တော်လှန်ရေးနယ်မြေများတွင် စတားလင့်ခ့်( Starlink) ဂြိုလ်တု အင်တာနက်ဝန်ဆောင်မှုများကို အဓိက အားထားအသုံးပြုနေရချိန် လက်ရှိတွင် ၎င်းမူဝါဒပြောင်းလဲမှုကြောင့် စက်များ ပိတ်ခံမှုများ စတင်လာခဲ့သည်။
Starlink စက်အချို့ပိတ်ခံရမှုကြောင့် ဆက်သွယ်ရေး တော်လှန်ရေးနယ်မြေအတွင်း ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှု ပိုခက်ခဲလာနိုင်ကြောင်းလည်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူများက ပြောဆိုလုက်သည်။
SpaceX ကုမ္ပဏီသည် Starlink Roam ဝန်ဆောင်မှုမူဝါဒကို ပြောင်းလဲလိုက်ကြောင်း သုံးစွဲသူများထံ အီးမေးလ်မှ တစ်ဆင့် အသိပေးထားသည်။
Starlink ၏ မူဝါဒအသစ်အရ စက်တစ်လုံးကို မူလမှတ်ပုံတင်ထားသည့် နိုင်ငံပြင်ပတွင် ရက်ပေါင်း ၃၀ ဆက်တိုက် အသုံးပြုလာပြီးနောက် သက်ဆိုင်ရာအကောင့်ကို လက်ရှိအသုံးပြုနေသည့် နိုင်ငံ သို့မဟုတ် Region သို့ ပြောင်းလဲ သတ်မှတ်ရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူဝါဒအရ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်မှစတင်၍ မူလမှတ်ပုံတင်ထားသည့် နိုင်ငံပြင်ပတွင် အသုံးပြုနေသည့် Starlink စက်များကို ရက်ပေါင်း ၃၀ အထိသာ ဆက်တိုက်အသုံးပြုခွင့် ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရက်ပေါင်း ၃၀ ကျော်လွန်လျှင် Priority Plan သို့ အဆင့်မြှင့်တင်ခြင်း၊ လက်ရှိအသုံးပြုနေသည့် နိုင်ငံသို့ Account ပြောင်းလဲသတ်မှတ်ခြင်း (Localize) သို့မဟုတ် မူလမှတ်ပုံတင်ထားသည့် နိုင်ငံတွင် ပြန်လည်အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် Starlink စက်အချို့ ပိတ်ခံရမှုများရှိလာပြီး ယင်းစက်များသည် မှတ်ပုံတင်ထားသည့် နိုင်ငံနှင့် လက်ရှိအသုံးပြုနေသည့် နေရာ (Location) မကိုက်ညီခြင်းကြောင့် ဖြစ်နိုင်ကြောင်း Starlink ရောင်းဝယ်သူနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုကြားနေတာ ပိတ်ခံရတဲ့စက်တွေက စာရင်းသွင်းထားတဲ့ Location နဲ့ အခုအသုံးပြုနေတဲ့ နေရာလွဲနေတာကြောင့်လို့တော့ အကြမ်းဖျင်း သိထားရတယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ စက်တွေက တခြားနိုင်ငံတွေက ဝင်လာတဲ့ စက်တွေဆိုတော့လေ” ဟု Starlink ရောင်းဝယ်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုဖြစ်ပေါ်နေသည့် ကန့်သတ်မှုသည် ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုနှင့် မြန်မာနိုင်ငံတွင် Starlink ဝန်ဆောင်မှုကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးသည့် အခြေအနေတို့နှင့် ဆက်စပ်နိုင်ကြောင်း Starlink ရောင်းဝယ်သူနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။
“သူတို့ဘက်က Policy ပြောင်းသွားပြီး အတည်တွေလုပ်လာတာပါ။ မြန်မာမှာ Starlink ကို တရားဝင်အသုံးပြုခွင့် မရှိသေးတာကြောင့်လည်း စက်တွေ ပိတ်ခံရတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် Starlink ဝန်ဆောင်မှုကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးသော်လည်း သျှမ်းပြည်အပါအဝင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသများတွင် ဆက်သွယ်ရေး၊ ငွေကြေးလွှဲပြောင်းမှု၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ဆက်သွယ်ရေး၊ ပညာရေးနှင့် သတင်းအချက်အလက် ရယူရေးတို့အတွက် အားထားအသုံးပြုနေကြကြောင်း သိရသည်။
“အခုက လုံးဝသုံးလို့မရတာတော့ မဟုတ်သေးဘူး။ ဒီ Starlink နဲ့ ငွေကြေးလွှဲတာ၊ ကျန်းမာရေးကိစ္စ၊ စစ်ရှောင်ကလေးတွေရဲ့ ပညာရေးကိစ္စ၊ အရေးကြီးတဲ့ သတင်းအချက်အလက်တွေအတွက် သုံးကြတာလေ။ တကယ်လို့ ပိတ်ခဲ့ရင်တော့ နယ်အစုံက သုံးနေတဲ့လူတွေ အခက်အခဲကြုံတွေ့ရမှာ” ဟု သျှမ်း-ကရင်နီနယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထူးသဖြင့် ကရင်နီကဲ့သို့ အာဏာသိမ်းပြီးနောက် ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေး အခက်အခဲများရှိနေသည့် ဒေသများတွင် Starlink ပိတ်ခံရပါက သတင်းအချက်အလက်စီးဆင်းမှုနှင့် ဆက်သွယ်ရေး ပိုမိုခက်ခဲလာနိုင်ကြောင်း Kantarawaddy Times အယ်ဒီတာချုပ် ကိုစောချစ်အေးက ပြောသည်။
“သတင်းအချက်အလက်ရဖို့အတွက် Starlink ကို သုံးနေရတာဆိုတော့ တကယ်လို့ မရတော့ရင် လူထုတွေကို သတင်းပြန်ပေးဖို့ အရမ်းအခက်အခဲဖြစ်သွားမယ်။ အဓိကက ရွေးချယ်စရာ တခြားမရှိဘူး။ ကရင်နီမှာက အာဏာသိမ်းပြီးကတည်းက ဖုန်းလိုင်းတွေက မရဘူး။ Starlink ကြောင့် အထောက်အကူဖြစ်ခဲ့တယ်။ မရှိတော့ရင် သတင်းသမားတွေသာမက လူမှုအဖွဲ့အစည်းတွေပါ သတင်းအချက်အလက်စီးဆင်းဖို့ အရမ်းခက်ခဲသွားမယ်လို့ မြင်တယ်” ဟု Kantarawaddy Times အယ်ဒီတာချုပ် ကိုစောချစ်အေးက ပြောသည်။
Starlink ဝန်ဆောင်မှုကို ဆက်လက်ပြီး သုံးမရတော့ပါက သတင်းအချက်အလက် ရယူရန် နှင့် ဆက်သွယ်ရေးအတွက် အန္တရာယ်များသည့် ဒေသများသို့ ပိုမိုချဉ်းကပ်သွားရနိုင်ကြောင်း Kantarawaddy Times အယ်ဒီတာချုပ် ကိုစောချစ်အေးက ဆက်ပြောသည်။
“ပိတ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာတော့ များများစားစားမရှိဘူး။သတင်းအချက်အလက်ရဖို့၊ အဆက်အသွယ်ရဖို့ အန္တရာယ်များတဲ့နေရာတွေကို ပိုပြီးချဉ်းကပ်သွားရနိုင်တယ်။ ကရင်နီအနေအထားအရ စစ်ရေးမြေပြင်လည်းဖြစ်တယ်။ တချို့နေရာတွေဆို အရမ်းခေါင်တဲ့ နေရာတွေဖြစ်တော့ ခရီးအဝေးကြီးတွေ သွားရတာမျိုး ဖြစ်လာနိုင်တယ်။တချို့ဒေသတွေကတော့ ဆက်သွယ်မှုရဖို့ မျှော်လင့်ချက်မရှိသလောက် ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် Starlink ဝန်ဆောင်မှုကို မူဝါဒအရဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ ဆက်လက်အသုံးပြုနိုင်ရန် မျှော်လင့်နေကြောင်း ဒေသခံအဖွဲ့အစည်းများအပြင် ပြည်သူများကပြောသည်။
မြန်မာနိုင်ငံတွင် Starlink အသုံးပြုမှု ပိုမိုတွင်ကျယ်လာခြင်းနှင့် နယ်စပ်ဒေသရှိ အွန်လိုင်းငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများက Starlink စက်များကို အသုံးပြုလာခြင်းတို့ကြောင့် ကုမ္ပဏီဘက်မှ ဝန်ဆောင်မှုမူဝါဒများကို ပိုမိုတင်းကျပ်လာခြင်း ဖြစ်နိုင်ကြောင်း Starlink ဝန်ဆောင်မှုနှင့် နီးစပ်သူများက သုံးသပ်ပြောဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနစ် အောက်တိုဘာလတွင် စတားလင့်ခ် သည် ထိုင်း-မြန်မာ နယ်စပ်တလျောက် ဆိုက်ဘာ လိမ်လည်မှု စင်တာများနှင့် နီးကပ်စွဦ တည်ရှိနေသည့် စက်ပစ္စည်း (Terminals) ၂,၅၀၀ ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ သို့သော် ဆိုက်ဘာ လိမ်လည်မှုစင်တာနှင့် မနီးစပ်သည့် မကွေး၊ စစ်ကိုင်းနှင့် ရခိုင်ပြည်ရှိ စက်ပစ္စည်းများလည်း ပါဝင်နေကြောင်း Myanmar Internet Project – https://www.myanmarinternet.info/my/post/joint_civil_society_statement_17_july_2026 ထုတ်ပြန်ချက်အရသိရသည်။
စတားလင့်ခ်သည် မြန်မာနိုင်ငံ ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများအတွက် ဇိမ်ခံပစ္စည်းမဟုတ်ဘဲ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံ အဆောက်အအုံ တခုဖြစ်ပြီး၊ လူသားချင်းစာနာမှုနှင့် ဆေးဝါး ကုသမှုဆိုင်ရာ ကိစ္စများ၊ ပြည်သူလူထု ဘေးကင်းလုံခြုံရေး နှင့် ကြိုတင် သတိပေးချက်များ၊ ပြည်သူ့ ဝန်ဆောင်မှုများနှင့် ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေး ၊ လွတ်လပ်သော မီဒီယာနှင့် လူ့အခွင့်အရေး ချိုးဖောက်သူများ မှတ်တမ်းတင်ခြင်း စသည့်နေရာများတွင် အသုံးပြုကြောင်း သိရသည်။
ထို့ကြောင့် နယ်စပ်ဖြတ်ကျော် ရာဇာဝတ်မှုများကို တိုက်ဖျက်ရာတွင် အပြစ်မဲ့ ပြည်သူသန်းပေါင်းများစွာ၏ အသက်ကိ ဆက်ပေးထားသော အသက်သွေးကြေားများကို ဖျက်ဆီးပစ်ခြင်း မဖြစ်စေရန် အတွက် SpaceX ၊ အမေရိကန်အစိုးရနှင့် နိုင်ငံတကာတို့ကို မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၄၉ဖွဲ့က သြဂုတ် ၁၇ ရက်တွင် လက်မှတ်ရေးထိုး တောင်းဆိုထားသည်။








Leave a Comments