တာချီလိတ်တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

0

ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

Photo Credit to * ဇင်ယော် * တာချီလိတ် – ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသည့် မောင်အောင်ပြည့်ဖြိုး

မေလ ၁၃ ရက် ယနေ့မွန်းလွဲ ၃ နာရီခန့်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာစျေးအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို တခြား ဆိုင်ကယ် တစီး က ကပ်လျက် စီးလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသည့် လူငယ်တဦး သေနတ်ဒဏ်ရာရခဲ့ကြောင်း တာချီလိတ်မြို့ ရဲစခန်းမှစုံစမ်းသိရသည်။

“ သေနတ်ထိမှန်တဲ့သူက အသက် ၂၁ အရွယ် မောင်အောင်ပြည့်ဖြိုးပါ။ ဒဏ်ရာက ကျောကုန်းကနေ ဖောက်ဝင်သွားတာပါ။ အခုတော့ တာချီလိတ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ် ” ဟု တာချီလိတ်မြို့က တာဝန်ကျ ရဲတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ထိမှန်သူ အသက် ၂၁ နှစ်အရွယ် မောင်အောင်ပြည့်ဖြိုးသည် လက်ရှိတွင် တာချီလိတ်မြို့ဘက်ခြမ်းရှိ ဟိုတယ် တခုတွင် လုံခြုံရေး ဝန်ထမ်းအလုပ်လုပ်နေကြောင်း၊ သေနတ်ပစ်တရားခံကိုမသိရသေးသော်လည်း မောင်အောင်ပြည့်ဖြိုး အမက တရားလို ပြုကာ အမှုဖွင့်ထားကြောင်း သိရသည်။

“ ဘယ်သူဆိုတာတော့မသိသေးဘူး။ပစ်တဲ့သူက တော့ အသက် ၃၀ ဝန်းကျင် အရွယ်လောက်ရှိမယ်။  Click ဆိုင်ကယ်နဲ့။ သေနတ် သံ ၂ ချက်ကြားလိုက်တယ်။ ပစ်ပြီး ထွက်ပြေးသွားတယ်” ဟု သေနတ်ပစ်မှုအား ကိုယ်တွေ့ မြင်ခဲ့ရသည့် တာချီလိတ် ဒေသခံ တဦးက ပြောသည်။

တာချီလိတ်မြို့သည် ထိုင်း မြန်မာ နယ်စပ်ဖြစ်ပြီး မူးယစ်ဆေးဝါး နှင့် လောင်းကစားရုံများစွာ ရှိသည့်ဒေသတခုဖြစ်သည့်အလျောက် မကြာခဏ သေနတ်ပစ်ခတ်ခြင်း လည်းဖြစ်ပွားလေ့ရှိသည့်နေရာဒေသတခုလည်းဖြစ်ပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း တာချီလိတ်မြို့လယ်တွင် နာမည်ကြီးသူဌေးတဦး သေနတ်ပစ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သည့်အမှုဖြစ်ပွါးခဲ့ရာ ယနေ့တိုင် တရားခံ ဖမ်းမိကြောင်း ထုတ်ဖော်ကြေငြာခြင်း မတွေ့ရသေးပေ။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE