စိန်ခေါ်မှုများကြားက ကိုဗစ် ရွေးကောက်ပွဲ

ကိုဗစ်-၁၉ ကာကွယ် တားဆီးထိန်းချုပ်သည့်ကာလတွင် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲကျင်းပမည်ဆိုသည့်အပေါ် စိန်ခေါ်မှု များစွာ ရှိနေသည်ဟု သျှမ်းနိုင်ငံရေး ပါတီများက ပြောဆိုလိုက်သည်။

Photo by SHAN

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မတီက ဇူလိုင် ၁ ရက် က ထုတ်ပြန်ကြေညာလိုက်သည်။

အလားတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီမှလည်း ဇူလိုင် ၁၅ ရက်နေ့ထိ လူစုလူဝေး မပြုလုပ်ရဆိုသည့် ထုတ်ပြန်ချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့သေးသည်။

နိုင်ငံတော် သမ္မတ အပါအဝင် ပြည်ထောင်စု အဆင့်တွင် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များ တရားဝင် စည်းရုံးခွင့် ရသော်လည်း နိုင်ငံရေး ပါတီများအတွက် ကိုဗစ် နှင့် ပတ်သက်ပြီး စိန်ခေါ်မှုများရှိသည်ဟု သျှမ်းနိုင်ငံရေး ပါတီများက ပြောသည်။

“ကိုဗစ် ကာလမှာ ရွေးကောက်ပွဲ လုပ်တာကတော့ အင်မတန် စွန့်စားရတဲ့ အလုပ်ပါ။ အင်မတန်စိန်ခေါ်မှု များတဲ့ ကိစ္စပဲ” ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကျားခေါင်းပါတီ ( SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo by SHAN

ပြည်ထောင်စု အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များသည် ဇူလိုင် ၁ ရက်မှစတင်ကာ တရားဝင် စည်းရုံး ရေးဆင်းနိုင်ပြီဟု ခွင့်ပြုပြောဆိုထားသော်လည်း တဖက်တွင် ကျန်းမာရေး နှင့် ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းမျဉ်းစည်းကမ်း လိုက်နာရမည့် ပြဋ္ဌာန်းချက်များမရှိသေးကြောင်း စိုင်းလိတ် က ပြောသည်။

ကိုဗစ်- ၁၉ ကာလအတွင်း ထုတ်ပြန်ထားသည့် လူစုလူဝေး မပြုလုပ်ရဆိုသည့် ထုတ်ပြန်ချက်များ ရှိနေသေးသဖြင့် အာဏာရ ပါတီ ဘက်က တရားဝင် ဇူလိုင် ၁ ရက်ကတည်းက တရားဝင် စည်းရုံးခွင့် ရနေသည့် အပေါ် မျှတမှု မရှိကြောင်းလည်း နိုင်ငံရေးပါတီများက သုံးသပ်ပြောဆိုလိုက်သည်။

“ကျနော်တို့ အနေနဲ့က မျှတမှု မရှိဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။ ကျနော်တို့က စည်းရုံးလို့ မရသေးဘူး သူတို့ကျတော့ အရင်စည်းရုံးလို့ရတယ်။ မဖြစ်သင့်ဘူး” ဟု SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ( ကျားဖြူ ပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ဆိုသည်။

Photo by SHAN

မြန်မာနိုင်ငံ တွင် ကူးစက်နေသည့် ကိုဗစ်-၁၉ သည် နိုင်ငံခြားမှ ပြန်လာသူ အများစုတွင် တွေ့ရှိရပြီး၊ ပြည်တွင်းအချင်းချင်း ကူးစက်မှုနှုန်း နည်းပါးသည့် အတွက် စိုးရိမ်စရာ မရှိကြောင်းလည်း ဦးစိုင်းအိုက်ပေါင်း က ပြောသည်။

ကိုဗစ်ကာလမှာ လူစုလူဝေး နှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ ရှိပြီး စည်းရုံးလှုပ်ရှားသည့်နေရာမှာ ပြဿနာ ရှိလာကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တဖက်တွင်လည်း ကိုဗစ်ကာလကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ပါက ပြည်သူများအနေဖြင့် ကိုဗစ်ထက်ပိုသော ကျပ်တည်းမှုများ ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ရွေးကောက်ပွဲကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ ကိုဗစ်ဖြစ်လို့ ရွေးကောက်ပွဲ မလုပ်ရဘူးဆိုရင် အစိုးရ အပြောင်းအလဲ မရှိဘူး။ ကျနော်တို့က ပိုပြီးတော့ ကိုဗစ် ထက်ဆိုးတဲ့ နိုင်ငံရေး ကျပ်တည်းမှုတွေ ကြုံရနိုင်တယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလ တွင် မကျင်းပနိုင်ပါက ၎င်း အလွန်ကာလမှာ ကြိုတင်ပြင်ဆင်မှု တိကျစွာ ပြဋ္ဌာန်းထားခြင်း မရှိကြောင်း နိုင်ငံရေးပါတီများက ထောက်ပြပြောဆိုလိုက်သည်။

ကိုဗစ်ကာလကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်မည်ဆိုပါက အလွန်ဆုံး ဒီဇင်ဘာလ အထိသာ နောက်ဆုတ်နိုင်ကြောင်း၊ ဒီဇင်ဘာ အလွန် ရွေးကောက်ပွဲ ပြုလုပ်ပါက နိုင်ငံအာဏာ ကို ထိန်းကျောင်းသွားရန် ပိုပြီး ရှုပ်ထွေးမှုရှိလာနိုင်ကြောင်း စိုင်းလိတ်က သုံးသပ်ပြောဆိုလိုက်သည်။

“ ပါတီ စည်းရုံးရေး ကို ၂ လပဲ ပေးမှာလား အဲ့တိုင်းပေးလို့ရှိရင် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ရှိအုံးမလား ဆိုတာ ထည့်တွက်ရမှာ။ ၂ လပဲ ဆိုရင်တော့ အချိန်တော်တော်နည်းပါတယ်” ဟု စိုင်းလိတ် က ပြောသည်။

ကိုဗစ်ကာလ ကြား ရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)တို့ လူထု မထိခိုက် စည်းရုံးရေး ကိစ္စကို လိုက်လျောညီထွေ လုပ်လို့ရရန် သေချာ ညှိနှိုင်း သင့်ကြောင်း လည်း စိုင်းလိတ်က ထောက်ပြလိုက်သည်။

“ လူထုကိုလည်း မထိခိုက်အောင် လုပ်ရမယ်ဆိုတဲ့ အနေအထားကို ဘယ်လောက်ထိ ချင့်ချိန်တိုင်းထွာ နိုင်မလဲဆိုတာက အစိုးရ ရဲ့သဘောထားကြီးမှု နောက်ပြီးတော့မှ စီမံခန့်ခွဲမှု အပိုင်း ကျွမ်းကျင်မှု နဲ့ လုံးဝ သက်ဆိုင်ပါတယ်” လို့ စိုင်းလိတ် ကပြောသည်။

နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကို နိုင်ငံရေး ပါတီ အားလုံး တန်းတူညီမျှစွာ စည်းရုံးပိုင်ခွင့်အနေအထား တခုကို ချမှတ်ပေးရန် လိုအပ်ကြောင်းလည်း သျှမ်းနိုင်ငံရေး ပါတီများက ပြောဆိုလိုက်သည်။

“မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် မျှတတဲ့ ယှဉ်ပြိုင်မှု အခင်းအကျင်းကိုလည်း ဖန်တီးရပါလိမ့်မယ်” ဟုစိုင်းလိတ် က ထောက်ပြပြောဆိုလိုက်သည်။

ထို့ကြောင့် လာမည့် ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ အကျပ်အတည်း ကြားတွင် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲဖြစ်သဖြင့် တရားမျှတမှု၊ မျှတသည့် ယှဉ်ပြိုင်မှု မဖြစ်လာမည့်ကို သျှမ်းနိုင်ငံရေး၊ သျှမ်းလူထုများက စိုးရိမ်နေကြသည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ၅မြို့နယ် ၊ မိုင်းလား အတွင်းရှိ ၁ မြို့နယ်နှင့် မိုင်းရှူး၊ ကျေးသီး ၊ တန့်ယန်း(တဝက်ခန့်) တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင် သဖြင့် လူထုမဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့သည်။

Leave a Comments

SHARE