“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။

အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’ ဘဝသို့ ပြောင်းလဲလာနေရသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ မြေပြင်တွင် တောင်သူများနှင့်အတူ အနီးကပ် ရှိနေသည့် ရှမ်းပြည်နယ် တောင်သူလယ်သမားများ ကွန်ယက် (SSFN) ၏ပြောရေးဆိုခွင့်ရှိသူ နန်းလောဝ် ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ပထမဆုံး သိချင်တာကတော့ အခု ပုံးအင်းမှာ တောင်သူတွေ သိန်းရာချီ အကြွေးနွံနစ်နေတာကို မြင်တွေ့နေရပါတယ်။ ဒါဟာ ပုံးအင်းတစ်ခုတည်းလား၊ သျှမ်းပြည်တစ်ဝန်းလုံးမှာရှိတဲ့ တောင်သူတွေရဲ့ အကြွေးတင်ရှိမှု ပမာဏက အရင်နှစ်တွေနဲ့ ယှဉ်ရင် ဘယ်လောက်အထိ စိုးရိမ်ရတဲ့ အနေအထားကို ရောက်နေပြီလဲ ခင်ဗျာ။

ဖြေ။ ။တောင်သူတွေ သိန်းရာချီ အကြွေးနွံနစ်နေရတဲ့အခြေအနေဟာ ပုံးအင်းတစ်ခုတည်းတင် မဟုတ်ဘဲ သျှမ်းပြည်တစ်ဝန်းလုံးက တောင်သူတွေ ရင်ဆိုင်နေရတဲ့အခြေအနေ တခုဖြစ်ပါတယ်။ ပြည်တွင်းစစ်ရေး ပဋိပက္ခတွေ နဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် စက်သုံးဆီ၊ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေး သွင်းအားစု ဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်လာတာ ၊ ရေကြီးမှု ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တွေကြောင့် စိုက်ပျိုးသီးနှံ အထွက်နှုန်းလျော့ကျတာ၊ လယ်ယာမြေ ပျက်စီးတာတွေ ဒေသခံတွေ ကြုံတွေ့လာရပါတယ်။

ဒါ့အပြင် ဒီနေ့ခေတ် စိုက်ပျိုးရေးနည်းစနစ်မှာလည်း ကုမ္ပဏီထုတ် ဓာတုစပ်မျိုးစေ့တွေနဲ့ ဓာတုသွင်းအားစုတွေ အပေါ် လုံးဝမှီခိုလာရတာကြောင့် စိုက်ပျိုးရေးအသုံးစရိတ်တွေ ပိုမိုကြီးမြင့်လာပါတယ်။ ထွက်ရှိလာတဲ့သီးနှံတွေ ပြန်လည်ရောင်းချတဲ့ အခါမှာလည်း ဈေးကွက်ဈေးနှုန်းကို ဒေသခံတောင်သူတွေကိုယ်တိုင် သတ်မှတ်ခွင့် မရကြပါဘူး။ ဒီအခြေအနေတွေက ဒေသခံတောင်သူတွေကို အကြွေးသံသရာထဲ ရောက်သွားအောင် အဓိက တွန်းပို့နေတာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ နှစ်စဉ် လျော့ပါးမသွားဘဲ ပိုမို ဆိုးရွားလာနေသလို၊ ယခင်နှစ်တွေထက်စာရင်လည်း ပိုမို စိုးရိမ်လာရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

မေး။ ။အစိုးရက ထုတ်ပေးတဲ့ တစ်ဧက ၃ သိန်း ချေးငွေက လက်ရှိ သွင်းအားစု ဈေးနှုန်းတွေနဲ့ဆိုရင် ဘာမှလုပ်လို့မရဘူးလို့ တောင်သူတွေက ပြောနေကြတယ်။ ဒီအပေါ်မှာ SSFN အနေနဲ့ ဘယ်လို မူဝါဒမျိုး ပြောင်းလဲဖို့ လိုအပ်တယ်လို့ မြင်သလဲ ခင်ဗျာ။

ဖြေ။ ။ဒီနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ သွင်းအားစု စရိတ်တွေအရ အစိုးရက ထုတ်ပေးတဲ့ တစ်ဧက ကျပ် ၃ သိန်း ချေးငွေဆိုတာ ဘာမှလုပ်လို့မရသလို မြေပြင် စိုက်ပျိုးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် မကာမိပါဘူး။ ဒါ့အပြင် ဒီစိုက်ပျိုးချေးငွေ ဆိုတာကလည်း ဒီတိုင်းချေးပေးတာ မဟုတ်ဘဲ ရာသီသီးနှံပေါ်ချိန်မှာ အရင်းရော အတိုးပါ ပေါင်းပြီးပြန်ဆပ်ရတာဖြစ်ပါတယ်။ နောက်ပြီးတော့ အမြတ်တင်ထားပြီးသား ကုမ္ပဏီထုတ် စပ်မျိုးစေ့တွေကို ထုတ်ချေးပေးတာမျိုးလည်းရှိတယ်။ သီးနှံပေါ်ချိန်မှာ သူတို့သတ်မှတ်ထားတဲ့ မျိုးစေ့ဖိုးကို နှုတ်ယူပြီး ကျန်ငွေကိုမှ တောင်သူတွေကို ပေးတယ်။ ဒီအဆင့်အားလုံးမှာတောင်သူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်လုံးဝမရှိပါဘူး။ ဒါကြောင့် ဒီကျပ် ၃ သိန်း ချေးငွေ ထုတ်ပေးတာဟာ တောင်သူတွေ အမှန်တကယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အဖြေ မဟုတ်ဘဲ ပိုပြီး အကြွေးနွံနစ်စေမယ့် ချေးငွေစနစ်သာ ဖြစ်ပါတယ်။

အစိုးရဟာ မြေပြင်မှာ တောင်သူတွေ အမှန်တကယ် ကြုံတွေ့နေရတဲ့ ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ တောင်သူတွေရဲ့ ဘဝလုံခြုံရေးကို စိတ်မဝင်စားပါဘူး။ စပ်မျိုးစေ့တွေကို များများစိုက်၊ သွင်းအားစုတွေ များများသုံးမှ အထွက်နှုန်းကောင်းပြီး အမြတ်ပိုကျန်မယ် ဆိုပြီး မက်လုံးပေးကာ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် ပိုပြီး အဆင်ပြေစေမယ့်၊ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူ ပြုလုပ်လို့ ပိုလွယ်ကူစေမယ့် ကုမ္ပဏီထုတ် စပ်မျိုးစေ့နဲ့ သွင်းအားစုတွေကိုပဲ မှီခို စိုက်ပျိုးကြဖို့ ဒေသခံ တောင်သူတွေကို ပိုမို တွန်းအားပေး နေကြပါတယ်။ အကျိုးဆက် အနေနဲ့ တောင်သူတွေရဲ့ စိုက်ပျိုး ကုန်ကျစရိတ်တွေ ပိုမို ကြီးမြင့်လာရပါတယ်။

ဒါကြောင့် ကုမ္ပဏီထုတ် သွင်းအားစုတွေအပေါ်လုံးဝ မှီခိုနေရတဲ့ စိုက်ပျိုးရေးစနစ်ကို စွန့်လွှတ်ပြီး မိသားစုနဲ့ ဒေသတွင်း ဖူလုံစွာ စားသုံးနိုင်မယ့် သီးနှံစုံ သဘာဝ စိုက်ပျိုးရေးစနစ်ကို ပြန်လည် အားပေး ပံ့ပိုးသည့် မူဝါဒမျိုး ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သီးနှံ ဈေးကွက် ဈေးနှုန်း သတ်မှတ်ပိုင်ခွင့်ကို ဒေသခံတောင်သူတွေ လက်ထဲ ရောက်ရှိစေဖို့နဲ့ မူဝါဒ ချမှတ်သည့် အဆင့်တိုင်းမှာ တောင်သူတွေကိုယ်တိုင် ပူးပေါင်း ပါဝင်ခွင့်ပြုထားသည့် မူဝါဒများအဖြစ် ပြောင်းလဲပေးဖို့ အလွန် အရေးကြီးလှပါတယ်။

မေး။ ။တောင်သူတွေက စိုက်ပျိုးစရိတ်ကြောင့် ရှုံးတဲ့အပြင် စပါးပေါ်ချိန်မှာ ကုန်သည်တွေရဲ့ ဈေးနှိမ်တာကိုလည်း ခံနေရပါတယ်။ ဒီလို ဈေးကွက်မတရားမှုကို SSFN အနေနဲ့ တောင်သူတွေဘက်က ဘယ်လိုမျိုး ကြားဝင်ဆောင်ရွက်ပေးနိုင်မလဲ။

ဖြေ။ ။ပထမဆုံး ရှင်းလင်းပြောကြားချင်တာက သျှမ်းပြည် တောင်သူလယ်သမားများကွန်ယက်က အဖွဲ့အစည်း တခု မဟုတ်ပါဘူးရှင့်။ ဒေသခံပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အတူတကွ ပူးပေါင်းဖြေရှင်းတဲ့ ကွန်ယက်တစ်ခု ဖြစ်ပါတယ်။

လက်ရှိ တောင်သူတွေကြုံတွေ့နေရတာဟာ သီးနှံ ဈေးကွက်ဈေးနှုန်း ဆုံးဖြတ်ပိုင်ခွင့်တွေက ဒေသခံ တောင်သူတွေ လက်ထဲမှာမရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်း ဆုံးဖြတ်ပိုင်ခွင့်ကို တောင်သူတွေ လက်ထဲ မဖြစ်မနေ အပ်နှင်းပေးဖို့ လိုအပ်ပါတယ်။

ဒီလိုတွေဖြစ်ပေါ်လာဖို့အတွက် သျှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်နဲ့အတူ အားလုံး ပါဝင် ပူးပေါင်း တိုက်တွန်းကြဖို့ မဖြစ်မနေအရေးကြီးပါတယ်။

မေး။ ။နောက်တစ်ခုက အခု စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ နယ်စပ်ဒေသသို့ အလုံးအရင်း ထွက်သွားကြတော့ လုပ်သားခတွေ အဆမတန် တက်လာတယ်။ ဒါဟာ ရှေ့နှစ်တွေမှာ သျှမ်းပြည်ရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကို ဘယ်လို ခြိမ်းခြောက်လာနိုင်သလဲ ခင်ဗျာ။

ဖြေ။ ။စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ လမ်းပျောက်ခဲ့ရပြီး ကိုယ့်အိမ်မှာကိုယ်နေရင်းနဲ့ကို မလုံခြုံမှု တွေကို ခံစားကြရပါတယ်။ ဒီလိုမျိုး လူငယ်တွေ အလုံးအရင်းနဲ့ ထွက်ခွာသွားကြတဲ့အခါ မြေပြင်မှာ စိုက်ပျိုးရေး လုပ်သား အဆမတန် ရှားပါးလာပြီး လုပ်အားခတွေလည်း အဆမတန် ကြီးမြင့်လာပါတယ်။

လုပ်အားခ အဆမတန် ကြီးမြင့်လာတာနဲ့အမျှ တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ပိုမို ကုန်ကျလာရပြီး စိုက်ပျိုးဧရိယာတွေကို လျှော့ချလာရသလို သီးနှံ ရိတ်သိမ်းချိန်မှာလည်း အချိန်မီ မဆောင်ရွက်နိုင်ဘဲ ပျက်စီး ဆုံးရှုံးရတာတွေကို ကြုံတွေ့နေရပါတယ်။

ပိုဆိုးတာက စိုက်ပျိုးစရိတ် မတတ်နိုင်တော့တဲ့အတွက် လယ်ယာမြေတွေကို မစိုက်ပျိုးနိုင်ဘဲ ဒီတိုင်း ပစ်ထားလိုက်ရတာ၊ တခြားလုပ်ငန်းရှင်တွေကို မြေငှားပေးလိုက်ရတာ၊ စပါး စိုက်ပျိုးရာကနေစရိတ်မတတ်နိုင်လို့ ပြောင်းလဲလိုက်ရတာနဲ့ နောက်ဆုံးမှာတော့လယ်ယာမြေတွေကိုစွန့်ပြီး ရောင်းချလိုက်ရတာ တွေအထိ ဖြစ်လာတာပါ။

ဒီအခြေအနေတွေဟာ သျှမ်းပြည်ရဲ့ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ စားနပ်ရိက္ခာ အချုပ်အခြာအာဏာအတွက် အလွန် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဒေသတွင်း သီးနှံ ထုတ်လုပ်နိုင်စွမ်းတွေ လျော့နည်းသွားပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ပိုမို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် ရိုးရာ စိုက်ပျိုးရေး အသိပညာတွေကို လက်ဆင့်ကမ်းမယ့် မျိုးဆက်သစ် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတာ ဖြစ်ပါတယ် ခင်ဗျာ။

မေး။ ။ရာဂီနဲ့ ဝီဖာ မုန်တိုင်းတွေကြောင့် တောင်သူတွေမှာ အရင်းအနှီးလည်း ပြုတ်သွားပြီ။ မျိုးစေ့ပြောင်းလဲမှုကြောင့်လည်း အရှုံးပေါ်နေတဲ့ကြားမှာ SSFN အနေနဲ့ တောင်သူတွေကို ဘယ်လို နည်းပညာ ဒါမှမဟုတ် မျိုးစေ့အကူအညီတွေ ပေးဖို့ အစီအစဉ် ရှိသလဲ။

ဖြေ။ ။ကုမ္ပဏီထုတ် စပ်မျိုးစေ့တွေဟာ အရင်းအနှီး ကုန်ကျစရိတ် ကြီးမားတဲ့အပြင် ရာသီဥတု ဖောက်ပြန်မှုကို ရင်ဆိုင်နိုင်စွမ်း နည်းကြပါတယ်။ ဒါ့အပြင် ဒီစပ်မျိုးစေ့တွေနဲ့ ဓာတုမြေဩဇာတွေ သုံးစွဲတာဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။

သီးနှံ တမျိုးတည်း စိုက်ပျိုးဖို့ သစ်တော သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်းရတာ၊ တောမီးရှို့ရတာ၊ ဓာတု ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို လွန်ကဲစွာ သုံးစွဲရတာတွေကြောင့် မြေဆီလွှာ ပျက်စီးလာရပါတယ်။ နောက်တစ်ခုကတော့ ကုမ္ပဏီထုတ် ဓာတုမြေဩဇာ၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေမှာ `ရေးထားတဲ့ အသုံးပြုပုံအညွှန်းတွေဟာ တိုင်းရင်းသားတောင်သူတွေ နားမလည်တဲ့ ဘာသာစကားတွေနဲ့ ဖြစ်နေတာပါ။ ဒါကြောင့် သုံးစွဲနည်း မှားယွင်းပြီး စိုက်ခင်းတွေ ပျက်စီးရတာနဲ့ လယ်ယာမြေ မြေဆီလွှာ ထိခိုက်ပျက်စီးတာတွေ ဖြစ်လာရပါတယ်။ ဒါ့အပြင် ဒေသအတွင်းမှာ တခါမှ မမြင်ဖူးတဲ့ ပိုးမွှားနဲ့ ခရုအန္တရာယ်တွေ ပေါက်ဖွားလာရတာဟာလည်း ဒီကုမ္ပဏီထုတ် မျိုးစေ့နဲ့ ဓာတု သွင်းအားစုတွေကြောင့် ဖြစ်ပါတယ်။

ဒေသမျိုးစေ့တွေကတော့ ဒေသရဲ့ ရာသီဥတုနဲ့ မြေဆီလွှာ ဒဏ်ကို သဘာဝအတိုင်း ပိုမို ခံနိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေ အနေနဲ့လည်း စီးပွားဖြစ် တမျိုးတည်း စိုက်ပျိုးတဲ့ စနစ်ထက် တခုနဲ့တခု အမှီသဟဲပြုနိုင်မယ့် သီးနှံမျိုးစုံ စိုက်ပျိုးရေးစနစ်ကို ပြန်လည် ပြောင်းလဲ စိုက်ပျိုးကြဖို့ တိုက်တွန်းသွားဖို့ အလွန် အရေးကြီးပါတယ်။

ဒါ့အပြင် ဒေသခံ တောင်သူတွေ အချင်းချင်း ဒေသမျိုးစေ့ရဲ့ တန်ဖိုးကို နားလည်ပြီး ထိန်းသိမ်းခြင်း၊ ဖလှယ်ခြင်းနဲ့ ရိုးရာ စိုက်ပျိုးရေး နည်းပညာများကို အချင်းချင်း မျှဝေနိုင်ရေးအတွက် လမ်းဖွင့်ပေးဖို့လည်း မဖြစ်မနေ လိုအပ်နေပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လမ်းစတွေ ပေါ်ပေါက်လာဖို့နဲ့ အသိပညာ ဗဟုသုတတွေ မျှဝေ ဖလှယ်သွားဖို့တွေရှိပါတယ်။

မေး။ ။နောက်ဆုံးအနေနဲ့ အခုလို ‘စပါးကျီကနေ အကြွေးကျီ’ ဖြစ်လာရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ တောင်သူတွေကို ဘယ်လို အကြံပြုချင်သလဲ၊ နိုင်ငံတကာကိုရော ဘာတွေ တောင်းဆိုချင်သလဲ ခင်ဗျာ။

ဖြေ။ ။တောင်သူလယ်သမားတွေ အနေနဲ့ စစ်ရေး အခက်အခဲများကြားထဲမှာပဲ ဒေသမျိုးစေ့ စိုက်ပျိုးတဲ့ အလေ့အထတွေကို ဆက်လက်ထိန်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ စီးပွားဖြစ် တစ်မျိုးတည်း စိုက်ပျိုးတာထက် မိသားစုစားသုံးဖို့ စိုက်ပျိုးခြင်းကို ဦးစားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒါ့အပြင် တောင်သူလယ်သမားအရေး၊ ဒေသမျိုးစေ့ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီလို အခြေအနေတွေအပေါ်အတူတကွ တွေ့ဆုံပူးပေါင်းပြီး အဖြေရှာကြဖို့ အလွန် အရေးကြီးပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြား ဒေသခံတွေ လမ်းပျောက်နေချိန်မှာ ကိုယ်ကျိုးကြည့်ပြီး ဒေသခံတွေရဲ့ စားနပ်ရိက္ခာ အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် သတ္တုတူးဖော်ခြင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် ကိစ္စများကို ရပ်တန့်ပေးခြင်းဖြင့် ဒေသခံတွေရဲ့ စားနပ်ရိက္ခာ အချုပ်အခြာအာဏာကို ကာကွယ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ဒါ့အပြင် ဒေသခံ တောင်သူတွေ လက်ဆက်ကျင့်သုံးလာခဲ့တဲ့ မြေယာ ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်များကို တရားဝင်အသိအမှတ်ပြုပေးဖို့၊ သီးနှံ ဈေးနှုန်းနဲ့ ဈေးကွက် ဆုံးဖြတ်မှုတွေဟာ တောင်သူတွေ လက်ထဲရှိနေဖို့နဲ့ မူဝါဒ ရေးဆွဲတဲ့ အဆင့်တိုင်းမှာ တောင်သူတွေကိုယ်တိုင် ပါဝင်ခွင့် ရရှိရေးအတွက် ဝိုင်းဝန်း တွန်းအားပေး ပေးကြဖို့ တောင်းဆိုချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

0
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်...

ခရုနီကြောင့် ပုံးအင်းဒေသ စပါးခင်းများ ပျက်စီးနေ

0
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ အဆမတန်ပွားများလာခြင်းကြောင့် စပါးခင်းများ ပျက်စီးနေကြောင်း ပုံးအင်းတောင်သူများထံမှ သိရသည်။ နမ့်တဘက်ချောင်းကို မှီတင်းနေထိုင်ကြသည့် ပင်လွန်၊ နောင်စန့်၊ ပင်မွန်း၊ ဖက်ကွန် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ခရုနီများသည် စပါးစိုက်ခင်းများကို အလျင်အမြန် ပျက်စီးနေကြောင်း...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...