သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရ တပ်မတော်က အင်းအာများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။
အစိုးရ တပ်မတော်သည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကြောင်းများအလုံးအရင်း ဝင်ရောက်သွားပြီး၊ လမ်းတွင်လည်း ဒေသခံများကို တားဆီး ပိတ်ပင်ထားကြောင်း ကျောက်မဲမြို့နယ် ဒေသခံ စိုင်းထွေးဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ဒီနေ့မနက်တော့ စစ်ကြောင်းတွေဝင်တယ်။ လမ်းမှာလည်း တားဆီးစစ်ဆေးနေတယ်။ ပြည်သူတွေကတော့ တိုက်ပွဲ ပြန်ဖြစ်မှာ ကို စိုးရိမ်နေရတယ်” ဟု စိုင်းထွေးဟန် က ဆိုသည်။
ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့သည် ဇွန် ၂၅ရက်မှ စတင်ကာ ယနေ့တိုင် တိုက်ပွဲများ ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားနေသည့် နေရာဖြစ်သည်။
ထိုတိုက်ပွဲကြား အစိုးရတပ်မတော် မှ အရပ်သားတဦးကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ ထိုသေဆုံးသွားသည့် အရပ်သားနှင့် ညှင်းပန်းနှိပ်စက်ခံရသည့် ဒေသခံများအတွက် တရားမျှတမှုရရှိရန် ဇူလိုင် ၁၀ရက်တွင်လည်း သျှမ်းလူထု ၁သောင်းကျော် အစိုးရ တပ်မတော်ကို ဆန္ဒထုတ်ဖော်ခဲ့သည်။
ထို့နောက် ဇူလိုင် ၁၅ရက်တွင် အစိုးရတပ်မတော်သည် သေဆုံးသွားသည့် အရပ်သား လုံးဆု နှင့် ညှင်းပန်းနှိပ်စက်ခံရသည့် ရွာသားတို့အတွက် စုံစမ်းစစ်ဆေးရန် ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာ ကို အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မမှူး အဆင့်ရှိအရာရှိများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးသို့သွားရောက်ခဲ့သည်။
ထို့သွားရာလမ်းတွင်လည်း အစိုးရ တပ်မတော် ၏ လုံခြုံရေးကို RCSS/SSA တပ်ဖွဲ့ မှပစ်ခတ်ခဲ့ရသည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး သတင်းဝက်ဆိုဒ်တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကို မေးမြန်းရာ “ မနေ့က လုံခြုံရေး ယာဉ်တန်းကို ကျနော်တို့ မပစ်ခဲ့ပါဘူး။ တပ်ဘက်ကပဲ ပန်ကျန် စာသင်ကျောင်းကနေ ပြီးတောင်ဘက်ကို စစ်သေနတ်နဲ့ ပစ်နေတာပါ။ကျနော်တို့ တချက်မှ မပစ်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။
တပ်မတော် အနေဖြင့် တဖက်သတ် စွပ်စွဲချက်ဖြစ်ကြောင်း၊ RCSS/SSA မှ ပစ်ခတ်ခြင်းမရှိကြောင်း၊ ထိုစွပ်စွဲချက်သည်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဟန့်အတားများဖြစ်လာနိုင်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။
“ တပ်မတော် အနေနဲ့ ဒီလို ပြုလုပ်တာက ပြဿနာကို အဖြေရှာတဲ့ ပုံစံ မဖြစ်ဘူး” ဟု လည်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေးက ထပ်လောင်းပြောသည်။
ဇူလိုင် ၁၅ ရက် မနက်ပိုင်း အစိုးရစစ်ကြောင်းမှ ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာထဲသို့ ဝင်သွားချိန်တွင် တဖက်သက် လက်နက်များပစ်ခတ်ခဲ့ကြောင်း၊ လုံခြုံရေး အရ ဟုဆိုက စစ်ကြောင်းများစွာ ထိုးဝင်သွားကြောင်းလည်း ကျောက်မဲမြို့နယ် ဒေသခံ များက ပြောသည်။
“ မနေ့က အစ စစ်ကြောင်းဝင်တဲ့အချိန်မှာ တပ်က တဖက် အဖွဲ့သိအောင် ရမ်းပြီး လျှောက်ပစ်တယ်။ အချက်ပေးတဲ့အနေအထားပါ။ နောက် ဆက်ဝင်သွားတဲ့အချိန်မှာ တဖက် အဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်” စိုင်းထွေးဟန် က ပြောပြသည်။
အစိုးရတပ်မတော် ဘက်မှ စုံစမ်းစစ်ဆေးရေး ဟု ပြောဆိုပြီး ကျေးရွာထဲသို့ လက်နက်အပြည့်အစုံဖြင့် ဝင်သွားခြင်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ထိုသို့ ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် တဖက် တပ်ဖွဲ့ နှင့် ထိတွေ့တိုက်ခိုက်ခြင်းဖြစ်ရကြောင်း ဟုလည်း စိုင်းထွေးဟန် က မှတ်ချက်ပြုသည်။
ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် စစ်ရေးတင်းမာမှု ရှိနေပြီး တိုက်ပွဲများထပ်မံဖြစ်လာနိုင်သည့် အလားအလာ ရှိကြောင်းလည်း ကျောက်မဲမြို့နယ် ပြည်သူများက ပြောဆိုလိုက်သည်။
ယခု ကာလသည် သျှမ်းပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးသည့်အချိန်ကာလဖြစ်ပြီး၊ တိုက်ပွဲ တင်းမာမှုကြောင့် လယ်ယာထဲသို့ မသွားရကြောင်း လည်း ကျောက်မဲမြို့နယ်တွင် နေထိုင်သည့် တောင်သူ စိုင်းဝင်း က ပြောသည်။
“ ဒီအချိန်က စိုက်ပျိုးတဲ့အချိန် လယ်စိုက်တဲ့အချိန်ပါ။ တောင်သူတွေ က စိုးရိမ်လို့ တောင်ယာ မသွားရဘူး။ အဲ့ဒီအတွက ်အလုပ်တွေ ပျက်တယ်” ဟု စိုင်းဝင်း က ပြောပြသည်။
RCSS/SSA တပ်ဖွဲ့သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဦးဆောင် နေသည့် အဖွဲ့တဖွဲ့လည်း ဖြစ်သည်။