တောင်ကြီးမြို့ ရဲဘော်ဈေး ပိတ်ပါက ဈေးသည်များ အခက်ကြုံနိုင်

0

စိုင်းဆိုင်လှိုင်း

သျှမ်းပြည်နယ်တောင်းပိုင် တောင်ကြီးမြို့တွင် ရဲဘော်ဈေး (၂၁၂ ဈေး) ကိုဈေးရောင်းချခွင့်ပိတ်လိုက်ရန် သက်ဆိုင်ရာ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

စိုင်းဆိုင်လှိုင်း /SHAN

ထို ရဲဘော်ဈေးကို ပိတ်သိမ်းရန် သြဂုတ်လ ၁၉ ရက်တကြိမ်၊ သြဂုတ်လ ၂၄ ရက်တွင်တကြိမ် အမှတ် (၃) ဆက်သွယ်ရေး အလုပ်ရုံတပ်မှူး ဗိုလ်မှူးကျော်ထွန်းက နှုတ်မိန့်ဖြင့် ညွှန်ကြားလာကြောင်း ဈေးသူ၊ဈေးသားများက ပြောသည်။

ရဲဘော်ဈေးသည် တောင်းကြီးမြို့ ကျောက်ကြီးစုရပ်ကွက် အနောက်မြို့ပတ်လမ်းတွင် တည်ရှိသည်။

ထို့ကြောင့် ရဲဘော်ဈေး ပိတ်သိမ်းလိုက်ပါက ဈေးသည်များ အခက်အခဲများစွာ ရင်ဆိုင်ရနိုင်ပြီး၊ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် စားဝတ်နေရေးပါ ခက်ခဲဖြစ်လာမည်ဟု ရဲဘော်ဈေးတွင် ဈေးရောင်းနေသည့် ဒေါ်နုနုခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဈေးကို ပိတ်လိုက်ရင် ကျမတို့ မိသားစုအကုန်လုံး ဒုက္ခရောက်ရတော့မယ်။ အခုဆို ကိုဗစ်ကာလ လည်းဖြစ်တယ်၊ ဈေးလည်းရောင်းပါးနေတယ်။ အမတို့တခြား စီးပွားရေးပြောင်းလုပ်ဖို့ ကလည်း အရင်အနှီးမရှိဘူး” ဟု ဒေါ်နုနုခေး က ပြောသည်။

ထိုရဲဘော်ဈေး မြေသည် နိုင်ငံအတွက် အသုံးမပြုသေးပါက ဈေးသည်များအားလုံးကို ငဲ့ညှာသော်အားဖြင့် ဈေးဆက်ဖွင့်ခွင့်ပေး စေချင်ကြောင်း ဒေါ်နုနုခေး က ပြောသည်။

“ဈေးပိတ်မယ်လို့ ကြားရတာစိတ်မကောင်းဘူး။ ကိုယ့်မိသားစုကလည်း စားဝတ်နေရေးအတွက် ဈေးရောင်းရငွေနဲ့ စားရတာ။ ဒီဈေးကို ပိတ်လိုက်မယ်ဆိုရင် အဒေါ်တို့က ဒုက္ခတွေရောက်မှာပေါ့” ၎င်း ဈေးတွင်း ၁၀နှစ်ကျော် ကုန်စိမ်းရောင်းလာသည့် ဒေါ်ညွန့်သီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထိုရဲဘော်ဈေးအတွင်းရှိ ဆိုင်ခန်းတချို့မှာ ဆိုင်ရှင်ကိုယ်တိုင် ဖွင့်လှစ်ရောင်းချနေပြီး၊ တချို့ ဈေးသည်များမှာ ဆိုင်ခန်းငှားရမ်းပြီး ဈေးရောင်းချနေရကြောင်း သိရသည်။

ဆိုင်ခန်း ငှားရမ်းပြီး အထည်ဆိုင်ဖွင့်ထားသည့် ဦးသိန်းထွန်းက “ ဒီဈေးကိုပိတ်လိုက်ပြီးဆိုရင် နေရာအသစ်ပြန်ရှာဖို့က အခက်ခဲရှိနေတယ်။ တကယ်ပိတ်လိုက်မယ်ဆိုရင် စားဝတ်နေရေးတွက် တော်တော်ခက်ခဲသွားမှာ။ ကိုဗစ်ကာလနဲတောင်းမှ ရောင်းဝယ်က အဆင်မပြေဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ရဲဘော်ဈေးအတွင်းရှိ ဆိုင်ခန်းခ များမှာ တလလျှင် ကျပ်ငွေ တသိန်းခွဲ ပေးဆောင်ရကြောင်း ဦးသိန်းထွန်း က ပြောပြသည်။

ထိုဈေးအတွင်းရောင်းချနေသူများသည့် တခြားမြို့ မှ လာပြီး စီးပွားရေး ရှာဖွေကြသူများ၊ ဈေးရောင်းချသူများဖြစ်သည်။

ရဲဘော်ဈေး (၂၁၂ ဈေး) ကို ၁၉၉၈ခုနှစ်က အခွန်လွတ်ဈေး အဖြစ်စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

“ ကျမတို့ အိမ်က ရဲဘော်ဈေးနဲ့ နီးတော့ အဆင်ပြေတယ်။ မြို့ ထဲသွားရမှာ ခက်တော့ ဒီဈေးကိုပဲ အားကိုးနေရတာ။ ဒီဈေးပြောင်းရင်တော့ ဈေးဝယ်တဲ့သူအတွက်လည်း အဆင်မပြေဘူး” ဟု ရဲဘော်ဈေး အနီးတွင် နေထိုင်သည့် အမျိုးသမီး တဦးက ပြောသည်။

ရဲဘော်ဈေးတွင် ဆိုင်ခန်းကြီး ၅၂ ခန်း၊ ပျံကျဈေးဆိုင်ခန်း ၁၀၀ကျော် ခန့်ရှိနေကြောင်းသိရသည်။

Leave a Comments

SHARE