ခရမ်းချဉ်သီးစျေးပြန်တက်မည်ဟု အင်းသားများမျှော်လင့်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းထွက် ခရမ်းချဉ်သီးသည် မေလ နှောင်းပိုင်းမှာ စျေးနှုန်း ပြန်တက်လာနိုင်ဖွယ် ရှိကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတွေက ပြောဆိုကြသည်။

အင်းလေးဒေသထွက် ခရမ်းချဉ်သီးများ

ဧပြီလတုန်းက ခရမ်းချဉ်သီး ၁ တင်း (၃၀ ပိဿာ)လျှင် ၃၀၀၀ မှ ၃၅၀၀ ကျပ်သာရှိပြီး စျေးနှုန်း အဆမတန် ကျဆင်းကာ မေလတွင် စျေးနှုန်း ပြန်တက်လာနိုင်ဖွယ်ရှိကြောင်း ခြံစိုက်တောင်သူများက ခန့်မှန်းကြသည်။

“စျေးတအားပေါပြီးရင် တအားပြန်ရှားတော့မယ်ဆိုတဲ့ အတွေ့အကြုံရှိဖူးတယ်။ ပွဲစားလက်ထဲမှာ အသီးနည်းလေ စျေးတက်လေပဲ အဲ့လိုမျိုးပဲ သွားလိုက်မယ် ဒီနှစ်တော့ ၅ လပိုင်း ကုန်တဲ့ချိန်ဆို ၂ သောင်းခွဲ ၃ သောင်း ပြေးမလွတ်တော့ဘူး။ အဲ့လောက်ထိ စျေးပြန်တက်လာရင် အရင်းပြန်ရနိုင်တယ်။” ဟု အင်းလေးဒေသ ကေလာကျေးရွာနေ ခရမ်းချဉ်သီးခြံပိုင်ရှင် ဦးဝင်းနိုင် ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အင်းလေးတွင် ခရမ်းချဉ်သီးအများဆုံး စိုက်သည့် ကေလာကျေးရွာ နှင့် ကျေးစား ကျေးရွာတို့ သည် ခရမ်းချဉ်သီး တစ်ပြိုင်တည်း စိုက်ကြပြီး တချိန်တည်း ထွက်ကြရာ အထွက်များပြီး ဝယ်ယူသူ မရှိသည့်အတွက် စျေးနှုန်း ကျဆင်းခြင်း ဖြစ်ကြောင်း ဖိုးလမင်း ခရမ်းချဉ်သီး ပွဲရုံ ပိုင်ရှင် ကပြောသည်။

“အင်းထဲက အထွက်များပြီး ဝယ်လိုအား သိပ်မရှိတဲ့အတွက် အရင်လက သိပ်အဆင်မပြေဘူးပေ့ါ။ ကိုဗစ် ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ လက ခရမ်းချဉ်သီးစျေး တစ်ပိသာ ၂၀၀ လောက် စျေးကျသွားတယ်။ ဒီလတော့ ၃၀၀ ပြန်ဖြစ်တာပေါ့။”ဟု ခရမ်းချဉ်သီးပွဲရုံပိုင်ရှင် ဖိုးလမင်း ကပြောသည်။

မေလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ခရမ်းချဉ်သီးစျေး ပြန်လည် မြင့်တက်လာမည် ဖြစ်ကြောင်း တောင်သူ အများစု က သုံးသပ်ကြသည်။

“၁၅ ရက်နောက်ပိုင်း ခရမ်းချဉ်သီးစျေးတော့ မြင့်လာမှာ။ ဒီ ၂၀ ရက်နေ့နောက်ပိုင်း အနည်းဆုံး ၁သောင်းခွဲ ၂ သောင်း အနည်းဆုံး ပြန်ရောက်မယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်။ အသီးထွက်နှုန်းလဲ လျှော့လာပြီ တခြားခြံတွေမှာလည်း ထွက်နှုန်းလျှော့လာပြီ။” ဟု ဦးဝင်းနိုင် ကပြောသည်။

လက်ရှိအင်းလေးတွင် ခရမ်းချဉ်သီးစျေး တတင်းလျှင် ၁၀၀၀၀ ကျပ်နီးပါးရှိနေပြီး အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းသည်များတွင်လည်း တပိဿာ ၅၀၀ ကျပ်အထိစျေးတက်လာပြီဖြစ်ကြောင်း သိရသည်။

Covid-19 ရောဂါ လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ – လူစုလူဝေးမပြုရ၊ ညမထွက်ရ၊ အများပြည်သူ အပန်းဖြေခရီးထွက်ခြင်း၊ ဘုရားဖူးခြင်း များကို သွားလာလည်ပတ်ခြင်းမပြုလုပ်ရန် အစရှိအချက်များပါသည့် အရေးပေါ်ကြေငြာချက်ကို မေလ ၁၅ ရက်နေ့အထိ ကန့်သတ်ထားခြင်း ဖြစ်သည်။


eastern_breeze
SHARE