Thursday, April 25, 2024

ရလခ တိုင်းရုံးရှိရာ ခိုလမ်တွင်ရေခမ်းခြောက်မှု ပြဿနာ ရင်ဆိုင်နေရ

Must read

ရလခတိုင်းရုံးစိုက်ရာ သျှမ်းပြည် တောင်ပိုင်း ခိုလမ် မြို့နယ် အတွင်း ရေခမ်းခြောက်မှု ပြဿနာ ရင်ဆိုင် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

 


Photo by ဒေသခံ တဦး/ ခိုလမ်မြို့ ရေခမ်းသည့်အတွက် ဒေသခံများ ရပ်ကွက် ဘုံရေကန်တွင် ရေခပ်နေကြပုံ

ခိုလမ် မြို့နယ် အတွင်း ရေခမ်းခြောက်မှု သည် ယခင်နှစ်ထက် စောနေကြောင်း၊ ယခင်နှစ်တွင် နွေရာသီရောက်မှသာ ရေစတင်ခမ်းလာကြောင်း ခိုလမ်မြို့ ဒေသခံ စိုင်းမွန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်ကဆို သူများအိမ်ရေခမ်းရင်တောင် ကျနော်တို့ အိမ်ရေမခမ်းဘူး။ သောက်ဖို့ ရေချိုးဖို့ လုံလောက်တယ်။ ဒီနှစ် ကျနော်တို့ ရေတွင်းလည်း တော်တော်ခမ်းနေပြီ၊ သုံးဖို့ တခြားနေရာမှာ သွားခပ်ရတယ်” ဟု စိုင်းမွန်းအွမ် က ဆိုသည်။

လက်ရှိ ခိုလမ်မြို့ ဒေသခံများ သည် ရေခမ်းခြောက်မှုကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ သောက်သုံးရေ ရရှိဖို့အတွက် ဝေးလံသည့် နေရာသို့ သွားရောက်ခပ်ယူရကြောင်း လည်း ဒေသခံများ ပြောပြချက် အရ သိရသည်။

“နွေရာသီတောင် မရောက်သေးဘူး။ ရေက စခမ်းနေပြီ။ နွေဆိုရင်တော့ ကျနော်တို့ ဒုက္ခပိုရောက်နိုင်တယ်။ နောင်ဖာ ရေကန်လည်း တော်တော်ခမ်းနေတယ် ” ဟု ခိုလမ် ဒေသခံ စိုင်းကျော် က ပြောသည်။

ခိုလမ်မြို့ အတွင်း ကျောက်မီးသွေး တူးဖော်မှု မရှိသော်လည်း သစ်ပင်များ ခုတ်ယူခြင်းကြောင့် တောင်ပေါ်တွင် သစ်ပင်များမရှိတော့ကြောင်း စိုင်းကျော် က ဆိုသည်။ မြေလွတ်၊ မြေလပ် မြေရိုင်း ဥပဒေ ထွက်ရှိလာပြီးနောက်ပိုင်း ၆လ အတွင်း သစ်ပင်များ ခုတ်ဖြတ်ကြသဖြင့် မိုးရာသီ အချိန်တွင် မြေကြီးသည် မိုးရေ စုပ်ယူထိန်းသိမ်းနိုင်စွမ်းမရှိတော့ကြောင်း သိရသည်။

၂၀၁၈ စက်တင်ဘာ ၁၁ရက်တွင် ပြဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ အရ မြေများကို အသုံးပြုလိုပါက ၆လ အတွင်း မှတ်ပုံတင် လျှောက်ရမည်ဖြစ်ပြီး ၂၀၁၉ မတ် ၁၁ရက်တွင် နောက်ဆုံးထားလျှောက်ရမည်ဖြစ်သည်။

ထိုမြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ လျှောက်ရန် အတွက် နီးစပ်ချုပ် တောပိုင်းတွင် သစ်ပင်များ ခုတ်ခြင်း၊ ရှင်းလင်းခြင်းတို့ ပြုလုပ်ကြသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် တောင်ပေါ်တွင် သစ်ပင်များ မရှိတော့ဘဲ မြေကြီးသည် ရေစုပ်ယူမှုအားနည်းလာပြီး ရေခမ်းခြောက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။

ထို ပြဿနာကြောင့် မြန်မာနိုင်ငံ တဝှမ်း ၌ မိုးရွာသီရောက်ရှိပါက ရေကြီးခြင်း၊ နွေရာသီရောက်ပါက ရေခမ်းခြောက်ခြင်းတို့ ဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article