သျှမ်းပြည်တွင် မလေးရှားပြန် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၂ဦးရှိ

မလေးရှား နိုင်ငံပြန် ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် ၁၈၂ နှင့် ထိတွေ့သူ များအနက် သျှမ်းပြည်သား  ၂ ဦးရှိကြောင်း စုံစမ်းသိရသည်။

Photo by MofaMyanmar – မြန်မာပြည်သား နိုင်ငံခြားပြန်များအား လေဆိပ်တွင် စစ်ဆေးမှု ပြုနေစဉ်

ကိုဗစ်-၁၉ အတည်ပြု လူနာအမှတ် ၁၈၂ ကို မေ ၁၆ ရက် မနက် ၇ နာရီက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ လူနာ အမှတ် ၁၈၂ သည် လက်ရှိမှာ ချင်းပြည်နယ် ထန်တလန်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ထို လူနာ အမှတ် ၁၈၂ နှင့် ထိတွေ့ ဆက်စပ်သူ ကို လိုက်လံ စုံစမ်းရာ သျှမ်းပြည်တောင်ပိုင်း ပင်းတယနယ်သား တဦး နှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းနယ်သား တဉီးရှိခဲ့ပြီး၊  ထိုသူ ၂ ဦးအား သက်ဆိုင်ရာ ဒေသရှိ Quarantine Center  တွင်  ထားရှိကြောင်း ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က ပြောသည်။

“သျှမ်းတောင်မှာက Case 182 နဲ့ contact တစ်ယောက်ရှိထားတယ်။ ပင်းတယမှာရှိတဲ့ မိုးကုတ်ရိပ်သာ facility Quarantine မှာ ရှိတယ်။ သူ့ရဲ့ ဓါတ်ခွဲနမူနာကိုတော့ မနေ့ညက ပို့လိုက်ပြီ” ဒေါက်တာနှင်းအိဖြူ ဟု ဆိုသည်။

Photo by Mofamyanmar

ဆက်လက်ပြီး သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင်လည်း Case ၁၈၂ နှင့် အတူ ဆက်စပ်မှု ရှိကြောင်းသိရသည်။

“Case 182 နဲ့ ဆက်စပ်သူ တန့်ယန်းမြို့နယ်မှာ တစ်ယောက်ရှိထားတယ်။ ဓါတ်ခွဲနမူနာ ပို့ဖို့အတွက် ပြင်ဆင်နေပါတယ်။ တာမိုးညဲဘက် က တစ်ယောက်ကတော့ မရောက်လာသေးဘူး။ ရန်ကုန်မှာ Quarantine ဝင်ထားတယ်။ခုထိ ရန်ကုန်မှာပဲ ရှိနေတုန်း” ဟု သျှမ်းပြည်မြောက်ပိုင်း အတည်ပြု လူနာအား ထိတွေ့သူများ နှင့် ပတ်သက်ပြီး ပြောဆိုခွင့် ရှိသူ ဒေါက်တာဒန်နီလင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Case 182 သည် မလေးရှားနိုင်ငံမှပြန်လာသူ ဖြစ်ပြီး ၎င်း နှင့် လေယာဉ် တစ်စီးတည်း အတူ ပြန်လာသူ ၁၂၀ ခန့်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုး နှင့် ပြစ်ဒဏ်ကျခံရပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၉၁ ယောက်ကို မလေးရှား အစိုးရက မေလ ၁၁ ရက်က သူတို့ စီစဉ်ထားသည့် Malaysia Airlines ကို စင်းလုံးဌားကို အထူးလေယာဉ် ၂ စီး နှင့် ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ အားလုံးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ချိန်တွင် လူဝင်မှု ကြီးကြပ်ရေးမှ ကျန်းမာရေး စိစစ်ပြီး သက်ဆိုင်ရာပြည်နယ် နှင့် တိုင်း အသီးသီးသို့ သတ်မှတ်မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်သွားကြကြောင်း သိရသည်။


eastern_breeze
SHARE