Friday, September 22, 2023

ကျောက်မဲမြို့ နယ်အတွင်း နွားကား ပစ်ခတ်ခံရ ယာဉ်မောင်းသေ နောက်လိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေအားလျှပ်စစ် လမ်းခွဲတွင် နွားများတင်ဆောင်လာသည့် ကားတစီး သေနတ်ပစ်ခံရပြီး ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

Photo Credit to Eleven News- ပစ်ခတ်ခံရသည့်နွားတင်ကား

ဇူလိုင်လ ၂၇ ရက် ည ၁၀ နာရီခန့်က ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ၊ အထက်ရဲရွာ ရေအားလျှပ်စစ် လမ်းခွဲတွင် ပုလဲထူးသစ်ကုမ္ပဏီ(စစ်ကိုင်း) မှ နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ် ၅ စီးကိို အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ ပစ်ခတ်ရာ ယာဉ်မောင်း တဦးသေဆုံးခဲ့ပြီး၊ ယာဉ်နောက်လိုက် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းမှ အတွင်းရေးမှူး ဦးနေအောင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ကျနော်တို့ ပစ်ခံရတဲ့နေရာ ရောက်တော့ သေဆုံးနေတဲ့ ယာဉ်မောင်းတဦးပဲ တွေ့ရတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျောက်မဲဆေးရုံပို့ပေးလိုက်တယ် ။ ကျန် ဒဏ်ရာ ရတဲ့သူ ၂ယောက်ကိုတော့ လမ်းကြုံကားနဲ့ ကျောက်မဲ ဆေးရုံကို ပို့လိုက်တယ် ” ဟု ဦးနေအောင် ကဆိုသည်။

Photo Credit to Eleven- ယာဉ်မောင်း၏အလောင်းအား ကမ်းလင့်လက်လူမှုကူညီရေးအသင်းမှကူညီသယ်ထုတ်ပေးနေစဉ်

လက်ရှိ မှာ သေဆုံးသူ ယာဉ်မောင်း၏ ရုပ်အလောင်း နှင့် ဒဏ်ရာရ ယာဉ်နောက်လိုက် ၂ ဦးကို ကျောက်မဲပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ခံရသည့် နွားတင် ကားသည် ပုလဲထူးသစ်ကုမ္ပဏီ(စစ်ကိုင်း) မှ ကားဖြစ်ပြီး တရားဝင် စာရွက်စာတမ်းဖြင့် တရုတ်နိုင်ငံသို့ နွားများတင်ပို့မည့် ကား များဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေ ၁ ရက်နေ့တွင်လည်း နွားများတင်ဆောင်သည့် ၁၂ ဘီး ကားဖြစ်သည့် ကေခိုင်ကျော် ကုမ္ပဏီ မှ ကားသည်လည်း အမည်မသိ အဖွဲ့မှ ပစ်ခတ်သဖြင့် ယာဉ်မောင်းတဦး သေဆုံးခဲ့ရသည်။

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် နွားများသယ်ဆောင်သည့် ကားများ မကြာခဏ ပစ်ခတ်ခံရပြီး၊ ယာဉ်မောင်းများ သေဆုံးမှုများရှိကာ မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သည်ကိုလည်း မသိရှိရပေ။

Leave a Comments

- Advertisement -spot_img

Latest article