လွတ်လပ်ရေးသမိုင်းဝင် လဲချားစော်ဘွားကြီးစဝ်နွံ၏အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊အင်္ဂလိပ် ၃ ဘာသာပါသော ဆိုင်းဘုတ် လဲချားသျှမ်းလူငယ်များစိုက်ထူ

0

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့ရှိ လဲချားစော်ဘွားကြီး စဝ်ခွန်နွံ၏ အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ တို့ ပါသော စော်ဘွားကြီး၏ အမည်ဆိုင်းဘုတ်အား လဲချားလူငယ်များစုပေါင်းအင်အားဖြင့်ပြုလုပ်ကာ ဆိုင်းဘုတ်ပြားတပ်ဆင်ကြောင်းသိရသည်။

Photo by – Sai Lang Herng LaiKha/ လွတ်လပ်ရေးသမိုင်းဝင် လဲချားစော်ဘွားကြီးစဝ်နွံ၏အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊အင်္ဂလိပ် ၃ ဘာသာပါသော ဆိုင်းဘုတ် လဲချားသျှမ်းလူငယ်များစိုက်ထူ
Photo by – Sai Lang Herng LaiKha/ လွတ်လပ်ရေးသမိုင်းဝင် လဲချားစော်ဘွားကြီးစဝ်နွံ၏အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊အင်္ဂလိပ် ၃ ဘာသာပါသော ဆိုင်းဘုတ် လဲချားသျှမ်းလူငယ်များစိုက်ထူ

ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် တဦးအပါအဝင်ဖြစ်သော လဲချားစော်ဘွားကြီး စဝ်နွံ အား အနာဂတ် လူငယ်များ အမှတ်ရစေရန်ရည်ရွယ်ကာ စော်ဘွားကြီး၏အုတ်ဂူအား လဲချားမြို့သျှမ်းလူငယ်အဖွဲ့က ၃ နှစ်ကြာ အချိန်ယူပြုစုထိန်းသိမ်းခဲ့ပြီးနောက် ဧပြီလ ၉ ရက် ယနေ့မွန်းလွဲပိုင်း ၁ နာရီက စော်ဘွားကြီး၏အမည် ၊ ဘွဲ့ တော်ပါသည့် ဆိုင်းဘုတ်ကိုစုပေါင်းစိုက်ထူခဲ့ကြသည်။

လဲချားမြို့နယ် သျှမ်းလူငယ်များအဖွဲ့ခေါင်းဆောင်တဦးဖြစ်သော စိုင်းလျန်းဟိန်းက -“ မတ်လ၂၈ ရက်နေ့ တုန်းက ဒီဆိုင်းဘုတ် တခါလာစိုက်ပြီးပါပြီ။ အဲ့တုန်းက ဆရာတော် သံဃာတော်တွေ လူကြီးသူမတွေက မပြည့်စုံသေးဘူး ထပ်ပြီးဖြည့်စွက်ပြင်ဆင်လိုက်ပါဦးလို့ပြောလာလို့ကျနော်တို့ ဆိုင်းဘုတ်ပြန်ဖြုတ်ပြီး ပြင်ဆင် ရေးသားပြီးမှ အခုပြန်လာစိုက်ထူတာပါ။ ပင်လုံစာချုပ်အဖွဲ့ဝင် လဲချားစော်ဘွား စဝ်နွံ (၁၉၀၆- ၁၉၈၆) ဆိုပြီး သျှမ်းလိုရော အင်္ဂလိပ်လိုရော ၃ ဘာသာရေးသားထားပါတယ်။ ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

Photo by – Sai Lang Herng LaiKha/  လဲချားစော်ဘွားကြီး စဝ်ခွန်နွံ၏ အုတ်ဂူ
Photo by – Sai Lang Herng LaiKha/ လဲချားစော်ဘွားကြီး စဝ်ခွန်နွံ၏ အုတ်ဂူ

စော်ဘွားကြီး စဝ်နွံ၏ အုတ်ဂူသည် လဲချားမြို့ ရပ်ကွက် ၄ ရှိ ဆေးရုံတောင်ဘက်တွင် တည်ရှိပါသည်။ စော်ဘွားကြီးအုတ်ဂူအုတ်ဂူပြန်လည်ထိန်းသိမ်းရေးအတွက် လဲချားလူငယ်များပြီးခဲ့သည့် နှစ်များကတည်းက ပြုစုလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ ထိန်းသိမ်းရေးလုပ်လာတာ ၃ နှစ်ကျော်ရှိပါပြီ။ အဲဒီအတွက်လည်းငွေကျပ် သိန်း ၄၀ လောက်သုံး ဖြစ်ပါတယ်။ အခုလည်းဘဲ လုံးဝတော့မပြီးသေးပါဘူး။အနည်းအကျဉ်းကျန်ပါသေးတယ်။ ဘတ်ဂျက် ကုန် သွားလို့ ခန နားထားပါတယ်။ စေတနာရှင်ထပ်ပေါ်လာမှ ဆက်လုပ်သွားပါမယ်။ ကျနော်တို့ကို ကူညီ ထောက်ပ့ံ မှု ပေးလာတဲ့ ရပ်နီးရပ်ဝေး စေတနာရှင်အလှူရှင်တွေ၊ စော်ဘွားကြီးရဲ့သားမြေးမြစ်တွေ ဆွေတော်မျိုးတော် တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။” – ဟု စိုင်းလျန်းဟိန်းက ပြောသည်။

စဝ်နွံသည် လဲချားစော်ဘွားကြီး စဝ်ခွန်လိုင်း၏ သားတော်ဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ပါ၀င်ခဲ့သည့် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတဦးဖြစ်သည့်အပြင် လဲချားမြို့အား အုပ်ချုပ်စဉ်ကာလက လူထုအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများမပြတ်ဆောင်ရွက်သဖြင့် လဲချားလူထု၏ ချစ်ခင်လေးစားမှုကို အထူးရရှိခဲ့သည့်စော်ဘွား တပါးဖြစ်ပါသည်။ စော်ဘွားကြီးစံတော်မူခဲ့သော ဟော်နန်းမှာလက်ရှိ ကောင်းဟော်ခမ်းကျောင်းတိုက်ဖြစ်ပြီး ဆရာတော် သံဃာတော်များက အဆိုပါ ကျောင်းတိုက်တွင် စော်ဘွားကြီးစဝ်နွံ၏စာအုပ်စာပေများထားရှိသည့် စာကြည့်တိုက်နှင့် စဝ်နွံပြတိုက်ကိုလည်းတွဲဖက်ပြုလုပ်ထားသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE