Thursday, May 2, 2024

သျှမ်းရှေ့ တွင် ဆုံဆို့နာရောဂါ ကြောင့် သေဆုံးသူ ၃ဦးရှိလာ

Must read

သျှမ်းပြည်အရှေ့ပိုင်းတွင် ကလေးငယ်များ ဆုံဆို့နာ ရောဂါ ဖြစ်ပွားပြီး သေဆုံးသူ (၃) ဦးရှိကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။

ဆုံဆို့နာ ရောဂါသည် အသက်ရှူလမ်းကြောင်းကျဉ်းပြီး ကူးစက်နိုင်သည့် ရောဂါဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်ကြောင်း သိရသည်။

ဇူလိုင်လကုန်မှ စပြီး ယနေ့ထိ ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ (၂၁) ဦးရှိပြီး သေဆုံးသူ (၃) ဦး၊ ဆေးရုံမှဆင်းခွင့် ရသူ (၁) ဦး နှင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူ (၁၇) ဦး ကျန်ရှိကြောင်း ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ လှဌေးမင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆုံဆို့နာ ရောဂါက ၁၈ နှစ်အောက်တွေ အဖြစ်များတယ်။ ဆယ်ကျော်သက် ဝန်းကျင်ပေါ့နော်။ လည်ချောင်းနာမယ်။ အာသီးရောင်၊ အသက်ရှုလမ်းကြောင်း ကျဉ်းသွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ဒေါက်တာ လှဌေးမင်း ကဆိုသည်။

အဆိုပါ ဆုံဆို့နာ ရောဂါလက္ခာသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း နှင့် အသက်ရှုလမ်းကြောင်း တစ်ဖြေးဖြေး ကျဉ်းသွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အထိ ဖြစ်လာနိုင်ကြောင်း ဒေါက်တာလှဌေးမင်း ကပြောသည်။

“အဓိက ကတော့ ကလေးတွေ ပုံမှန်ကာကွယ်ဆေး ထိုးတဲ့ချိန်မှာ ကာကွယ်ဆေး ပုံမှန်မထိုးမိတဲ့ ကလေးတွေ ဖြစ်ဖို့များတယ်။ သူလည်း ကူးစက်ရောဂါ တစ်မျိုးပါပဲ။ ဒီရောဂါ ဖြစ်တဲ့ကလေးကနေ တခြားသူတွေကို ကူးစက်နိုင်တယ်” ဟု ဒေါက်တာလှဌေးမင်း က ထပ်လောင်းပြောသည်။

ကျိုင်းတုံဆေးရုံတွင် ဆေးကုသနေသည့် ဆုံဆို့နာရောဂါဖြစ်ပွားသူများမှာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်၊ မိုင်းဆတ်မြို့နယ် တွင်နေထိုင်သူများဖြစ်သည်။

“အဲ့ဒါကို ဖြစ်စေတဲ့ ဘတ်တီးရီယားပိုး ကြောင့်ဖြစ်တာပါ။ အမှန်တကယ်ကတော့ လသားအရွယ်မှာ ကာကွယ်ဆေးထိုးရတယ်။ တချို့တွေကတော့ မထိုးဖြစ်တာလား တချို့ကျတော့ ပြီးအောင်မထိုးတာလားပေါ့။ ဒီရောဂါက အသက်အန္တရာယ်ရှိတယ်” ကျိုင်းတုံ ဒေသခံ တဦးလည်းဖြစ် ဒေါက်တာ မာလာဝမ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆုံဆို့နာ ကာကွယ်ဆေးကို ကလေးအရွယ်တွင်ထိုးရကြောင်း၊ များသောအားဖြင့် ကျေးလက်ဒေသနှင့် မဖွံ့ဖြိုးသည့်ဒေသတွင်နေထိုင်သည့် သူများသည် ကာကွယ်ဆေး ထိုးခြင်းနှင့် ပတ်သက်ပြီး အသိပညာနည်းပါးကြောင်းလည်း ကျိုင်းတုံး ဒေသခံ များက ပြောသည်။

“အစိုးရတွေ ရပ်ကွက်ထဲ ကာကွယ်ဆေး လိုက်ထိုးပေးတာတော့ တွေ့ရတယ်။ ကျမတို့ ဆီတော့ မရောက်လာသေးဘူး။ကလေးငယ် ရှိထားတော့ ကျမတို့လည်း စိတ်ပူရတယ်” ဟု တာချီလိတ်ဒေသခံ နန်းပင်းတစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ ဆုံဆို့နာရောဂါ သည် ပြီးခဲ့သည့် နှစ်တွင်လည်း သျှမ်းပြည်အရှေ့ပိုင်းတွင် သံသယ လူနာ အဖြစ် တစ်ဦး ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် အောက်တိုဘာ တွင် သျှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း အစပ် ဖြစ်သည့် ကျေးရွာများ တွင်နေထိုင်သည့် ဆယ်ကျော်သက်များတွင် ဆုံဆို့နာရောဂါကူးစက်ခံရသူ လူနာ ၁၁ဦးရှိသည့် အနက် ဘက်တီးရီးယား ပိုးတွေ့ရှိသူ ၅ဦးရှိပြီး အသက် ၁၅နှစ် အောက်ကလေး ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article