Saturday, April 20, 2024

တောင်ကြီးမြို့တွင် ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ ပစ္စည်းဖောက်ထွင်းခံရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံသာရပ်ကွက် အတွင်းရှိ နေအိမ်တခုတွင် ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၃ ရက် ဝါဆိုလပြည့်နေ့တွင် အိမ်ရှင်မိသားစုသည် ဘုန်းကြီးကျောင်းသို့ ဝါဆိုသင်္ကန်း ကပ်လှူရန် သွားစဉ် နေအိမ်ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း တောင်ကြီး မြို့မ ရဲတပ်ဖွဲ့ ထံမှသိရသည်။

“ ဝါဆိုသင်္ကန်းကပ်ပြီး အိမ်အပြန်မှာ အိမ်နောက်ဖေးတံခါးသော့ ဖျက်စီးထားတာတွေ့တယ်။ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ထားတယ်။ ပိုင်ရှင်က ခန့်မှန်း ကာလတန်ဖိုး ကျပ်သိန်း ၁၀၃၅၇ ပျောက်ဆုံးတယ်လို့ ပြောလာတယ်” ဟု တောင်ကြီးမြို့မ ရဲစခန်း ဒုစခန်းမှူး ရဲအုပ်ကောင်းမြတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖောက်ထွင်းခံရသည့် ပစ္စည်းများမှာ သံသေတ္တာထဲတွင် သိမ်းဆည်းထားသည့် ရွှေ၊ စိန်၊ ပတ္တမြား နှင့် လက်ကိုင်ဖုန်း (၂) လုံး စုစုပေါင်း တန်ဖိုး တစ်သောင်းသုံးရာငါးဆယ်ခုနှစ်သိန်း (၁၀၃၅၇) ပျောက်ဆုံးသွားကြောင်း တောင်ကြီးမြို့မ ရဲစခန်း ၏ ထုတ်ပြန်ချက်အရ သိရသည်။

“တရားခံကို မဖမ်းမိသေးဘူး။ မသင်္ကာတဲ့သူတွေကို တော့ စစ်ဆေးနေဆဲပါ။ လောလောဆယ် ၃ ယောက်တော့ ဖမ်းဆီး စစ်ဆေးနေတယ်။ ရပ်ကွက်တွင်း ခိုးလေ့ခိုးထရှိတဲ့ ပြစ်မှုကျူးလွန်တာတွေ ရှိတယ်။ သူတို့တွေကို ဖမ်းဆီးစစ်ဆေးနေတယ်” ဟု ရဲအုပ်ကောင်းမြတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ နေအိမ်ဖောက်ထွင်းခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး အိမ်ပိုင်ရှင်မှ ခိုးမှုဖြစ်သော ရာဇသတ်ကြီး ပုဒ်မ (၃၈၀) ဖြင့် တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဆိုပါသည်။

၂၀၁၉ ဧပြီလကုန်ပိုင်းက တောင်ကြီးမြို့ ကံသာရပ်ကွက် တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်) တွင် မိသားစု အလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article