မြို့ရဲ့ချည်တိုင်ဝိညာဉ်လား ၊ ပြည်ရွာစိတ်ဝိညာဉ်လား သျှမ်းပြည်က မာလိန်တိုင် မိုးနဲမြို့ ၊ သျှမ်းပြည်တောင်ပိုင်း (ရှေးဟောင်းသမိုင်းရေးရာ)

0

မာလိန်တိုင်အကြောင်းမပြောခင် မိုးနဲရဲ့နောက်ခံသမိုင်းအကျဉ်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။

မိုးနဲမြို့က သျှမ်းပြည်တောင်ပိုင်းမှာ တည်ရှိပြီး သျှမ်းပြည်ရဲ့မြို့တော် တောင်ကြီးကနေ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာမှာတည်ရှိပါတယ်။

မိုးနဲကို BC 441 (သျှမ်းသမိုင်း ၊ ခူးခေးသျှန်) မှာ တည်ထောင်တယ်လို့ပြောသလို ၊ BC 519 (သျှမ်းလူမျိုးများသမိုင်း) မှာ တည်ထောင်တယ်လို့လည်းဆိုပါတယ်။ Arnold Wright ရေးတဲ့ Twentieth Impressions of Burma စာအုပ်မှာတော့ မိုးနဲကို BC 504 မှာ တည်ထောင်တယ်လို့ ဆိုပြန်ပါတယ်။ မိုးနဲကို တည်ထောင်တဲ့နှစ်ကာလအားလုံးမှာ တူညီတဲ့အချက်က လွန်ခဲ့တဲ့နှစ် ၂၀၀၀ ကျော်ကာလပဲဖြစ်တယ်။

မိုးနဲကို ပထမဆုံးတည်ထောင်တာနဲ့ပတ်သက်ပြီး သက်သေထူနိုင်ဖို့ ခေတ်ပြိုင် သမိုင်း မှတ်တမ်း တွေအများကြီးလိုသလို ရှေးဟောင်းသုတေသနလုပ်ငန်းလုပ်ဖို့လည်း အများကြီးလိုအပ်ပါတယ်။

မိုးနဲခေတ်သမိုင်းကာလကို ခွဲခြမ်းစိပ်ဖြာမယ်ဆိုရင် AD ၁၃ ရာစုမတိုင်ခင်ခေတ်ကာလ မိုးနဲနဲ့မော အင်ပါယာခေတ် (Mong Nai & Mong Mao Long Period) ၊ AD ၁၃ ရာစုကနေ AD 16 ရာစုအလယ်ပိုင်းထိကို မိုးနဲနဲ့လန့်နားခေတ် (Mong Nai-Lan Na Period) ခေတ် ၊ ဘုရင့်နောင်က မိုးနဲကို သိမ်းပိုက်ခဲ့တဲ့ AD ၁၆ ရာစုအလယ်လောက်ကနေ နောက်ပိုင်းခေတ် ဆိုပြီး ခေတ်တွေကို အကြမ်းဖျင်းခွဲနိုင်ပါတယ်။

တကယ်တော့မောအင်ပါယာမတိုင်ခင်မှာ ခေတ်ကာလတွေ ရှိကောင်းရှိဦးမယ်။ AD 1556 ၊ ဘုရင့်နောင်က မိုးနဲကို ချီတက်သိမ်းပိုက်တဲ့အခါက မိုးနဲပြည်ရဲ့အကျယ်အဝန်းဟာ အရှေ့ဘက်မှာ ကျိုင်းတုံနယ်ထိ ၊ တောင်ဘက်မှာ ချင်းမိုင် (ဇင်းမယ်) နယ်ထိ ၊ အနောက်ဘက်မှာ ညောင်ရွှေနယ်ထိ ၊ မြောက်ဘက်မှာ သီပေါအုန်းပေါင်နယ်နဲ့သိန္နီနယ်ထိ ကျယ်ဝန်းပါတယ်။

မာလိန်တိုင်အကြောင်းဘက် ပြန်လှည့်ကြစို့။

လက်ရှိတွေ့နေရဆဲ မိုးနဲက မာလိန်တိုင်ပုံ
credit: mork korn mai, 2015

မန်လိန်တိုင်က လက်ရှိဟော်နန်း (နန်းတော်) ရဲ့ အရှေ့ဘက်တည့်တည့် ဟော်နန်းဝင်းထဲမှာ တည်ရှိပါတယ်။

မာလိန်တိုင်က သစ်လုံးတိုင်တစ်တိုင်တည်းရှိတာမဟုတ်ဘဲ သစ်လုံးတွေအစုလိုက်စိုက်ထူထားတယ်။ တောင်မြောက်တန်းနေတဲ့ သစ်လုံးတိုင်စုနှစ်စုရှိတယ်။ တောင်ဘက်ခြမ်းသစ်လုံးတိုင်စုက အလယ်တိုင်နဲ့ဘေးရံတိုင်ပေါင်း ၆ တိုင်ရှိပြီး မြောက်ဘက်အစုကတော့ စုစုပေါင်း ၈ တိုင်ရှိပါတယ်။

အလယ်ဗဟိုက အမြင့်ဆုံးတိုင်လုံးကို တခြားတိုင်လုံးတွေက ပတ်ပတ်လည်ရံထားတယ်။ အနိမ့်ဆုံးတိုင်လုံးက မြေမျက်နာပြင်ကနေ ရ ပေလောက်ရှိမယ်လို့ ခန့်မှန်းရပြီး အလယ်ဗဟိုမှာရှိတဲ့တိုင်လုံးအမြင့်က ပေ ၅၀ ဝန်းကျင်လောက်ရှိမယ်လို့ မှန်းဆရတယ်။

သစ်လုံးတိုင်စုနှစ်စုရဲ့ ဘေးရံတိုင်လုံးတွေထိပ်ပိုင်းမှာ ကြာဖူးပုံထွင်းထားတယ်။ မြောက်ဘက်တိုင်လုံးစုရဲ့ အလယ်ဗဟိုတိုင်လုံးတလျှောက်မှာ သံကြိုးပြားတွေနဲ့ချည်နှောင်ထားတာတွေ့ရတယ်။ သစ်လုံးတိုင်က ပင်စည်တခုတည်းမဟုတ်ဘဲ သစ်လုံးတွေအပိုင်းလိုက်ကို သံကြိုးနဲ့ချည်ဆက်ထားတာပါ။ တိုင်ရဲ့ထိပ်မှာတော့ အနားရှစ်မြှောင့်ပါတဲ့ ထီးတခုတပ်ဆင်ထားတယ်။ ထီးရှိတဲ့တိုင်ထိပ်မှာ တိုင်လုံးအပိုင်းတခုကို တွဲချည်ထားတာတွေ့ရပါလိမ့်မယ်။

ပါးစပ်ရာဇဝင်အရ စော်ဘွားရဲ့ စီးတော်ယာဉ်က မင်္ဂလာဆင်ဟာ ပိန်းပိတ်အောင်နှင်းကျတဲ့ တမနက်မှာတော့ ဘယ်ကမှန်းမသိရတဲ့ ကျွန်းတိုင်လုံးတစ်လုံးကို ဆွဲလာပါတယ်တဲ့။ နောက်တစ်နေ့မှာ ကျွန်းတိုင်လုံးက အလိုလိုထောင်မတ်နေတာ တွေ့ရတယ်တဲ့။ မင်္ဂလာရှိတဲ့ကျွန်းတိုင်လုံးပဲလို့ ယူဆပြီး တိုင်ကိုနှစ်ပိုင်းပိုင်းလိုက်တယ်။ တပိုင်းကို မာလိန်တိုင်ထိပ်မှာ တွဲချည်ထားလိုက်ပြီး ကျန်တဲ့တပိုင်းကိုတော့ ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ထုလုပ်လိုက်တယ်။

ဆင်းတုတော်ကို ထားဖို့ ကျောင်းဆောင်တစ်ဆောင်လည်း ဆောက်လုပ်ပြီး အဲကျောင်းကို ရပ်တော်မူကျောင်းလို့ အမည်ပေးလိုက်တယ်။ ရပ်တော်မူကျောင်းက ခုထိရှိပြီး နမ့်စန်မြို့ကနေ မိုးနဲမြို့အဝင်ဘက် နာဟောင်ရပ်ကွက်မှာရှိပါတယ်။ တောင်ဘက်တိုင်လုံးစုရဲ့ အလယ်တိုင်က နှစ်တိုင်ဖြစ်ပြီး ညာဘက်ခြမ်းတိုင်လုံးတလျှောက်မှာ သံကွင်းတွေ တပ်ဆင်ထားတာတွေ့ရတယ်။ တိုင်တွေရဲ့ထိပ်မှာတော့ တိုင်နှစ်ခုရဲ့ထိပ်ပိုင်းနှစ်ဘက်ကို သစ်သားချောင်းတခုနဲ့ ဆက်ထားတယ်။ တိုင်ထိပ်ဖျားမရောက်ခင်လေး တိုင်လုံးကို အပေါက်ဖောက်ပြီး ဆက်ထားတဲ့သစ်သားချောင်း ဘယ်ညာထိပ်နှစ်ဘက်မှာ အမောက်ထောင်နဂါးရုပ်ပုံမျိုး ထွင်းထုထားတာတွေ့ရတယ်။ တိုင်လုံးအားလုံးရဲ့အရင်းပိုင်းမှာ ဘာမှ ထွင်းထုထားတာမတွေ့ရဘဲ တိုင်လုံးတွေက ပန္နက်မပါတဲ့ မြေစိုက်တိုင်လုံးတွေဖြစ်ပါတယ်။

အခုမြင်ရတဲ့ တိုင်လုံးတွေရဲ့ ပန္နက်ခုံဖိနပ်က နောက်ပိုင်းမှ ပြုလုပ်ခဲ့တာပါ။ တိုင်လုံးတွေကို တခုနဲ့တခု သပ်လျိုတွဲထားတဲ့ သစ်သားချောင်းတွေက မူရင်းမာလိန်တိုင်ကတည်းကလား ဒါမှမဟုတ် နောက်ပိုင်းမှ ပြုလုပ်တာလားဆိုတာ အသေအချာမသိရပါဘူး။

ဒီမာလိန်တိုင်က မိုးနဲရဲ့ အထင်ကရနေရာတစ်ခုလည်းဖြစ်သလို မြို့ရဲ့ဗဟိုချက်မ လို့ပြောလည်း မမှား ပါဘူး။ တကယ်မြို့တွေမှာ သုညမှတ်အဖြစ် သတ်မှတ်တာလည်း ရှိပါတယ်။

ကျွန်တော်တို့ရဲ့မိတ်ဆွေသူငယ်ချင်းတွေ မိုးနဲကို လာလည်ကြတာပဲဖြစ်ဖြစ် ၊ ပြည်တွင်းခရီးသွားတွေ ရောက်လာ တာပဲဖြစ်ဖြစ် ၊ ခရီးသွားဟန်လွဲဝင်ရောက်လေ့လာတာပဲဖြစ်ဖြစ် မာလိန်တိုင်ဆီကို ရောက် မြဲဖြစ် ပါတယ်။ ရောက်ဖူးကြောင်း ဓာတ်ပုံရိုက်ပြန်သွားတဲ့သူတွေအတွက် ကိစ္စမရှိပေမဲ့ သမိုင်းကို စိတ်ဝင်စားသူတွေက ဒီမာလိန်တိုင်အကြောင်းမေးလာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဖြေစရာ ခိုင်ခိုင်မာမာမရှိဘဲ ယောင်တိယောင်ဝါး တခါတလေ မသိဘူး လို့သာ ရိုးသားစွာနဲ့ မျက်နှာပြောင် ထားပြီး ဖြေလိုက်ရတယ်။ မသိရင်မသိကြောင်း ရိုးရိုးသားသားဖြေလိုက်တာက ဟိုယောင် ဒီရွှီးဖြေလိုက်တာထက် ပိုပြီးကောင်းတယ်။ အတိအကျအခိုင်အမာ မဆိုမပြောနိုင်လည်း ဖြစ်နိုင်ချေရှိကြောင်း ယုတ္တိကျတဲ့အချက်အလက်တွေ နှိုင်းယှဉ်ပြောနိုင်ရင်လည်း မဆိုးသေးပါ။

ကျွန်တော်တို့က ပါးစပ်ရာဇဝင်တွေ ကိုယ့်ရဲ့အခြေခံထင်မြင်ချက်တွေအပေါ်မူတည်ပြီး တခြားသူ တွေကို ရှင်းပြလိုက်တဲ့အခါမှာ သမိုင်းမှန်နိုင်ခြေနဲ့ လွဲဖို့ သိပ်ကိုသေချာပါတယ်။

ဒီတိုင်လုံးတွေက မာလိန်တိုင်လို့ တချို့ကပြောတယ်။ တချို့က မီးလင်းတိုင်လို့ ဆိုပြန်တယ်။ တချို့က ဟစ်တိုင်ပါလို့ ငြင်းကြပြန်တယ်။ တချို့က မဏ္ဍိုင် ပါတဲ့။ ခေတ်ပြိုင်သမိုင်းတွေအပေါ်မူတည်ပြီး ကျွန်တော်ဆွေးနွေးသုံးသပ်ပါ့မယ်။

ခရစ်နှစ် ၁၈၅၄ မှာ စော်ဘွားကြီးစဝ်ခွန်နွံက မူလဟော်နန်းရှိရာ နောင်မိုကန် (ဥယျာဉ်ကန်) တောင်ဘက်ကနေ လက်ရှိနေရာကို ပြောင်းရွေ့တည်ဆောက်ခဲ့တယ်။ မာလိန်တိုင်ကိုတော့ စော်ဘွားကြီးစဝ်ခွန်ကြည် (စဝ်ရွှေကြည်) လက်ထက် ခရစ်နှစ် ၁၈၉၂ မှာ တည်ဆောက်ခဲ့တယ်။ တွေ့ရတဲ့အချက်တစ်ချက်က ဟော်နန်းသစ်တည်ဆောက်စဉ်က မာလိန်တိုင်မရှိသေးဘူးဆိုတာပဲ။

ဒီတိုင်လုံးတွေကို မာလိန်တိုင်လို့ မိုးနဲရာဇဝင်စာအုပ်မှာ ရေးသားထားတယ်။ ပြီးတော့ ဒီတိုင်လုံးတွေကို ဗဟိုမဏ္ဍိုင်ပြုပြီးမြို့တည်တယ် ၊ ဒီတိုင်လုံးတွေက မြို့ရဲ့ချည်တိုင်ဝိညာဉ် ၊ ရွှေနန်းတော်ထက် တစ်ဆင့်နိမ့်တဲ့အထိမ်းအမှတ်လို့ မိုးနဲရှေးဟောင်းပေပုရပိုက်တခုမှာ ရေးသားဖော်ပြထားတယ်။

လမ်းပန်းမြို့က မြို့ရဲ့ချည်တိုင်ဝိညာဉ်တိုင်ပုံ
hans penth, history of chiang rai

မြို့ရဲ့ဗဟိုမဏ္ဍိုင်ဆိုတဲ့ အရင်းအမြစ်ကို ကြည့်လိုက်တဲ့အခါမှာ AD ၁၂၆၂ ၊ လန့်နားအင်ပါယာကို စတင်တည်ထောင်ခဲ့တဲ့ ဖရာ့မန်ရို်င်း (Phra Mangrai, ဗမာအခေါ်က ဗညားမင်းရဲ သို့မဟုတ် စောမိုင်းရဲ) က လန့်နားရဲ့မြို့တော်အဖြစ် ချင်းရိုင်းမြို့တည်ထောင်ပုံကို သွားတွေ့ရတယ်။ ငင်းယန်း (ngeon yang) ရဲ့ ၂၅ ဆက်မြောက်မင်းဖရာ့မန်းရိုိင်းဟာ ပဒေသရာဇ်နိုင်ငံတွေကို စုစည်းသူ ဧကရာဇ်အဖြစ် သတ်မှတ်ခံရပြီး ချင်းရိုင်းကို လန့်နားအင်ပါယာရဲ့မြို့တော်အဖြစ် ရွေးချယ်တည် ဆောက် ခဲ့တယ်။

မြို့တော်တည်ဆောက်မဲ့နေရာဝန်းကျင်မှာ အခြားတောင်ကုန်းတောင်တန်း တွေထက်ပိုမိုမြင့်မားတဲ့ ဒွယ်စွမ်ထောင်းဆိုတဲ့တောင်ကို မြို့ရဲ့ဗဟိုချက်မအဖြစ်သတ်မှတ်ခဲ့တယ်။ ဒီတောင်ရဲ့ ဘေးပတ်ဝန်းကျင် မှာတော့ ဝိန်း (wiang) လို့ခေါ်တဲ့ မြို့တွေကို ပတ်ပတ်လည် တည်ဆောက်ခဲ့တယ်။ ဒွယ်စွမ်ထောင်း (Doi Jom Thong) တောင်ကို မင်းနေပြည်ရဲ့ ဗဟိုမဏ္ဍိုင်အဖြစ်ထားသလို ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဗဟိုလည်း ဖြစ်တယ်။

တောင်ကို မြို့တော် ဒါမှမဟုတ် မင်းနေပြည်တော်ရဲ့ ဗဟိုအဖြစ်ထားတဲ့ဓလေ့ဟာ ဖရာ့မန်းရိုင်းတည်ဆောက်တဲ့ ချင်းရိုင်းမြို့မှာသာ တွေ့ရပြီး ကျန်တဲ့ ရှေးထိုင်းလူမျိုးတွေရဲ့ မြို့ပြနိုင်ငံတွေမှာတော့ မတွေ့ရဘူး။
ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းကမြို့တချို့ကိုကြည့်မယ်ဆိုရင် ချင်းမိုင်မြို့မှာ ဆောဝ်အင်းတခင် (Sao Intakhin) လို့ခေါ်တဲ့ ဣန္ဒာဒေဝသိကြားမင်းကို ပူဇော်တဲ့တိုင် (Indra’s Pillar) ကို တည်ဆောက်ထားသလို ထိုင်းနိုင်ငံအလယ်ပိုင်းမြို့တွေမှာဆိုရင် လဂ်မိန်း (Luk Muang) လို့ခေါ်တဲ့ မြို့လယ်ဗဟိုတိုင်လုံးတွေ စိုက်ထူထားတာတွေ့ရတယ်။ တောင်ကုန်းကို ဗဟိုထားတဲ့ချင်းရိုင်းမြို့က တခြားမြို့နဲ့ကွာတဲ့အချက်ပဲ။

ချင်းမိုင်က မြို့ရဲ့ဗဟိုမဏ္ဍိုင်ပုံ
hans penth, history of chiang rai

တွေးဆ ရမဲ့အချက်တချက်က ချင်းရိုင်း ၊ ချင်းရုန့် (Chiang Rai and Chiang Rung, ဗမာ့သမိုင်းမှာ chiang rung ကို ကျိုင်းရုံးကြီးလို့ ရေးသား) မှာနေထိုင်တဲ့ ထိုင်းလူမျိုးတွေရဲ့ကိုးကွယ်ယုံကြည်မှုအပေါ် ဟိန္ဒူဝါဒ ၊ တန္ဒြိဗုဒ္ဓဝါဓ ၊ မဟာယာနဗုဒ္ဓဝါဒနဲ့ ဟိနယာနဗုဒ္ဓဝါဒတွေ လွမ်းမိုးလိမ့်မယ်လို့ ယူဆရတယ်။ ဒါကြောင့် ချင်းရိုင်းကို တည်ထောင်တဲ့အခါမှာ ဒွယ်စွမ်ထောင်းတောင်ကို ဗဟိုပြုထားခြင်းဟာ ဟိန္ဒူဝါဒကနေ ဆင်းသက်လာတဲ့ မြင့်မိုရ်တောင်ကိုဗဟိုပြုစကြာဝဠာအယူအဆ (Indian Concept of Central World Mountain) ပဲဖြစ်တယ်။
ရှေးသျှမ်းလူမျိုးတွေ ၊ ထိုင်းလူမျိုးတွေ မြို့ရွာတည်ဆောက်နေထိုင်တဲ့ပုံစံတွေက ဒီအယူဝါဒနဲ့ များစွာဆက်နွယ်မှုရှိနေတာကိုတွေ့ရတယ်။

နိုင်ငံကို မင်းလုပ်အုပ်ချုပ်သူဘုရင်ကလည်း စကြာဝတေးမင်း (king of the mountain) ရယ်လို့ ပြည်သူစိတ်နှလုံးကို သိမ်းကြုံးယူထားနိုင်တယ်။ သုတေသနပြုချက်အရ ထိုင်းနိုင်ငံမြောက်ပိုင်းက ထိုင်းလူမျိုးတွေရဲ့အရေးပါအရာရောက်မြို့ရွာတွေတိုင်းမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာကြတဲ့ ဓလေ့ထုံးတမ်းအရ မြို့ရဲ့ဝိညာဉ်ချည်တိုင် ဒါမှမဟုတ် ပြည်ရွာစိတ်ဝိညာဉ် (Jai Ban or Jai Muang, Heart of the Village or Heart of the Country) အဖြစ် တိုင်လုံးတွေကို စိုက်ထူထားကြတာတွေ့ရတယ်။ တိုင်လုံးတွေရဲ့အရွယ်အစားသတ်မှတ်မှုနဲ့တိုင်လုံးအမြင့်ထားရှိမှု လုပ်ထုံးလုပ်နည်းအကြောင်းတွေကို မဖော်ပြတော့ပါဘူး။
ခရစ်နှစ် ၁၉၆၀ ဝန်းကျင်ထိ ကျန်ရှိနေတဲ့ ဝိန်းပါပေါဝ့်က တိုင်လုံးတွေက ၃ တို်င်တွေ့ရပြီး အခုချိန်မှာ ၁ တို်င်ပဲ ကျန်ပါတော့တယ်။ လမ်းပန်းမြို့ (Lampang) မှာ သစ်လုံးတိုင် ၃ တိုင်ကို တနေရာတည်းမှာ စုစိုက်ထူထားပြီး တိုင်းလူ့ (Tai Lu, လူ့သျှမ်း) ရွာတွေမှာ အများအားဖြင့်တွေ့ရတာက တိုင်လုံးပေါင်း ၅ တို်င်ရှိပါတယ်။

ဒီဓလေ့ထုံးစံက ဖရာ့မန်းရိုင်းလက်ထက်မှ စတင်တာမဟုတ်ဘဲ ရှေးကတည်းက ကျင့်သုံးလာ တဲ့ဓလေ့ဖြစ် တယ်။ အရှေ့တောင်အာရှကျွန်းနိုင်ငံတွေနဲ့ ကုန်းတွင်းပိုင်းနိုင်ငံတွေမှာ မြို့ရဲ့ဗဟိုမဏ္ဍိုင်တိုင်လုံးတွေ စိုက်ထူကြတာကို တွေ့ရှိရတယ်။ ချင်းရို်င်းမြို့ကိုတည်ထောင်တဲ့အခါမှာ ဒွယ်စွမ်ထောင်းတောင်တခုလုံးကို ဗဟိုအဖြစ်ထားခြင်းနဲ့ တောင်ထိပ်အလယ်ဗဟိုမှာ မြို့ရဲ့ဝိညာဉ်ချည်တိုင်စိုက်ထူတာဟာ တခြားမြို့ပြတွေထက် နည်းနည်းအကဲပိုတယ်ဆိုပေမဲ့ ဒီကျင့်သုံးမှုဓလေ့ကို ဖရာ့မန်းရိုင်းက စဦးတီထွင်သူမဟုတ်ကြောင်း သေချာပါတယ်။

ကျိုင်းတုံမြို့နယ် ၊ တောင်ပေါ်ငါးအုပ်စု ၊ ဟာလုံရွာက မြင့်မြတ်ခြင်းတိုင်လုံးပုံ
rural development assessment trip, lexdev development agency, 2016

သံလွင်အရှေ့ခြမ်း အထူးသဖြင့် ကျိုင်းတုံမြို့နယ်ထဲက တောင်ပေါ်ငါးအုပ်စုလို့ခေါ်တဲ့ တောင်ပေါ်ရွာတွေတချို့ရဲ့ ရွာလယ်ခေါင်မှာ မြင့်မြတ်တဲ့နေရာဆိုပြီး တိုင်လုံးတွေစိုက်ထူထားတာတွေ့ရတယ်။ ၂၀၁၆ တုန်းက ဒီတောင်ပေါ်ငါးအုပ်စုမှာ ကျေးလက်ဖွ့ံဖြိုးရေးသုတေသနလုပ်ငန်းသွားရောက်ဆောင်ရွက်ရင်း ဒီထူးဆန်းတာလေးတွေကို သတိထားခဲ့မိတယ်။ ဒေသခံရွာလူထုက ဒါကို မြင့်မြတ်တဲ့တိုင်လုံး (pillars of holy land) တွေလို့ ယုံကြည်ကြတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာတပိုင်း နတ်ကိုးကွယ်မှုတပိုင်း ရောယှက်နေတဲ့ အာခါနဲ့လားဟူရွာတွေမှာ တွေ့ရတယ်။
ကျိုင်းတုံနယ်ဟာ လန့်နားမင်းဆက်အုပ်စိုးခဲ့ဖူးတဲ့မြို့ပြနိုင်ငံဖြစ်တဲ့အလျောက် လန့်နားမှာကျင့်သုံးတဲ့ ဒီဓလေ့ထုံးတမ်းဟာ ဝေးလံခေါင်သီတဲ့ကျိုင်းတုံနယ်ရွာတွေမှာ ကျန်ရှိကျင့်သုံးနေဆဲလို့ ကောက် ချက်ချနိုင်တယ်။ မာလိန်တိုင်ကို မြို့ရဲ့ဗဟိုမဏ္ဍိုင် ၊ မြို့ရဲ့ချည်တိုင်ဝိညာဉ်လို့ မိုးနဲရှေးဟောင်း ပုရပိုက်မှာရေးသားဖော်ပြခြင်းအကြောင်းက ရှင်းသွားပြီလို့ ထင်ပါတယ်။

မြောက်ဘက်ခြမ်းက မာလိန်တိုင်အစုရဲ့ အလယ်ဗဟိုတိုင်လုံးကို ကြည့်လိုက်ရင် တိုင်ရဲ့ထိပ်မှာ အနားရှစ်မြှောင့် ပါထီးတခုကို တပ်ဆင်ထားတာတွေ့ရပါလိမ့်မယ်။ အလယ်တိုင်က မြင့်မိုရ်တောင်ကို ရည်ညွန်းပြီး အရံတိုင် ရ လုံးက တောင်စဉ်ခုနှစ်တန်အဖြစ် ရည်ညွန်းပါတယ်။ ဘေးရံတိုင်တွေရဲ့ဟာနေတဲ့ကြားကွက်လပ်နေရာတွေက သမုဒ္ဒရာခုနှစ်လွှာ ဒါမှမဟုတ် တောင်တွေကိုဝိုင်းပတ်ထားတဲ့မြစ်ခုနှစ်စင်းအဖြစ် အဓိပ္ပါယ်ကောက်ယူနိုင်တယ်။ အလယ်တိုင်ထိပ်ရဲ့ထီးအထက်ပိုင်းက မြင့်မိုရ်တောင်ရဲ့ထိပ် (the summit of mount sineru or mount meru) ကိုညွန်းဆိုပြီး ဣန္ဒာနတ်သိကြားမင်း ရုံးစိုက်ရာတာဝတိံသာနတ်ပြည်လည်းဖြစ်တယ်။ ဒီအယူအဆက ဟိန္ဒူဝါဒကနေအရင်းခံပြီး ဗုဒ္ဓဝါဒထဲပျော်ဝင်နေတဲ့အယူဝါဒဖြစ်တယ်။ မဏ္ဍလ (mandala or the universe) လို့ခေါ်တဲ့ စကြာဝဠာ (cosmology) အယူအဆလည်းဖြစ်တယ်။ တိုင်ထိပ်ထီးက စကြာဝဠာလို့ ညွန်းဆို ဟန်ရှိတယ်။ ဒီအယူအဆကို လက်ခံရင် တိုင်လုံးစုတစ်စုမှာ တိုင်ပေါင်း ၈ တိုင်ရှိရပါလိမ့်မယ်။

တောင်ဘက်ခြမ်းတိုင်အစုရဲ့ ထိပ်မှာ ကြီးမားတဲ့ချူလုံးတစ်လုံးတပ်ဆင်ထားတယ်လို့ဆိုပါတယ်။ ပွဲလမ်းသဘင်တွေမှာ တိုင်ထိပ်က ချူလုံးနဲ့တွဲချည်ထားတဲ့ကြိုးကို ဆွဲကြပြီး သန်မာမှုအားချင်းပြိုင်ကြတယ်လို့ ပါးစပ်ရာဇဝင်ကဆိုတယ်။ ချူလုံးကို ဘာကြောင့်ချိတ်ဆွဲထားတယ်ဆိုတာကိုတော့ ဆက်လက်ပြီး လေ့လာရဦးမယ်။ တို်င်ထိပ်မှာ နဂါးရုပ်ထွင်းထားတာကရော ဘယ်လိုအဓိပ္ပါယ်ရှိလဲ။ တစုံတယောက်က ဆက်လက်ရှာဖွေဖော်ထုတ်မယ်လို့ မျှော်လင့်ပါတယ်။

ဘေးရံတိုင်လုံးတွေရဲ့ထိပ်ပိုင်းကို ကြာဖူးပုံထွင်းထုထားတာက ဣန္ဒာနတ်သိကြားမင်းကို ပူဇော်တယ်လို့ ယူဆရတယ်။ ချင်းမိုင်က မြို့ရဲ့ချည်တိုင်ဝိညာဉ်ထိပ်မှာ ထွင်းထုထားတဲ့ကြာဖူးကတော့ ထိုင်းလူမျိုးတွေ ရဲ့ယုံကြည်မှုအရ သိကြားမင်း (ဖရာ့အင်း) ကို ပူဇော်တယ်လို့ဆိုပါတယ်။
ကြာဖူးကြာပန်းက ဗုဒ္ဓဝါဒမှာ မြင့်မြတ်တဲ့သင်္ကေတအဖြစ် အထူးသဖြင့် သာနာ့အဆောက်အဦတွေမှာ ထုလုပ်ပူဇော်ကြတာကို တွေ့ရတယ်။ ဗုဒ္ဓဂေါတမဖွားမြင်တော်မူခန်းကို ကြာပန်းနဲ့ဖော်ပြတာ ၊ အီဂျစ် ၊ မက်ဆိုပိုတေးမိုင်းယားဒေနဲ့ ပါးရှားနိုင်ငံတွေမှာ ကြာပန်းကို နေရဲ့အမှတ်အသားမဖြစ်တင်စားတာ ၊ နတ်ဒေဝါတွေက ကြာပန်းကနေမွေးဖွားလာတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်တာ ဒါတွေအပြင် ကြာပန်းက မွန်မြတ်သန့်စင်တဲ့သဘော ၊ ကျက်သရေဝေဖြာတဲ့သဘော ၊ မင်္ဂလာရှိတဲ့သဘော ၊ ပေါက်ဖွားကြီးပြင်တဲ့သဘောတွေရှိတဲ့အကြောင်း ဖော်ညွန်းကြပါတယ်။

ဒီတခါ မာလိန်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို ရှင်းလင်းဖို့လိုပါလိမ့်မယ်။ မာလိန်ဆိုတဲ့စကားလုံးက muallim ဆိုတဲ့ အာရဗစ်ဘာသာစကားကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ သဘောင်္ကို စီရင်အုပ်ချုပ်သော ရေကြောင်းပြအရာရှိလို့ အဓိပ္ပါယ်ပါတယ်။

ဒီနေရာမှာ မြို့ရဲ့ဗဟိုမဏ္ဍိုင်ဆိုတဲ့စကားရပ်နဲ့ နှိုင်းယှဉ်ကြည့်ဖို့လိုပါလိမ့်မယ်။

အလယ်ဗဟိုကိုစံထားခြင်းစံပြုခြင်းနဲ့ သဘောင်္တစီးလုံးကို ဦးဆောင်ကွပ်ကဲခြင်းဆိုတာ စကားလုံးကွဲပေမဲ့ အဓိပ္ပါယ်အနှစ်သာရကတော့ သဘောတခုတည်းပဲဆိုတာ ဘယ်သူမှငြင်းမယ်မထင်ဘူး။

လူ့သျှမ်းတို့ရွာက ပြည်ရွာစိတ်ဝိညာဉ်တိုင်ပုံ
hans penth, history of chiangmai

လန့်နားခေတ်က အမည်နာမမျိုး ဒါမှမဟုတ် သျှမ်းတွေရဲ့မူရင်းအသုံးဖြစ်တဲ့ စိုင်ဘန့်စိုင်မိန်း (Jai Ban Jai Muang) ဒါမှမဟုတ် လဂ်မိန်း (Luk Muang) ဆိုတာ အသုံးမပြုဘဲနဲ့ မာလိန်တိုင်လို့ နာမည်ပေးတာ ဇောတကတက်စရာအကြောင်းရှိပါတယ်။

လန့်နားခေတ်ကို စတင်ထူထောင်တာ AD 13 ရာစုဖြစ်ပြီး မာလိန်တိုင်ကို တည်ဆောက်တာက AD 19 ရာစုနှောင်းပိုင်းဖြစ်တယ်။ မြန်မာ့သမိုင်းနဲ့နှိုင်းယှဉ်ရင် ကုန်းဘောင်ခေတ်နှောင်းပိုင်းဖြစ်တယ်။ ဒီမာလိန်တိုင်ကို တည်ဆောက်တဲ့ စော်ဘွားကြီးစဝ်ခွန်ကြည်က ရှေးကအတွေးအခေါ်အယူအဆကိုသာ ယူပြီး အမည်နာမကို သူ့ခေတ်သူ့အခါအတိုင်းသမုတ်လိုက်တယ်လို့ပဲ ယူဆစရာရှိတယ်။

နှစ်များစွာကွာခြားလည်း ဓလေ့ထုံးတမ်းတွေကို ဆက်ပြီးကျင့်သုံးနေတယ်ဆိုတဲ့သဘောလို့ ယူဆနိုင်တယ်။
မြို့ရဲ့ချည်တိုင်ဝိညာဉ်ဆီကို လာပြီး ပူဇော်ပသတာ လိုရာဆုတောင်းတာတွေက ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ခုထိကျင့်သုံးနေဆဲပဲဖြစ်တယ်။ သူတို့ယုံကြည်တာက ဒီတိုင်ဟာ မြင့်မြတ်တဲ့တိုင် မြို့စောင့်နတ်ရဲ့ဘုံနန်း (the guardian spirit) လို့ ယုံကြည်ကြတယ်။ တိုင်လုံးပရဝုဏ်မှာ မြို့စောင့်နတ်မနှစ်သက်တဲ့အပြူအမူတွေကို ရှောင်ကျဉ်ကြတယ်။ တိုင်လုံးစိုက်ထူထားတဲ့ပုရဝုဏ်တွင်းမှာ မြို့စောင့်နတ် (guardian spirit) ရဲ့ နတ်ကွန်းနတ်နန်းတွေကို ဆောက်လုပ်ထားတယ်။ လာရောက်ဆုတောင်းပူဇော်ပသသူတွေက နတ်ကွန်းမှာ အမွေးန့ံသာတွေ ဖယောင်းတိုင်တွေ ပူဇော်ပစ္စည်းတွေနဲ့ ပူဇော်ပသမှုလုပ်ကြတယ်။

ဒီလိုပုံစံနဲ့ ဆင်တူယိုးမှားဖြစ်တဲ့ဓလေ့ကို မိုးနဲက ကိုယ်နဲ့ကို်က်ညီရာပုံစံပြောင်းပြီး ကျင့်သုံးတယ်လို့ တွေးဆစရာရှိတယ်။ စော်ဘွားတွေအုပ်ချုပ်စဉ်တုန်းက သီတင်းကျွတ်အခါဆိုရင် မာလိန်တိုင်မှာ မီးပုံးတွေနဲ့မီးပူဇော်တယ်လို့ ဆိုတယ်။ ဒါကို အစွဲပြုပြီး မီးလင်းတိုင်ဖြစ်ရမယ်လို့ ပြောဆိုနေသူတွေရှိတယ်။ ပူဇော်ပသတဲ့ မူလဓလေ့ထုံးတမ်းကို ထေရဝါဒနဲ့အညီ ပြုပြင်ကျင့်သုံးလိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ တနှစ်တခါ ဆီမီးပူဇော်ဖို့အတွက် ဒီတို်င်တွေကို ဆောက်ရတယ်ဆိုတာ သိပ်ပြီး သဘာဝမကျသလို လေးနက်မှုလည်း သိ်ပ်မရှိဘူး။ ပြီးတော့ ဒီတိုင်မှာ မီးထွန်းလို့ မီးလင်းတိုင်လို့ခေါ်ဆိုတာဟာ မီးတွေထွန်းတဲ့ တိုင်တိုင်း မီးလင်းတိုင်လို့ ခေါ်နိုင်တာပဲ။ ဒီမာလိန်တိုင်ဆီကိုလာပြီး ပူဇော်ပသတာ ဘာအရေး ညာအရေးအတွက်ဆုတောင်းတာတွေလုပ်ဖို့က ထိုင်းမှာလို နတ်ကွန်းဆောက်ထားသလိုပဲ မိုးနဲမှာလည်း မြို့စောင့်နတ်ကွန်းတည်ဆောက်ထားပါတယ်။ လက်ရှိဟော်နန်းဝင်းရဲ့ မြောက်ဘက်မှာတည်ရှိပါတယ်။ သုံးသပ်ကြည့်မယ်ဆို ဒီမြို့စောင့်နတ်နန်းနတ်ကွန်းကလည်း မာလိန်တိုင်နဲ့အဝေးကြီးမရှိတဲ့ မြို့ရဲ့ အလယ်ဗဟိုမှာလို့ ဆိုနိုင်တယ်။

မြို့စောင့်နတ်နန်းနတ်ကွန်းတွေကို သျှမ်းပြည်မှာအများဆုံးတွေ့ရပြီး အထူးသဖြင့် ဒီနတ်ကွန်းတွေက မြို့ရွာရဲ့အလယ်ဗဟိုတွေမှာ တည်ဆောက်ထားတတ်တယ်။ ဒီဟာနဲ့ပတ်သက်တဲ့နောက်ခံသမိုင်းတွေ ထုံးတမ်းစဉ်လာအကြောင်းတွေကို ချန်ထားလိုက်မယ်။

နောက်တခုက ဟစ်တိုင်လို့ တချို့က ပြောကြပြန်တယ်။ ဟစ်တိုင်ဆိုတာ ပြည်သူပြည်သားတွေက အုပ်ချုပ်သူဆီမှာ အမှုအခင်းတိုင်ချင်လို့ နန်းတော်အဆောက်အဦးရဲ့ သင့်တော်ရာနေရာမှာ စီစဉ်ပေးထားတဲ့ မောင်းလား အိုးစည်လား အသံထွက်နိုင်တဲ့ပစ္စည်းတခုကို တီးခတ်တိုင်ကြားတယ်လို့ ကျွန်တော်ယူဆတယ်။

ဒါပေမဲ့ စော်ဘွားတွေရဲ့ တရားရေးစနစ်မှာ ဒါမျိုးရှိတယ်လို့မတွေ့ဖူးပါ။

တိုင်ထိပ်မှာချိတ်ဆွဲထားတဲ့ချူလုံးကိုကြည့်ပြီး ဟစ်တိုင်လို့ ပြောတာဖြစ်ပါလိမ့်မယ်။
တရုတ်ပြည်သူ့တရားရှင်ဇာတ်လမ်းတွဲကို ကြည့်ပြီး တူမယ်လို့ မှတ်ယူတာဖြစ်ပါလိမ့်မယ်။ ဒီတခုတည်းနဲ့ ဒါပါလို့ ကောက်ချက်ဆွဲတာ နည်းလမ်းမကျဘူးလို့ ကျွန်တော်ယူဆတယ်။

မဏ္ဍိုင်ဆိုတဲ့ ပြောဆိုမှုကတော့ ထပ်ပြီးတီထွင်ကြတဲ့နာမည်ပါ။ မာလိန်တိုင်လို့လည်းမခေါ်နဲ့ မီးလင်းတိုင်လို့လည်းမခေါ်နဲ့ မဏ္ဍိုင်သာခေါ်လိုက် ရန်မဖြစ်ရတော့ဘူးဆိုတဲ့ ကြားဝင်စေ့စပ်ပေးတဲ့နာမည်ပါပဲ။

ချုပ်ရမယ်ဆိုရင် ဖရာ့မန်းရိုင်းက AD 1262 မှာ လန့်နားအင်ပါယာကို တည်ထောင်တဲ့နောက်ပိုင်း AD 1318 မှာ သူ့ရဲ့သားတော်အငယ်ဖြစ်တဲ့ ခွန်ခေး (Khun Khrua) ကို မိုးနဲအုပ်ချုပ်ဖို့ ပို့လိုက်တယ်။

ခွန်ခေးဘုရင်အုပ်စိုးတဲ့အချိန်ကစပြီး AD 1551 ထိ မယ့်ကုတ်ဘုရင် (King Meku or King Mae Kuti) ထိ ဖရာ့မန်းရိုင်းမင်းဆက်တွေ စိုးစံခဲ့တယ်။

ဒါကြောင့် လန့်နားအင်ပါယာက စီးဆင်းလာတဲ့ ဓလေ့ထုံးတမ်းတွေ ၊ ယဉ်ကျေးမှုတွေ ၊ ကိုးကွယ်ယုံကြည်မှု တွေက မာလိန်တိုင်တည်ဆောက်တဲ့ AD 19 ရာစုတိုင်အောင် မိုးနဲမှာ ရှင်ကျန်နေတယ်လို့ ဆိုပါရစေ။

Ref:
1.Hans Penth: On the history of Chiang Rai, Achieve of Lan Na inscriptions, Social Research Institute, Chiangmai University, Journal of Siam Society
2.တောင်ခိုး ၊ အရှေ့တောင်အာရှအနုသုခုမလက်ရာများအဘိဓာန် (ဘာသာပြန်) ၊ ရန်ကုန် ၊ ပြည့်စုံစာအုပ်တိုက် ၊ ၂၀၀၆
3.မိုးနဲရှေးဟောင်းပုရပိုက်
4.စိုင်းအူမိန်း ၊ လုံးစိုင်းလှအေး ၊ မိုးနဲမြို့သမိုင်း ၊ မိုးနဲ ၊ ၂၀၁၇
5. မြင့်အောင် ၊ ဦး ၊ လက်တွေ့လေ့လာပြုစုသူ၏မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုသုတေသန ၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန ၊ ရန်ကုန် ၊ ဒု ၊ ၂၀၁၃
6.သိန်းလှိုင် ၊ ဦး ၊ ခေတ်ဟောင်းမြန်မာ့သမိုင်းသုတေသနအဘိဓာန် ၊ နေရီရီစာပေ ၊ ရန်ကုန် ၊ တ ၊ ၂၀၁၁

လေးစားစွာဖြင့်
Sai Myo Mongnai
Phimenologist
(Post Graduate Diploma in Archaeology (currently studying), University of Yangon)

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE