လားရှိုးမြို့နယ် နမ့်ပေါင် ဝါးတားဂိတ် ငွေကောက်ခံမှု ကို အရေးယူပေးရန်

0

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ရှိ ဝါးတားဂိတ်တွင် ကုန်တင်ယာဉ်များကို အဆမတန် ငွေကောက်ခံမှုများပြုလုပ်နေကြောင်း ကုန်တင်ကားအသိုင်းအဝန်းများ က ပြောသည်။

 

အဆိုပါ နေရာသည် လားရှိုး-မယ်ဟန်-မိုင်းရယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ နမ့်ပေါင် ကျေးရွာ ဝါးတားဂိတ် ဖြစ်ပြီး၊ ထိုဂိတ်ကို ညအချိန် ကုန်တင်ကားများ ဖြတ်သန်းသွားလာပါက ကားတစီးလျှင် ငွေကျပ် တသောင်းမှ ၂သောင်း ထိ ကောက်ခံနေကြောင်း ထိုလမ်းကြောင်းကို မှီတင်းလုပ်ကိုင်နေသည့် ကားသမားများက ပြောပြသည်။

“ ည ၈နာရီ ကနေ စပြီး ကောက်တာ။ နေ့ဆိုရင် မကောက်ဘူး။ ကောက်လာတာကတော့ တနှစ်ကျော်ရှိပြီ။ တစီးကို တသာင်း၊ တသောင်းခွဲ၊ ၂သောင်းကျပ် ထိကောက်တယ်” ဟု ကုန်ကားမောင်းသည့် စိုင်းဆေ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဓိက အားဖြင့် ကုန်ကားများကို ငွေကြေးကောက်ခံကြောင်း၊ ထိုလမ်းသည် သျှမ်းပြည် ဒေသ အသီးသီးရှိ တောင်သူလယ်သမားများ ရာသီ သီးနှံ များစိုက်ပျိုးပြီးထွက်ရှိလာသည့် ထွက်ကုန်များကို သယ်ယူပို့ဆောင် ရောင်းချရန် အားထားရသည့် လမ်းကြောင်းတခုလည်း ဖြစ်ကြောင်း စိုင်းဆေ က ပြောသည်။

“ ဒီလမ်းက ဒေသ ထွက်သီးနှံတွေ ကို ဈေးကွက် တင်ပို့တဲ့ လမ်းကြောင်းတခုပါ။ အခုလို ကျနော်တို့ ရောင်းမကောင်းတဲ့အချိန် ကိုဗစ်ကာလချိန်မှာ ဒီလိုကောက်တာတွေ မလုပ်စေချင်ဘူး” ဟု စိုင်းဆေ က ဆိုသည်။

နမ့်ပေါင်ကျေးရွာ ဝါးတားဂိတ် တွင် ငွေကြေးကောက်ခံသည့်အဖွဲ့များသည် နမ့်ပေါင် ဌာနေပြည်သူ့စစ်၊ ရဲတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်ကြောင်းလည်း ကားသမားများ ပြောပြချက် အရသိရသည်။

“ ဂိတ်မှာတော့ ဌာနေပြည်သူ့စစ်ရော ရဲရော ပေါင်းပြီး စောင့်ကြတယ်။တစီးကို တသောင်းကျော်ပေးရတော့ အဆင်မပြေဘူး။ တစီးကို ၁ထောင်လောက်ကောက်ရင် ဘာမှ မပြောလိုဘူး” ဟု ကားသမား ဖြစ်သည့် စိုင်းလှ က ပြောသည်။

လက်ရှိ အချိန်ကာလသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလဖြစ်သည့် အလျောက် စိုက်ပျိုး သီးနှံများလည်း ယခင်ကဲ့သို့ ရောင်းအားမကောင်းသလို အရှုံးပေါ်နေချိန်ဖြစ်ကြောင်း၊ ဝမ်းရေး အတွက် ရှာဖွေ စားသောက်ရန် ခက်ခဲနေချိန်တွင် ယခုကဲ့သို့ဝင်ငွေကောက်ခံခြင်းမပြုလုပ်စေချင်ကြောင်း စိုင်းလှ က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း ကလည်း လွှတ်တော်တွင် တင်ပြ မေးမြန်းထားကြောင်း သိရသည်။

တောင်သူများ၏ သီးနှံများ တင်ဆောင်သည့် မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်များသည် သက်ဆိုင်ရာ ဌာနများသို့ သီးနှံခွန်များ အခွန်ငွေများ တရားဝင် ပေးသွင်းခဲ့ပြီး ဖြစ်သော်လည်း လမ်းခရီးတွင်အဖွဲ့အစည်းများ တချိုက မှ ငွေကြေး ထပ်မံကောက်ခံနေခြင်းသည် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကာ နစ်နာလျက်ရှိကြောင်းလည်း လွှတ်တော်ကို အဆိုတင်မည့်မေးခွန်းတွင် ရေးသားထားသည်။

“ ကျနော် လွှတ်တော်မှာ မေးထားပါတယ်။ ကျနော်မျှော်လင့်ပါတယ် သူတို့ ဒီဂိတ်ကို ပိတ်ဖို့ ပါ။ ဒီလို ဂိတ်မျိုး က ဘယ်မှာမှမရှိတော့ဘူး” ဟု စိုင်းဝမ်းလျန်းခမ်းက ဆိုသည်။

စိုက်ပျိုးရေး ကို အခြေခံပြီး ရှာဖွေ စားသောက်နေရသည့် တောင်သူလယ်သမားများ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ သယ်ယူပို့ဆောင် စရိတ် ထပ်မံမြှင့်တက်မလာစေရန် အတွက် ဥပဒေ နှင့် အညီ တရားဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများမဟုတ်သည့် လမ်းခရီးတလျောက် ဂိတ်များထားရှိပြီး ငွေကြေး ကောက်ခံနေခြင်းများကို ထိရောက်စွာ အရေးယူပေးရန်လည်း စိုင်းဝမ်းလျန်းခမ်းက ပြောဆိုလိုက်သည်။

အဆိုပါ လမ်းသည်  သျှမ်းပြည်မြောက်ပိုင်း နှင့် သျှမ်းပြည်တောင်ပိုင်း ကို ဆက်သွယ်သွားလာနိုင်သည့် လမ်းဖြစ်သကဲ့သို့  ပန်ဆန်း ဘက်လည်း သွားနိုင်သည့်လမ်းဖြစ်သည်။

ထို့ပြင် သီပေါ-ကျောက်မဲ ထိုမှ တဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းလည်း သွားလာနိုင်သည်။

ထိုမျှမက အဆိုပါလမ်းမ မှ မိုင်းရှူး ၀မ့်ဟိုင်း မိုင်းရယ် နမ့်ပေါင် မှလားရှိုးသို့လည်း ပေါက်ရောက်ပြီး ကျေးသီးမှ မိုင်းရယ် နမ့်ပေါင် လားရှိုးကားများလည်း ထိုလမ်းကို အသုံးပြုကြသည်။


eastern_breeze
SHARE