မေတ္တာရှေ့ထား ကျင့်ကြံအားထုတ်စေလို

0

သို့

ဘုန်းဘုန်းဘုရား နှင့် တာဝန်ရှိဂေါပကများ

မင်္ဂလာနောင်ကွတ်ကျောင်းတိုက်

ပင်လုံမြို့

သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် ဖေါ်ပြပေးပါရန်

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ ရပ်ကွက် ၂ နယ်မြေအတွင်း ပြည်ထောင်စုကျောက်တိုင်ကွင်းဘေးမှာ မင်္ဂလာနောင်ကွတ်ဘုန်းကြီးကျောင်း တည်ရှိပါတယ်။

ဒီဘုန်းကြီးကျောင်းကို လဲချားစော်ဘွားခေတ်တုန်းက မြို့စား(ပူဟိန်)နဲ့ ပင်လုံမြို့ ဝမ့်စန့်ခမ်းရွာရှိ ဒကာ၊ ဒကာမတွေက စုပေါင်းပြီး ဘုန်းတော်ကြီး ဆရာတော် ဦးကုန အမှူးပြုပြီး ရှေးဟောင်းလက်ရာနဲ့ သာသနိက ကျောင်းကန်၊ ဘုရားစေတီ၊ ဇရပ်၊ ဥပုသ်သည်ဆောင်တွေ ဆောက်လုပ်လှူဒါန်းထားပါတယ်။

ဘုန်းဘုန်း ဦးကုန ပျံလွန်တော်မူပြီးနောက် ဒီဘုန်းကြီးကျောင်းကို ဆက်လက် ကျောင်းထိုင် သီတင်းသုံးသွားတဲ့ ဘုန်းဘုန်းနောက်တပါးကလည်း  ဝိနည်းတော်နဲ့အညီ ကျင့်ကြံအားထုတ်တာ ကြောင့် ဒကာ၊ ဒကာမတွေနဲ့ ဘာပြဿနာ တစ်စုံတစ်ရာ မရှိဖူးပါဘူး။ ကျောင်းကိစ္စအ၀၀ကို လူမျိုးခွဲခြား​ခြင်းမရှိဘဲ ညှိနှိုင်းတိုင်ပင်ပြီး သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ပါတယ်။

Photo Credit to nld-official – ပင်လုံမြို့ရှိ မင်္ဂလာနောင်ကွတ်ကျောင်းတိုက်

ယခုလက်ရှိ ကျောင်းထိုင်ဆရာတော်လက်ထက်မှာတော့ ယခင် ဘုန်းဘုန်းတွေ လက်ထက် က  ဒကာ၊ ဒကာမတွေ ဆောက်လုပ်လှူဒါန်းထားတဲ့ ရှေးဟောင်းလက်ရာ ဇရပ်တွေ၊ အလှူရှင်အမည်နာမတွေကို ဒကာ ဒကာမ အချို့ နဲ့ ပေါင်း ရှေးဟောင်းလက်ရာတွေကိုဖျက်ဆီး၊  ပုံစံသစ်နဲ့ မွမ်းမံတည်ဆောက်နေပါတယ်။

ဝါကွင်းကာလ ဥပုသ်သည်တွေ ဥပုသ်လာစောင့်တဲ့ နှစ်ပေါင်း ၇၀ ကျော်ရှိ ရှေးဟောင်း လက်ရာ ဇရပ် ၂ ခုကို ၂၀၁၉ ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့မှာ  မူလ ဒကာ၊ ဒကာမတွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ ဝိနည်းလွတ် ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာ အဲဒီနေရာမှာ သံဃာ့ကျောင်းဆောင် ၂ ထပ် ဆောက်လုပ်ဖို့ ပန္နက်ရိုက် အုတ်မြစ်ချခဲ့ပါတယ်။ အသစ်ဆောက်လုပ်မယ့် သံဃာ့ဆောင်ကိုလည်း ဝမ့်စန့်ခမ်းအမည်ကို ဖော်ပြမှာမဟုတ်ဘူးလို့ ​ပြောပါတယ်။

ကျောင်းဝင်းတွင်း သံဃာ့ကျောင်းဆောင်ဆောက်လုပ်တာကို ကျနော်တို့များ မကန့်ကွက်လိုပါ။ နေရာတစ်ခုတည်းပေါ်မှာ တည်ရှိတဲ့ မူလအလှူရှင်ဒကာ၊ ဒကာမတွေရဲ့ ဥပုသ်သည်ဇရပ်ကို ဖျက်ဆီးပြီး သံဃာ့ကျောင်းဆောင်သစ်ဆောက်လုပ်မယ်ဆိုတာ ရှေးဟောင်းဘုန်းကြီးကျောင်း၊ ရှေးဟောင်းလက်ရာဇရပ်များကို ပညာသားပါပါ ပထုတ်နေတယ်၊ သာသနာကို အကြောင်းပြပြီး အနုနည်းနဲ့ ထုတ်ပယ်နေတယ်လို့ ခံစားရပါတယ်။

သံဃာတော်ဆောင်ဆောက်လုပ်ဖို့ မင်္ဂလာနောင်ကွတ်ကျောင်းဝင်းရဲ့ အရှေ့ဘက်မှာ မြေလွတ်တွေ  အများကြီး ကျန်ရှိနေသေးပါတယ်။ ဘုန်းကြီးကျောင်း အနောက်ဘက်မှာ ဆောက်လုပ်ထားတဲ့ သံဃာဆောင် ၂ ဆောင်မှာလည်း သံဃာတော်တွေ သီတင်းသုံးနေထိုင်တာ မရှိပါဘူး။ အဘယ်ကြောင့် ဝမ့်စန့်ခမ်းရှိ ဒကာ၊ ဒကာမတွေရဲ့ ဥပုသ်သည်ဇရပ်ကို ဖျက်ဆီးပြီး ဆောက်လုပ်ရပါသလဲ။ မူလ ဘုန်းကြီးကျောင်းကို နာမည်ဖျောက်ပြီး လူမျိုးရေးရှေ့တန်းတင်တဲ့ ဘုန်းကြီးကျောင်းအဖြစ် ဆောင်ရွက်နေပါသလား။

လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် ရှေးကျောင်းထိုင်ဆရာတော်တွေ လုပ်ဆောင်ခဲ့တဲ့အတိုင်း ကျောင်းထိုင်ဆရာတော် အနေနဲ့ သံဃာတော်ဝိနည်းနဲ့အညီ ဒကာ၊ ဒကာမတွေအပေါ် လူမျိုးခွဲခြားခြင်းမရှိဘဲ မေတ္တာရှေ့ထား ကျင့်ကြံအားထုတ်သင့်တယ်လို့ အသိပေးအပ်ပါတယ်။

 

တရားမျှတမှုကို လိုလားတဲ့

ဝမ့်စန့်ခမ်းသားတစ်ဦး

Leave a Comments

SHARE