သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာ အတွင်း ကား ၇ စီး မီးရှို့ခံရကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၃ ရက် ညပိုင်းတွင် မီးရှို့ခံရသည့် ကားများမှာ မူဆယ်မှ မန္တလေးသို့ ဆင်းမည့် ခရီးသည်တင်ကား ၃ စီးနှင့် ပန်းသီးတင်ကား၊ အဝတ်အထည်တင်ကားများ ၊ ဆောက်လုပ်ရေးပစ္စည်များတင်သည့် ကား ၄ စီး စုစုပေါင်းလူထုကား ၇ စီးတို့ ဖြစ်ကြောင်း ကားမီးရှို့ခံရသည့် ကာသမားများ ပြောပြချက် အရသိရသည်။
“မနေ့က ရှုခင်းသာမှာ သူပုန်တွေ က ၁၂ ဘီးကားကို စတားတယ်။ နောက်မှာ တန်းစီဆိုပြီး ကျနော်တို့ကို သေနတ်နဲ့ချိန်တယ်။ သူတို့ လိုချင်တဲ့ ပုံစံအတိုင်း ကားတွေကို ကန့်လန့်ဖြတ်ထားခိုင်းတယ်။ လိုချင်တဲ့ ဖုန်းတွေ ပိုက်ဆံ အိတ်တွေ အကုန် တောင်းတယ်” ဟု ကားမီးရှို့ခံရသည့် ကားသမား ကိုသူရအောင် က သျှမ်းသံတော်ဆင့်သို့ပြောသည်။
ထိုကားမီးရှို့သည့် လက်နက်ကိုင် တပ်ဖွဲ့သည် စစ်ဝတ်စုံများဝတ်ဆင်ကာ ပလောင် စကားပြောဆိုပြီး မီးမရှို့ခင် ကားသမားများနှင့် ခရီးသည်များကို နမ့်ကွတ်ရွာတွင်သွားရောက်နေရန် ပြောသည်။
“သူတို့ စကားပြောတဲ့ အသံ က ပလောင်အသံပါ။ ပလောင် အဖွဲ့အစည်းလို့ကျနော်ထင်တယ်။ ကားသမားတွေ အားလုံးစု ထိုင်ခိုင်းပြီး ကားမီးမရှို့ခင် အောက်ရွာ(နမ့်ကွတ်ရွာ)ကိုခေါ်သွားတယ်။” ဟု ကိုသူရအောင် က ဆိုသည်။
ကားမီးရှို့သည်နေရာတွင် လက်နက်ကိုင် တပ်ဖွဲ့များ မရှိသည့်အချိန် ကားသမားများက မီးအနည်းငယ်သာ လောင်ကျွမ်းရသေးသည့် ကားများကို ဆွဲထုတ်ခဲ့ကြောင်း၊ ထိုဆွဲထုတ်ချိန်တွင် ဓာတ်ဆီနံ့ ရနေကြောင်းလည်း ကိုသူရအောင် က ပြောသည်။
“ ကားကို မီးရှို့ခါနီး မရှိဘူး။ ရှို့ပြီးတော့ ကျနော်တို့ သွားကြည့်တာတော့ ကားတွေကို ဓာတ်ဆီနဲ့ ရှို့တာထင်တယ်။ ဓာတ်ဆီနံ့တော့ရတယ်” ကိုသူရအောင် က ကားမီးရှို့သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြောပြသည်။
ဆက်လက်ပြီး ကိုသူရအောင် က “ သူပုန်တွေက ကျနော်တို့ကို ဖုန်းတွေ အားလုံးပေးပြီးပြီလား။ လိုက်စစ်လို့ ဖုန်းတွေရင်တော့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ထပ်လောင် ပြောသည်။
ကားမီးရှို့ခံရသည့် ကားသမားများ နောက်ကွယ်တွင် မိသားစု များ ရှိပြီး စားဝတ်နေရေး အတွက် ရုန်းကန်နေရသလို လက်ရှိ မီးရှို့ခံရသည့် ကားသည် အရစ်ကျဖြင့် ဝယ်ထားသည်မှာ မကြာသေးသဖြင့် ကြွေးကျေရန်လည်း ကြိုးစားရဦးမည် ဟု ကိုသူရအောင် က ဝမ်းနည်းစွာဖြင့်ပြောသည်။
ယမန်နေ့ ကား ၇ စီး မီးရှို့ခံရသည့် ကားသမားများ နှင့် ခရီးသည်များ အပါအဝင် ၂၀ ဦးကို ကွတ်ခိုင်မြို့ ပရဟိတ အသင်းမှ သွားရောက် ခေါ်ဆောင်ခဲ့သည် ဟု နယ်စည်းမခြား ပရဟိတ(သီပေါ) ကိုမျိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ ဒီမနက် ကျနော်တို့ ကားသမား အယောက် ၂၀ လောက် ကွတ်ခိုင် ကို ခေါ်ထုတ်ခဲ့တယ်။ လူကတော့ ဘာမှ ထိခိုက်မှု မရှိဘူး။ သူတို့ ဖုန်းတွေ ငွေတွေလည်း အားလုံး ပါသွားတယ်” ဟု ကိုမျိုး က ဆိုသည်။
ယမန်နေ့ နမ့်ကွတ်ရွာတွင် ကား ရ စီး မီးရှို့ခံရသည့် ကိစ္စမှာ တအာင်(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့တိုက်ပွဲဖြစ်ပွားကာ မည်သည့်လက်နက်ကြီး ထိမှန်ပြီး ကားမီးလောင်သွားသည်ကိုမသိရှိကြောင်း TNLA မှ ပြောရေးဆိုခွင့် ရှိသူ တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ မနေ့က နမ့်ကွတ်မှာ တိုက်ပွဲဖြစ်တယ်။ မနေ့က နမ့်ကွတ်နားမှာ စစ်တပ်က တက်လာတော့ တိုက်ပွဲဖြစ်တယ် တိုက်ပွဲဖြစ်တော့ အပြန်အလှန် ပစ်ခတ်မှုကြောင့်လက်နက်ထိမှန်ပြီး ကားမီးလောင်သွားတယ်လို့ ပြောတယ်။ ဘယ်သူ့ လက်နက်ကြီးဆိုတာတော့ကျနော်မသိဘူး” ဟု တားအိုက်ကျော် က ဆိုသည်။
မြန်မာ့တပ်မတော် ဘက်မှ ထိုးစစ်တက်လာပါက တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်မည် ဟုလည်း တားအိုက်ကျော်က ပြောသည်။
လားရှိုးမြို့က ကားသမားတဦးက- “ကားတွေကို ပြည်ထောင်စုလမ်းကနေမသွားဖို့ လက်နက်ကိုင်တွေက ကြေငြာထားတယ်လေ။ ကားသမားတွေက ဖြတ်လမ်းကနေသွားရင်အဆင်မပြေဘူးဆိုတော့ ပြည်ထောင်စုလမ်းကိုဘဲပြန်လာသုံးရတာပေါ့။ ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။
၄င်းနှင့်ပတ်သပ်ပြီး ကိုသူရအောင်က – “နမ့်ဖတ်ကာနားက နမ့်ခိုင်တံတားမှာ မေးကြည့်တော့ သွားလို့ရတယ်ဆိုလို့ကျနော်တို့ လည်းဒီလမ်းအတိုင်းလာတာ။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ထိုအပြင် လားရှိုးမြို့ အမှတ် (၂) ရဲစခန်းကို ယမန်ည ၈နာရီခွဲတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့ သည် လာရောက် ပစ်ခတ်သည်ဟု ဒေသခံများပြောပြချက် အရသိရသည်။
ယခုရက်ပိုင်း သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ကုန်တင်ကားနှင့် အိမ်စီးကား ၁၀ စီး အထက် မီးရှို့ခံရကြောင်း သိရသည်။