သျှမ်းပြည်နယ်နေ့အား သျှမ်းပြည်၏တရားဝင်ရုံးပိတ်ရက်သတ်မှတ်ရေးအဆို ကန့်ကွက်မဲ ၁ မဲအနိုင်ရ အဆိုရှုံး

0

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ သျှမ်းပြည်နယ်နေ့ (သျှမ်းအမျိုးသားနေ့)ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင်း အဆိုပြုသည့်အပေါ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ တစ်မဲ ကပ်ရှုံးသွားကြောင်း သိရသည်။

သျှမ်းပြည်နယ်လွှတ်တော်

၄င်းအဆိုကို သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ မိုင်းကိုင်ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းလုံက မတ်လ ၂၉ ရက်နေ့ လွှတ်တော် တတိယနေ့တွင် “မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းအစဉ်အလာကြီးမားခဲ့သော ဖေဖော်ဝါရီလ ရ ရက်နေ့ သျှမ်းပြည်နယ်နေ့ကို သျှမ်းပြည်နယ်အတွင်း အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ” အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

ဦးစိုင်းလုံ၏အဆိုအား မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းလင်းမြတ်က ထောက်ခံဆွေးနွေးခဲ့ပြီး ယနေ့ မတ်လ ၃၀ ရက်နေ့ လွှတ်တော် စတုတ္တနေ့တွင် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၅၈ မဲ ၊ ကန့်ကွက်မဲ ၅၉ မဲ ဖြင့် အဆိုရှုံးသွားခဲ့သည်။

“ဘာကြောင့်တင်လဲဆိုတော့ သျှမ်းပြည်ရှိ တိုင်းရင်းသားပေါင်းစုံတွေ အားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေး ရသင့်တာလဲ ကြာပြီလေ ရသင့်တာကြာပေမယ့် မရလို့ ရမလားလို့ လွှတ်တော်ထဲ တင်တာ အခုက တစ်မဲလေးပဲ ကပ်ရှုံးသွားတာ” ဟု မိုင်းကိုင်ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းလုံ ကပြောသည်။

ချင်းပြည်နယ်ရှိ လွှတ်တော်မှာ ချင်းပါတီများ ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် လွှတ်တော်တွင်းအဆိုပြုရာ အဆိုအောင််ပြီး ချင်းပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြသည်။

“သျှမ်းပြည်နယ်က ပါတီတွေများတော့ ရှုံးသွားတာပေါ့။ တိုင်းရင်းသားပါတီ အားလုံးနီးပါးက ထောက်ခံကြတယ် ။ ခြင်္သေ့တချို့တောင်မှထောက်ခံတယ်။ မထောက်ခံတာကတော့ ၂၅% စစ်တပ် နဲ့ ကျန်တဲ့တိုင်းရင်းသား ပါတီတချို့ပေါ့။ အဆိုရှုံးပေမယ့် မှတ်တမ်းတော့ တင်သွားတယ်၊ ဒါမယ့် ကျနော်ကျေနပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေက ကျတော်တို့အဆိုကို ထောက်ခံကြတယ်လေ အဲ့ကြောင့် ကျေနပ်တယ်လေ” ဟု အဆိုတင်သွင်းသူ ဦးစိုင်းလုံ ကပြောသည်။

သျှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် နဝမပုံမှန်အစည်းအဝေး ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းပြည်နယ်လွှတ်တော်၌ ကျင်းပခဲ့သည်။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here