုင်မလဲရှင့်။

ဖြေ – ကျမ ပြိုင်မယ့် မဲဆန္ဒနယ် အမှတ်(၁) မှာ အများဆုံးကတော့ ဗမာလူမျိုးတွေ ဖြစ်တယ်။ တိုင်းရင်းသားထဲမှာဆိုရင် ပအိုဝ်းလူမျိုးများမယ်။ နောက်ပြီးရင် ကျမတို့ သျှမ်း၊ ဓနု၊ အင်း
ဒါမျိုးတွေ ကျမတို့ နေထိုင်တာ အများဆုံး တွေ့ရပါတယ်။

အဲ့ဒီကြောင့် ကျမတို့ လူမျိုးပေါင်းစုံ နေထိုင်တာဖြစ်တယ်။ ကျမ ပါတီမူဝါဒ အရ မတူညီကွဲပြားမှုကို ကြိုဆိုလက်ခံတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့အတွက် မူဝါဒ အခြေခံထားရခြင်း ဖြစ်တယ်။ အဲ့တွက်ကြောင့်မို့ ဒီလို လူမျိုးအများကြီးရှိတဲ့ နေရာမှာ ယှဉ်ပြိုင်ရတဲ့အတွက် ကိုယ့်ကိုလည်း ဂုဏ်ယူတယ်။ လူမျိုးအများကြီးအတွက် ကို ကိုယ်စားပြု ပေးခွင့်ရမယ်ဆိုရင်လည်း ဂုဏ်ယူဝမ်းသာမှာပေါ့နော်။ အဲ့ကြောင့် ကျမ ဒီလို နေရာမှာ ဝင်ပြိုင်ရတဲ့အတွက် အခက်ခဲကတော့ ရှိတယ်။ ဘာတွေရှိလည်း ဆိုတော့ ကျမ တို့ပါတီကို တစ်ချို့က မြင်လိမ့်မယ်။

ကျမတို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ကျမတို့ သျှမ်းလူမျိုး တစ်ခုတည်းကိုပဲ အခြေခံထားတယ်လို့ မြင်လိမ့်မယ်။ ဒါမယ့် ကျမတို့ ၂၀၁၉ ပါတီ ညီလာခံမှာ မူဝါဒ အသစ် ပြန်လည်ချမှတ်ခဲ့တယ်။ အဲ့ဒါဘာလဲဆိုတော့ ကျမတို့ ပါတီက ပြည်နယ် ပေါ်မှာ အခြေခံတဲ့ မူဝါဒ ဖြစ်သွားပြီ။ သျှမ်းပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသား အားလုံး ရဲ့ အကျိုး ကို သယ်ပိုးမယ့် ပါတီ တစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့မှ ၂၀၁၉ ပါတီ ညီလာခံမှာပဲ အမျိုးသမီး နဲ့ လူငယ်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါတီရဲ့ ကဏ္ဍအသီးသီး ဆုံးဖြတ်ချက် ချနိုင်မယ့် နေရာတွေမှာ ပါဝင်လာဖို့ ကျမတို့ မူဝါဒ ချမှတ်ထားတာ ရှိပါတယ်။ ကျမတို့ ပါတီရဲ့ မူဝါဒအတိုင်းပဲ ကျမတို့ ဒီတိုင်းရင်းသားတွေ အများကြီး ရှိနေတဲ့အတွက်ကြောင့်မလို့ တခြားတိုင်းရင်းသား လူမျိုး တွေက သျှမ်းတိုင်းရင်းသားတွေကိုပဲ ကိုယ်စားပြုတယ် ဆိုပြီးတော့မှ အမြင်မမှားစေချင်ဘူး။ ကျမတို့ ပါတီက လူမျိုးအများကြီးကို ကိုယ်စားပြုတယ်။ သျှမ်းပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတာပါ လို့ ပြောချင်ပါတယ်ရှင့်။

မေး – အမတ်လောင်း အနေနဲ့ သျှမ်းပြည်တွင်းရှိ အဓိက ပြဿနာကို ဘယ်လိုဖြေရှင်းချင်ပါသလဲရှင့်။
တကယ်လို့ ရွေးကောက်ပွဲမှာ အမ အနေနဲ့ အနိုင်ရမယ်ဆိုရင် လွှတ်တော်တွင်း ဘယ်လို ဆောင်ရွက်သွားမလဲ။

ဖြေ – လွှတ်တော်အမတ်တွေဟာ ဥပဒေ ပြုရေး မဏ္ဍိုင်ကို ရောက်ရှိနေတာပါ။ အဲ့ဒီအတွက်ကြောင့်မလို့ ဥပဒေတွေ ပြုပြင်ပေးရမယ်။ မမှန်ကန်တဲ့ ဥပဒေတွေ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေ ဆိုရင် ကျမတို့ ဖျက်သိမ်းရမယ်။ ဒါမှမဟုတ် အသစ်လိုအပ်တဲ့ ဥပဒေတွေကို ပြန်ပြီး ရေးဆွဲပေးရတာမျိုး ရှိမယ်။ အဲ့လိုမျိုးကို ကျမတို့ အဓိက လုပ်ရမယ်။ အဲ့ကြောင့်မလို့ ကျမတို့ အမျိုးသမီး တို့ လိုအပ်တဲ့ ဥပဒေတွေ မူဝါဒတွေ ပိုပြီးခိုင်မာလာအောင် ကျမတို့ ချမှတ်ဖို့ ရှိတယ်။ လူငယ်နဲ့ ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ချမှတ်ဖို့ ရှိမယ်။ သျှမ်းပြည်မှာဆိုရင် စိုက်ပျိုးရေးက အင်မတန် အရေးကြီးတယ်။ အဲ့တွက်ကြောင့်မလို့ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ မူဝါဒတွေ ပိုပြီးတော့ ခိုင်ခိုင်မာမာ ဖြစ်အောင် လယ်သမားတွေအတွက် ဒီကုန်သွယ် စီးဆင်းတဲ့အပိုင်းပဲ ဖြစ်ဖြစ် ပိုပြီးခိုင်မာလာအောင် ရေးဆွဲသွားဖို့ ရှိပါတယ်ရှင့်။

ဥပဒေပြု မဏ္ဍိုင်မှာရှိတဲ့ အဓိက အလုပ်က ၃ ခုရှိပါတယ်။ အဲ့ဒါက အပြန်အလှန်ထိန်းကျောင်းရေး အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ရှိတဲ့ လူတွေနဲ့ တရားစီရင်ရေး မဏ္ဍိုင်မှာ ရှိတဲ့လူတွေကို ကျမတို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ ထိမ်းကျောင်းပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုယ်စားပြုရေး ဖြစ်ပါတယ်။ အဲ့ဒါက ကျမတို့ ကိုယ်စားပြုထားတဲ့ တောင်ကြီးမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ အသံတွေ ပြည်သူတွေရဲ့ သဘောထားတွေ ဆန္ဒတွေ ကျမတို့က ပြည်နယ် လွှတ်တော်မှာ တင်ပြပေးပြီးတော့မှ ကျမတို့က သူတို့ရဲ့ အသံကို ဖော်ထုတ်ပေးခြင်းအားဖြင့် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်ရှင့်။

မေး – လွှတ်တော်ထဲဝင်ရင် ဘယ်အရာကို အဓိက ဦးစားပေး ပြုပြင်ချင်ပါသလဲ၊

ဖြေ – အဓိက အချက်ဆိုရင် တောင်ကြီးမြို့နယ်မှာ ရေကြီးတယ်။ ရေကြီးတဲ့ ပြဿနာကို အဓိက ဖြေရှင်း သွားချင်တယ်။ ကျမ ကိုယ်တိုင်ကလည်း မြို့ပြ အင်ဂျင်နီယာ တစ်ဦးဖြစ်တယ်။ ဒီမြို့ပြ နဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေ လိုအပ်ချက်တွေ ကျမ ထဲထဲဝင်ဝင် နားလည်တယ်။ သဘောပေါက်တယ်။ နောက်ပြီးတော့မှ ကျမ မသိကျွမ်းတဲ့ဟာမျိုးကို ကျမ သိကျွမ်းတဲ့ နားလည်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျမ အဲ့ဒါတွေကို အရင်ဆုံး လုပ်သွားပါမယ်ရှင့်။

မေး။` ။ ခေတ်အဆက်ဆက်လွှတ်တော် ကြည့်မယ်ဆိုရင် အမျိုးသမီး အရေး လုပ်ဆောင်မှုတွေ အားနည်းတာ တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော်မှာ အမျိုးသမီးတွေ ပါဝင်လာဖို့ ဘာတွေ အားသာနိုင်မလဲရှင့်။

ဖြေ – ကျမတို့က ရာစုနှစ် အဆက်ဆက် အမျိုးသားတွေရဲ့ အုပ်စုမှု စနစ်အောက်မှာ အမျိုးသမီးတွေက နေထိုင်ခဲ့ရတယ်။ အဲ့တွက်ကြောင့် ကျမတို့ ဘာတွေ ကြီးပွားလာခဲ့လဲ အဲ့ကြောင့် ကျမတို့ တခြားနိုင်ငံနဲ့ ယှဉ်ရင် တိုးတက်မှုက နောက်ကျနေတုန်းပဲ။ သာဓက အနေနဲ့ လက်ရှိတွေ့နိုင်တဲ့ ဒီကိုဗစ်-၁၉ ကပ်ရောဂါ ကာလမှာ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေက အမျိုုးသား ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေထက် ကပ်ရောဂါကို ထိန်းချုပ်နိုင်တာ ပိုမိုမြင့်မားတာ တွေ့ရတယ်။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အုပ်ချုပ်မှု စွမ်းရည်တွေ နည်းပါး တာ မဟုတ်ဘူး ပိုပြီး မြင့်မားတယ်ဆိုတာ ကျမတို့ တွေ့မြင်နိုင်တယ်။ ဒါက သာဓက ဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်တဲ့ သက်သေပဲ ဖြစ်ပါတယ်။ အဲ့တွက်ကြောင့်မို့ အမျိုးသမီးတွေ နိုင်ငံရေးထဲ ပါဝင်လာခြင်းအားဖြင့် ကျမတို့ ဒီနိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်လောက်က အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ထက်ဝက်ကျော်သော လူဦးရေ အလုပ်လုပ်နေတာက ကျမတို့ နိုင်ငံရဲ့ တိုးတက်နှုန်း တိုးပွားနှုန်းက ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ မြင်ပါတယ်ရှင့်။

မေး – တခြားတိုင်းရင်းသားပါတီမှာလည်း အမျိုးသမီးတွေ များများ ပါဝင်လာအောင် ဘယ်လို တိုက်တွန်းချင်ပါသလဲရှင့်။

ဖြေ – ကျမတို့ ၂၁ ရာစုမှာဆိုလို့ရှိရင် အမျိုးသမီးတွေကို လမ်းတွေ ဖွင့်ပေးထားကြပြီ။ အဲ့ကြောင့်မလို့ အမျိုးသမီးတွေ အနေနဲ့ ရှေ့ကို ထွက်လာဖို့ မကြောက်ကြပါနဲ့တော့ ကျမတို့ ရှေ့ကို ထွက်ဖို့ အချိန်ရောက်ပြီ။ နောက်ကနေပြီးတော့မှ အားပေးကူညီတာတွေကို ခဏ ရပ်တန့်ပေးပြီးတော့မှ ကျမတို့ ရှေ့ကို ထွက်လာခြင်းအားဖြင့် နောင်လာမယ့် မျိုးဆက်သစ်တွေ လက်တွဲပိုပြီး ခေါ်နိုင်မယ်။ ပိုမို ကြီးပွား တိုးတက် ကောင်းမွန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ကို မြင်တွေ့ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်ရှင့်။

စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်ကနေ ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...