ဇိဏ်းလျောတေးဂီတတီးဝိုင်း၏ Lead ဂစ်တာတီးခတ်သူ စိုင်းဂျိမ်းစ်(နမ့်ခမ်း) အသက် ၆၃ နှစ်သည် သက်ကြီး ရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်ဟိုကတ်ရပ်ကွက်ရှိ ၄င်း၏ ညီမ ဖြစ်သူနေအိမ်တွင် မတ်လ ၅ ရက် ယနေ့မနက် ၁၀ နာရီခွဲက ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
နမ့်ခမ်းမြို့နေ စိုင်းအိုက်စိုင်းက – “ ပီဂျိမ်းစ်က နေမကောင်းဖြစ်တာတော့ကြာပါပြီ။ လေဖြတ်ပေါ့။ ၃ နှစ်လောက် ရှိပြီ။ မထနိုင်မသွားနိုင်တာတော့ ၆ လ လောက်ရှိပြီ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
၄င်း၏ ကျန်ရှိသော ရုပ်အလောင်းအား ဆွေမျိုးမောင်နှမများက ယနေ့မွန်းလွဲပိုင်းက သဂြိုဟ်လိုက်ပြီးဖြစ်သည်။
သျှမ်းတော်လှန်ရေးသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် ဇိဏ်းလျောတေးဂီတ တီးဝိုင်းသည် အမျိုးသားရေးစိတ်ဓါတ်နိုးကြားမြှင့်တင်ပေးသည့်တေးသီချင်းများကိုသာ တီးခတ်ဖျော်ဖြေလာခဲ့သည်။
စိုင်းကျော်စိန်(ခေါ်) ဂျိမ်းစ် သည် နမ့်ခမ်းမြို့နေ ဦးလုံးဆင်း၊ ပါမရင် တို့၏ သားသမီး ၈ ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။
၀ါရင့်သျှမ်းအနုပညာရှင်တဦးဖြစ်သော စိုင်းဂျိမ်းစ်သည် သျှမ်းဘာသာတေးသီချင်း ဇိဏ်းလျောတေးစီးရီးအမှတ် ၁၁ (တိုင်းတစ်တောင်းယူ)၊ အမှတ် ၁၂ ( ၁၉၉၆-၉၇ ပီငလိုင်းလုံ)၊အမှတ် ၁၃ (၀မ်ကောင်လောင်ဟာမ်း) ၊အမှတ် ၁၄ (ကွန်းဟာမ်းဆွန်လိုက်)၊ အမှတ် ၁၅ (ခေါ်ထာမ်ထင်နမ့်ခုံး)၊ အမှတ် ၁၆ ဟေးမိုင် ဆာမ်စိန်ခမ်း၊ အမှတ် ၁၉ စိုင်းကဏ်းယွက် စသည့်တေးစီးရီးများကိုစီစဉ်တီးခတ်ထုတ်လုပ်ခဲ့သူဖြစ်သကဲ့သို့ တေးသီချင်းပေါင်းမြောက်များစွာကိုလည်း ရေးစပ်သီကုံးသီဆိုခဲ့သူဖြစ်သည်။