Saturday, December 3, 2022

တိုင်းရင်းသားချင်း တိုက်ပွဲကြား ပျောက်ဆုံးနေသည့် မန်လီဒေသခံများပြန်လွှတ်ရန် ဆုတောင်းပွဲပြုလုပ်

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မန်လီ ရွာသား ၁၀ ဦးကျော် ပြန်လွှတ်မြောက်လာရေး အတွက် ယမန်နေ့ မနက်ပိုင်းတွင် စစ်ဘေးရှောင်များ က ဆုတောင်းပွဲ ပြုလုပ်ကြကြောင်း သိရသည်။

Photo Credit to Sipaw Youth / စစ်ဘေးရှောင် မန်လီရွာသားတချို့အားတွေ့ရစဉ်

အဆိုပါ မန်လီ ကျေးရွာ ဒေသခံ ၁၀ ဦးကျော် သည် မတ် ၁ ရက် တွင် မြောက်ပိုင်းမဟာမိတ်ဖြစ်သည် သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) တို့ကြား တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ပျောက်ဆုံးနေတဲ့ ရွာသားတွေ အမြန်ပြန်လွှတ်လာဖို့နဲ့ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းဖို့ ဆုတောင်း ကြတာပါ။ ကိုယ်ဝန်အရင့် အမာနဲ့ အမျိုးသမီးတွေ သူတို့ အမျိုးသားတွေ ပြန်လာဖို့ စောင့်နေကြတယ်။ ကလေးတွေလည်း အဖေ ဘယ်တော့ ပြန်လာမလဲ ဆိုတာ မျှော်နေကြတယ်။ သူတို့တွေမှာ တော့ စိတ်ခံစားချက်တွေ ကိုယ်စီ ရှိနေကြပြီ” ဟု တအာင်း အမျိုးသမီး အဖွဲ့အစည်းမှ လွေးကုကု က ဆိုသည်။

အဆိုပါ ဆုတောင်းပွဲကို မန်လီကျေးရွာ မှ သီပေါမြို့ပေါ်သို့ စစ်ရှောင်လာကြသည့် နေရာများတွင် ပြုလုပ်ကြသည်။

ထိုနည်းတူ ပရဟိတ ကိုစိုင်းငယ်၏ သမီး ကလည်း “ အဖေ့ ကို ပြန်လွှတ်ပေးပါ။ သမီး အဖေ့ကို အရမ်းလွမ်းနေပါပြီ။ အဖေအိမ်ပြန်လာပါတော့။ သမီး နှင်းဖြူဖွေးငယ် စောင့်ကြိုနေပါတယ်” ဆိုပြီး လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ပျောက်ဆုံးသွားသည့် ပရဟိတ လုပ်ဆောင်နေသည့် ကိုစိုင်းငယ်နှင့် အတူ ကျန် သူများကို နောက်ဆုံး မတ် ၁ ရက်နေ့တွင် မန်လီ တာတေ တံတား အနီးတွင် တွေ့မြင်ခဲ့ရကြောင်း၊ ကိုစိုင်းငယ်သည် ရွာတွင် ကျန်သည့်သူများကို ကယ်ထုတ်ရန် သွားနေစဉ် ပျောက်ဆုံး သွားကြောင်း မည်သည့် အဖွဲ့ခေါ်ဆောင်သွားသည်ကို မသိရှိသေးကြောင်း လည်း ကိုသာဦးက ပြောသည်။

ကိုစိုင်းငယ်၏ အစ်ကိုဖြစ်သူ ကလည်း – “ကျနော်တို့အားလုံးရဲ့ဆန္ဒကတော့ ဖမ်းသွားတဲ့လူတွေကို အမြန်ဆုံးလွှတ်ပေးပါ။ တိုက်ပွဲများအမြန်ရပ်ပေးပါ ။ အဖမ်းခံရသူတွေကို မိသားစုဝင်တွေက မျှော်နေပါတယ် လို့ပြောချင်ပါတယ် ”- ဟု သျှမ်းသံတော် ဆင့်အားပြောသည်။

ပျောက်ဆုံးနေသည့် မန်လီရွာသားများကို ရိုက်နှိပ်ထားဓာတ်ပုံပါ ဖုန်း မန်မိုရီ စတစ် ( Memory Stick ) တခု ကိုလည်း မန်လီရွာသားများက ကောက်ရထားကြောင်း၊ ထိုမန်မိုရီ စတစ်တွင် ရွာသားများကို ကြိုးတုတ်ထားခြင်း၊ မျက်လုံး များဖုံးအုပ်ထားခြင်း၊ လက်ပြန်ချည်ထားခြင်းနှင့် ထိုးနှိပ်ထားသည့် ဒဏ်ရာများရရှိထားပုံများ တွေ့ရှိသော်လည်း မည်သည့်အဖွဲ့က ဖမ်းသွားသည်ဟုဆိုသည့် အထောက်အထားများမတွေ့ရှိရဟု ရွာသားများပြောပြချက်အရသိရသည်။

လက်ရှိ မှာ တော့ သီပေါမြို့နယ် မန်လီကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များအပြင် အစိုးရတပ်မတော်လည်း လမ်းခရီးတွင်တပ်ချထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

တိုင်းရင်းသား အချင်းချင်း တိုက်သည့် စစ်ကြောင့် သီပေါမြို့နယ် အတွင်း ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂၄၀၀ ကျော် ရှိကာ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article