Thursday, April 25, 2024

လားရှိုးမြို့ နားမွန်းကျေးရွာ တောင်သူများနှင့် တပ် မြေယာမြေ အငြင်းပွားမှုဖြစ်

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အုပ်စု နားမွန်းကျေးရွာမှ တောင်သူများနှင့် အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်တို့မြေယာ အငြင်းပွားမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ ဒေသခံတဦး

မြေယာ အငြင်းပွားမှု ဖြစ်ပွားရသည့် အကြောင်းရင်းမှာ စစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်က စစ်တပ်မှ နားမွန်းရွာသားများ၏ မြေယာ ၅၂ ဧကကို ကြက်ဆူစီမံကိန်းအဖြစ် သိမ်းဆည်းကာ ၂၀၁၀ ခုနှစ်အထိ ကြက်ဆူပင်စိုက်ပျိုးခဲ့သည်။ ၂၀၁၀ နောက်ပိုင်း ထိုမြေယာများတွင် တစုံတရာ စိုက်ပျိုးခြင်းမရှိဘဲ မြေလွှတ်အဖြစ် သာ ထားရှိခဲ့သည်ဟု ရွာသားများပြောပြချက်အရသိရသည်။

အဆိုပါမြေယာများသည် နားမွန်းရွာသားတောင်သူ ၁၂ ဦး ပိုင်ဆိုင်သည့် မြေယာများဖြစ်သဖြင့် ၂၀၁၈ မှ စတင်ကာ တောင်သူများ ထိုမြေယာပေါ် လယ်ယာ စိုက်ပျိုးမှု စတင်ဆောင်ရွက်ခဲ့သည်။

“ စစ်တပ်က ဘာမှ မလုပ်တော့လို့ ကျနော်တို့ တွေအဲ့မြေပေါ် လယ်ယာပြန်လုပ်တယ်။ အဲ့ဒါသူတို့သိသွားတော့ ဒီမေ ၁၆ရက်မှာ ကျနော်တို့စိုက်မယ့်မြေပေါ် ထွန်စက်တွေ နဲ့ လာထွန်တယ်။ နောက် စစ်သားတွေလုံခြုံရေးတွေ ချထားတယ်”ဟု တောင်သူ ဦးစိုင်းဆန်ထွန်းလူ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဓာတ်ပုံ ဒေသခံတဦး

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ထိုမြေယာပေါ် ထွန်ယက်စိုက်ပျိုးခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့သဖြင့် တောင်သူများ ကလည်း မြေယာ ပြန်ရရှိရန် အတွက် သက်ဆိုင်ရာ ဌာန အသီးသီး၊ အစိုးရ ထံကို ၂၀၁၃ ခုနစ်မှ စတင်ကာ စာတင်ပြထားသော်လည်း တစုံတရာ အကြောင်းပြန်ခြင်း ထူးခြားခြင်းမရှိခဲ့ကြောင်း ဦးစိုင်းဆန်ထွန်းလူ က ပြောပြသည်။

“ လွန်ခဲ့တဲ့ ၂နှစ်က ကျနော်တို့ စိုက်ပျိုးတဲ့အချိန် တုန်းက ဘာမှ လာကန့်ကွက်တာမရှိဘူး။ ဒီနှစ်မှ သူ တို့တွေ ထွန်စက်နဲ့လာ လုပ်တယ်။ သူတို့အဲ့မြေကို မစိုက်ပျိုးတော့တာ တော်တော်ကြာပြီ။ အရင်က ကြက်ဆူပင် စိုက်ဖို့ လုပ်တာ။ အခုက ကြက်ဆူပင် မစိုက်ရင်ပြန်ပေးရမှာ” ဟု ဦးစိုင်းဆန်ထွန်းလူ က ဆိုသည်။

ထိုမြေယာပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး တောင်သူများထဲ ပိုင်ဆိုင်မှု အထောက်အထား ပြေစာများရှိကြောင်း၊ ထို့ပြင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှ လုပ်ပိုင်ခွင့် ရရှိထားသော်လည်း သတ်မှတ်နည်လမ်းနှင့် အညီ ဆောင်ရွက်ခြင်း မရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ မစွန့်လွှတ်နိုင်ပါက ကာလ တန်ဖိုးအတိုင်း ပေးလျော်သင့်ကြောင်း လားရှိုးမြို့နယ် အမျိုးသားလွှတ်တော် စိုင်းဝမ်းလှိုင်းခမ်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီတောင်သူတွေရဲ့ ယာမြေတွေ အတွက် ကျနော် တို့သက်ဆိုင်ရာ အဆင့်အဆင့် ထံ တင်ပြတောင်းခံထားပြီးပါပြီ၊ လွန်ခဲ့တဲ့ ၂နှစ်က တပ်က ဘာမှ ဝင်မလုပ်တော့ တောင်သူတွေ တောင်ပြန်လည် စိုက်ပျိုးနိုင်ခဲ့ပြီ အခု ဒီလို အငြင်းပွားပြန်ဖြစ်တော့ သက်ဆိုင်ရာ တိုင်းမှူးထံ စာတင်ပြဖို့နဲ့သွားရောက် ညှိနှိုင်း နိုင်ဖို့ ဆောင်ရွက်သွားမှာ ပါ” ဟု စိုင်းဝမ်းလှိုင်းခမ်းက ဆိုသည်။

ထို ယာမြေ ပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ယာမြေ (၅၂) ဧက ကိုသာ ပြန်လိုချင်ကြောင်း လည်း တောင်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့ပိုင်ဆိုင်တာ ပြန်လိုချင်တယ်။ လျော်ကြေးလည်း မလိုချင်ဘူး။ တခြားနေရာကိုပြောင်းရွှေ့စိုက်ပျိုးတာလည်းမလိုချင်ဘူး။ ကျနော်တို့မြေပဲ လိုချင်တယ်” ဟု တောင်သူ ဦးစိုင်းဆန်ထွန်းလူ က ဆိုသည်။

ယာမြေရရှိပါက ခြံပြန်စိုက်ပျိုးနိုင်ပြီး၊ မိသားစု အတွက် နောင်လာမည့် သားစဉ်မြေးဆက် ၏ စားဝတ်နေရေးကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ လက်ရှိ ယာမြေပိုင်ဆိုင်သည့် တောင်သူများသည် လယ်ယာ စိုက်ပျိုးမှုတခုတည်းသာ လုပ်တက်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article