သို့
သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာရှင့်
သျှမ်းသံတောင်ဆင့်သတင်းဌာနမှတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ သိရှိစေဖို့ တင်ပြပေးပါ။
၂၀၁၉ ဖေဖော်ဝါရီလမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ပင်လုံမြို့ လမ်းမတော်ကို နိုင်လွန်ကတ္တရာလမ်းခင်းတဲ့လုပ်ငန်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ လမ်းဘေးဝဲယာရှိ ပြည်သူတွေ ကိုယ်ထကိုယ်ထ မိမိအိမ်ရှေ့မှာ အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ မြောင်းတွေကိုပါ ဖျက်လိုက်ပြီး စက်ကြီးနဲ့ အဲဒီထက်နက်တဲ့ အဲဒီထက်ကျယ်တဲ့မြောင်းကို ထပ်တူးလိုက်ပါတယ်။ လမ်းခင်းတဲ့လုပ်ငန်း ပြီးစီးသွားပေမဲ့ မြောင်းကိုတော့ မြေသားမြောင်းအတိုင်း ထားပစ်ခဲ့ပါတယ်။ ပြည်သူတွေကတော့ မြောင်းကို အင်္ဂတေနဲ့ပြန်လာလုပ်ပေးမယ်နေ့ကို စောင့်မျှော်နေတာ တစ်နှစ်လောက်ရှိတော့မှာဖြစ်ပါတယ်။
နိုင်လွန်ကတ္တရာလမ်းခင်းတာဟာ ကောင်းကျိုးရှိပေမဲ့ တစ်ဖက်မှာလည်း ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ပြည်သူတွေ ပြုလုပ်ထားတဲ့အတိုင်း အင်္ဂတေမြောင်းတွေကို ပြန်မလုပ်ပေးချင်ရင် လမ်းချဲ့ရာမှာ မြောင်းကိုမဖျက်ပစ်ဖို့လိုပါတယ်။ တကယ်လို့ ဖျက်ရင်လည်း ပြည်သူတွေလုပ်ထားတဲ့အတိုင်း အင်္ဂတေနဲ့ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။
စီမံကိန်းလုပ်ငန်းဟာ နိုင်လွန်ကတ္တရာလမ်းခင်းဖို့ပါ။ ဘာဖြစ်လို့ ပြည်သူတွေရဲ့အိမ်ရှေ့က ရှိပြီးသားမြောင်းတွေကို ဖျက်ပစ်ပြီး ထပ်တူးရပါသလဲ။ တူးပြီးတော့လည်း ပုံပါအတိုင်း ထားပစ်ခဲ့ပါတယ်။
အခုမှာတော့ မြောင်းထဲမှာ မြက်ပင်တွေပြည့်နှက်နေပါတယ်။ မြေသားတွေ ပြိုကျတာကြောင့်လည်း မြောင်းကတိမ်နေပါပြီ။ တကယ်လို့ ပြည်သူတွေက မြက်ပင်တွေကို မရှင်းပစ်ရင်၊ မြေသားတွေကို မကော်ထုတ်ပစ်ရင် ကြားလာတဲ့အခါ မြောင်းပိတ်ဆို့ပြီး မိုးရာသီကျရင် ရေလျှံတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီအကြောင်းအရာတွေကို နိုင်ငံတော်သမ္မတ၊ NLD အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေသိရှိပြီး ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လူထုအစိုးရဖြစ်တာနဲ့အညီ ပြည်သူတွေရဲ့ အခက်အခဲကို အမြန်ဆုံး ကူညီပေးရှင်းပေးဖို့ သျှမ်းသံတော်ဆင့်သတင်းဌာနကနေတစ်ဆင့် လေးစားစွာ တင်ပြတောင်းခံအပ်ပါတယ်ရှင့်။
လေးစားလျက်
မပြုံးရည်(ပင်လုံသူ)