ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု

၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်း (ဇွန်လ ၃ ရက်) က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ခွန်မင်း (ကူမင်း) လေဆိပ်၌ အမေရိကန်အခြေစိုက် ပညာရှင်တစ်ဦးဖြစ်သည့် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်း ဖြစ်စဉ်သည် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများအကြား တုန်လှုပ်ချောက်ချားဖွယ်သတင်းတခု ဖြစ်လာသည်။

ထိုဖြစ်စဉ်သည် လူပုဂ္ဂိုလ်တဦးကို  ရိုးရှင်းသည့် ဖမ်းဆီးမှုတစ်ခုမျှသာ မဟုတ်ပေ။

 မြန်မာနိုင်ငံတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေကြသည့် လွတ်လပ်သော သုတေသနပညာရှင်များ၊ သတင်းမီဒီယာသမားများနှင့် ပညာရှင်များ အခင်းအကျင်းတစ်ခုလုံးကို ပေကျင်းအစိုးရက ရည်ရွယ်ချက်ရှိရှိ ပေးပို့လိုက်သည့် ဂရုပြုရမည့် သတင်းစကားဖြစ်သည်။

 တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝေဖန်ဆန်းစစ်သည့် စုံစမ်းလေ့လာမှုများသည် ယခုအခါ အလွန်အန္တရာယ်ရှိသော လုပ်ငန်းတခု ဖြစ်လာကြောင်း သိသာလာသည့် အခြေအနေတခုလည်း ဖြစ်သည်။

“သူလျှိုလုပ်မှုနှင့် တရုတ်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု” ဟူသော တိကျမှုမရှိသည့် ဝေဝါးပြီး နိုင်ငံရေးအရ အသုံးချရလွယ်ကူသည့် စွဲချက်များဖြင့် ဦးမင်းဇင်အား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းသည် ပုံမှန်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကိုတက်ရောက်ခြင်းမှ ပထဝီနိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ထိုလုပ်ရပ်သည် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးကို နောက်ကွယ်မှ တိတ်တဆိတ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့် အစဉ်အလာနည်းလမ်းဟောင်းကို စွန့်ပယ်ကာ၊ အတိုက်အခံအသံများကို ပြတ်ပြတ်သားသား ခြိမ်းခြောက်နှိမ်နင်းမည့် လမ်းစဉ်သို့ ကူးပြောင်းလာပြီဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။

ပညာရှင်တစ်ဦးအား နှီးနှောဖလှယ်ပွဲ တက်ရောက်ခွင့်ကို တားဆီးရန်သာ မဟုတ်ဘဲ၊ မြန်မာနိုင်ငံရှိ သတင်းနှင့်သုတေသန နယ်ပယ်ကို ထိန်းချုပ်ရန်နှင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရှိသမျှနည်းလမ်းအားလုံးကို အသုံးပြုမည်ဟူသော ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာမြောက် သတင်းစကားကို ပေးပို့လိုက်ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံအပေါ် ကျင့်သုံးလာသည့် ပေကျင်း၏ မဟာဗျူဟာ ဗဟိုချက်တခုကို အထင်အရှားဖော်ပြလျက်ရှိသည်။ 

ဆယ်စုနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဦးတည်ချက်လမ်းကြောင်းကို မိမိတို့အလိုကျ ပုံဖော်ရန်အတွက် စီးပွားရေးအရ တိတ်တဆိတ် အသာစီးရယူမှုများနှင့် နောက်ကွယ်မှ နိုင်ငံရေးအရ အကွက်ရွှေ့မှုများဖြင့် သိမ်မွေ့သည့် နည်းလမ်းများအပေါ်တွင်သာ အဓိကမှီခိုခဲ့သည်။

သို့သော်လည်း ယနေ့တွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တဟုန်ထိုး ပြန့်နှံ့လာနေခြင်းနှင့်အတူ စစ်အစိုးရ၏ အာဏာစိုးမိုးနိုင်မှု အဘက်ဘက်မှ အားနည်းလာချိန်တွင် ပေကျင်းသည် ၎င်းတို့၏ အစောပိုင်း ချဉ်းကပ်မှုပုံစံများကို လုံးဝစွန့်ပယ်ပြီး အတိအလင်း ခြိမ်းခြောက်အကြောက်တရားသွင်းသည့် နည်းလမ်းကို အစားထိုးအသုံးပြုလာခဲ့သည်။ 

ဦးမင်းဇင်ကို ဖမ်းဆီးလိုက်ခြင်းသည် ဥပဒေကြောင်းအရ အငြင်းပွားဖွယ် သီးခြားဖြစ်စဉ် တခုမျှသာ မဟုတ်ဘဲ တရုတ်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နယ်စပ်များကို ဖြတ်ကျော်ရန်၊ ဥပဒေကို လက်နက်သဖွယ် အသုံးပြုရန်နှင့် အတိုက်အခံအသံများကို နှုတ်ပိတ်စေရန် ပေကျင်းအနေဖြင့် မည်မျှအထိ အဆင်သင့်ရှိနေကြောင်း ပြသလိုက်သည့် အချက်ပြမှု ဖြစ်သည်။

ယခုလုပ်ရပ်သည် လေဆိပ်မှသည် သျှမ်းပြည်မြောက်ပိုင်း တောင်တန်းများအထိ ကျယ်ပြန့်လာနေပြီး၊ အပြောင်းအလဲကြီးတစ်ခုဖြစ်လာနေကြောင်း ထုတ်ဖော်ပြသနေသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်၏ နောက်ကွယ်မှ မိတ်ဖက်တစ်ခုမျှသာ မဟုတ်တော့ဘဲ၊ တရုတ်၏ အကျိုးစီးပွားနှင့် စိုးမိုးမှုကို ခြိမ်းခြောက်နေသည့် လွတ်လပ်သော ဒေသတွင်း သတင်းအချက်အလက်နယ်ပယ် (Information Space) မှ အသံများကို မဖြစ်မနေ နှုတ်ပိတ်မည့် စစ်ပွဲတွင် တက်ကြွစွာ ဝင်ရောက်ဆင်နွှဲ ပါဝင်ပတ်သက်သူတဦး ဖြစ်လာနေပြီ ဖြစ်သည်။

၁။ မဟာဗျူဟာမြောက် သတင်းစကားအဖြစ် ဖမ်းဆီးမှု

ဦးမင်းဇင်အား တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ရုံ သို့မဟုတ် နေရပ်ပြန်လွှတ်ရုံမျှသာ မပြုလုပ်ဘဲ ဖမ်းဆီးထိန်းသိမ်းရန် ဆုံးဖြတ်လိုက်သည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် မဟာဗျူဟာကျကျ စီမံတွက်ချက်ထားခြင်း ဖြစ်သည်။ 

ဇွန်လ ၃ ရက်က ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတခု တက်ရောက်ရန် ရောက်ရှိလာစဉ် ခွန်မင်း (ကူမင်း) လေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည့် ပညာရှင်တဦးအား “သူလျှိုလုပ်မှုနှင့် တရုတ်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု” ဟူသော စွဲချက်များဖြင့် အရေးယူထားသည်။ 

၎င်းစွဲချက်များသည် ဥပဒေကြောင်းအရ ခိုင်လုံမှုရှိစေရန်ထက် ဝေဝါးပြီး နိုင်ငံရေးအရ အသုံးချရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုဖမ်းဆီးမှုမှတဆင့် အခြားသောရည်ရွယ်ချက်များကိုပါ  တပြိုင်နက်တည် အကောင်အထည်ဖော်ရန် ဖြစ်သည်။

  • ပညာရှင်များအကြား “ဟန့်တားမှုအာနိသင်” သို့မဟုတ် “နမူနာပြ သတိပေးမှု” ဖန်တီးခြင်း:

ပထမဦးစွာ၊ ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ဆန်းစစ်လေ့လာနေကြသည့် လွတ်လပ်သော သုံးသပ်သူများ၊ ဂျာနယ်လစ်များနှင့် ပညာရှင်များ အခင်းအကျင်းတစ်ခုလုံးအား ခြိမ်းခြောက်သည့် သတင်းစကားတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။ 

တရုတ်အစိုးရ၏ လုပ်ရပ်များကို ဝေဖန်ဆန်းစစ်ခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်ရရုံမျှမကဘဲ အသက်အန္တရာယ်ရှိနိုင်သည်အထိ စိုးရိမ်ရကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ ပညာရပ်ဆိုင်ရာ သုတေသနပြုခြင်းနှင့် အစည်းအဝေးတက်ရောက်ခြင်းကို “ရာဇဝတ်မှု” အဖြစ် မမျှတအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ခြင်းဖြင့်၊ ပေကျင်းသည် ကုန်ကျစရိတ် အနည်းဆုံးဖြင့် ထိရောက်သည့် “နမူနာပြ သတိပေးမှု” တစ်ခုအဖြစ်ဖန်တီးလိုက်သည်။ 

ထိုကြောင့် မြန်မာနိုင်ငံရှိ အခြားသော ပညာရှင်များသည် တရုတ်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများ၊ စီးပွားရေးထိုးဖောက်မှုနှင့် ဒေသတွင်း သြဇာလွှမ်းမိုးမှုများကို စစ်ဆေးလေ့လာသည့် စာတမ်းများ မထုတ်ဝေမီ နှစ်ကြိမ်တိုင်တိုင် ပြန်လည်စဉ်းစားလာရမည် ဖြစ်သည်။

  • ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုကို ပြသခြင်း

ဒုတိယအချက်မှာ ယခုဖမ်းဆီးမှုသည် ပေကျင်းအနေဖြင့် တရုတ်၏အကျိုးစီးပွားကို ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ လက်လှမ်းမီ ထိန်းချုပ်စီမံနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ 

ဦးမင်းဇင်သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ အမေရိကန် ယူစီဘာကလေ (UC Berkeley) တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ အန္တရာယ်မှ မလွတ်ကင်းခဲ့ပေ။

ထိုကြောင့် ယခုအချက်ပြမှုမှာ ပေကျင်း၏ “အမျိုးသားလုံခြုံရေး” ဟူသော နယ်နိမိတ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေထက် ကျော်လွန်ပြီး မည်သူ့ကိုမဆို၊ မည်သည့်နေရာတွင်မဆို တရုတ်နိုင်ငံ၏ မူဝါဒကို ဝေဖန်ဆန်းစစ်သူတိုင်းအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။

  • အချိန်ကိုက် နိုင်ငံရေးအကွက်ရွှေ့ခြင်း

တတိယအချက်အနေဖြင့် ယခုဖြစ်စဉ်သည် အလွန်အရေးကြီးသည့်အချိန်နှင့် အချိန်ကိုက်ဖြစ်နေသည်။ ယခုဖမ်းဆီးမှုသည် စစ်အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ပေကျင်းသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်မတိုင်မီ သီတင်းပတ်အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်ခေါင်းဆောင်ပိုင်းတို့အကြား ထိပ်သီးအစည်းအဝေးအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ထိုကြောင့် ပေကျင်းအနေဖြင့် အတိုက်အခံအသံများကို နှိမ်နင်းပေးခြင်းဖြင့် အကျိုးစီးပွားများကို ကာကွယ်ပေးနေကြောင်း စစ်ခေါင်းဆောင်ပိုင်းကို မဟာဗျူဟာကျကျ အချက်ပြလိုက်ခြင်း ဖြစ်ပြီး၊ စစ်တပ်အနေဖြင့် ပြည်တွင်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ခုဖြစ်ကြောင်း သတင်းစကားကို ပိုမိုခိုင်မာလာစေသည်။

  • တရားဥပဒေကို လက်နက်သဖွယ် အသုံးချခြင်း-

စတုတ္ထအချက်အနေဖြင့် ဝေဝါးပြီး တိကျမှုမရှိသော “သူလျှိုမှု” ဟူသော စွဲချက်များကို အသုံးပြုခြင်းသည် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်လာစေသည်။ ပထမတစ်ခုမှာ ပေကျင်း၏ လုပ်ဆောင်မှုသည် ဥပဒေကြောင်းအရ တရားဝင် လုပ်ဆောင်ခွင့်ရှိသည်ဟု ဖော်ပြရာရောက်ပြီး နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်ဟူသော ဝေဖန်မှုများကို ငြင်းပယ်နိုင်မည့် အခွင့်အလမ်းကိုလည်းရခဲ့သည်။ 

“တရုတ်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု” ဆိုသည့် စွဲချက်ကြောင့် တရုတ်နိုင်ငံအနေဖြင့် ယခုဖမ်းဆီးမှုကို လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ဖိနှိပ်ခြင်းအဖြစ် မဟုတ်ဘဲ တရုတ်၏ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ကာကွယ်ပိုင်ခွင့်ရှိသည်ဟူသောပုံစံဖြင့် ပြည်တွင်းပြည်ပသို့ ပုံဖော်ပြသခွင့် ရစေပြီး ဝေဖန်စောင့်ကြည့်သူများအနေအတွက် စိန်ခေါ်ရန် ပိုမိုခက်ခဲစေသည်။

၂။ သျှမ်းပြည်မြောက်ပိုင်း စစ်ကစားကွင်းနှင့် ပေကျင်း၏ စီးပွားရေးသွေးကြော

မြေပြင်အခြေအနေတွင် တရုတ်နိုင်ငံသည် သျှမ်းမြောက်၌ ၎င်းတို့၏ စစ်ရေးနှင့် နည်းဗျူဟာမြောက် လှုပ်ရှားမှုများကို သိသိသာသာ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

ထိုသို့ လုပ်ဆောင်ရာတွင် အထူးသဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ကြားခံအသုံးချ၍ ၎င်းတို့၏ နယ်မြေစိုးမိုးမှုနှင့် စစ်ဆင်ရေးများကို ပိုမိုတွင်ကျယ်စွာ ပုံဖော်လာခြင်း ဖြစ်သည်။

ထိုစစ်ရေးလှုပ်ရှားမှုများ၏ နောက်ကွယ် အဓိက ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ်မှသည် မြန်မာနိုင်ငံကို ဖြတ်သန်းကာ မုတ္တမကွေ့ (Gulf of Martaban) အထိ သွယ်တန်းထားသည့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများကို လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ဖြစ်သည်။ 

တပြိုင်နက်တည်းမှာပင် မြန်မာ့မြေပေါ်ရှိ တွင်းထွက်သယံဇာတများ၊ သစ်တောများနှင့် စိုက်ပျိုးရေးကဏ္ဍ အပါအဝင် တရုတ်နိုင်ငံ၏ ကြီးမားသော စီးပွားရေးအကျိုးစီးပွားများကို အကာအကွယ်ပေးရန်လည်း ရည်ရွယ်သည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ ယခုကဲ့သို့ လက်ရဲဇက်ရဲ လုပ်ရပ်များသည် ဒေသခံပြည်သူများကို အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခဆိုးကြီးနှင့် ရင်ဆိုင်ရစေပြီး၊ မြန်မာ့မြေပေါ်တွင် တရုတ်တို့ လွှမ်းမိုးလာမှုအပေါ် ပြည်သူလူထု၏ မကျေနပ်မှုနှင့် နာကျည်းမှုကို ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။ 

တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော လက်နက်ကိုင်အဖွဲ့များက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို အလုံးစုံသိမ်းပိုက် စီမံခန့်ခွဲလာခြင်းသည် တရုတ်နိုင်ငံက ခေတ်သစ်ကိုလိုနီပြုနေခြင်း (Chinese colonization) ဖြစ်သည်ဟူသော အမြင်ကို ဖြစ်ပေါ်လာနေပြီး တိုင်းရင်းသားပေါင်းစုံနှင့် နိုင်ငံရေးအုပ်စုပေါင်းစုံအကြား ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာနေသည်။

၃။ ကြီးထွားလာနေသော တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ပြဿနာ

ယခုကဲ့သို့ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုများကို တွန်းအားပေးနေသည့် အဓိကအချက်မှာ သာမန်မြန်မာပြည်သူများအကြား ပြင်းပြင်းထန်ထန် ကြီးထွားလာနေသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် (Anti-China Sentiment) ပင် ဖြစ်သည်။ 

ပြည်သူလူထု၏ မကျေနပ်ချက်များသည် နက်ရှိုင်းပြီး မတူညီသော အုတ်မြစ်များးတွင် အခြေခံပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။

  • စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မကျေနပ်မှုများ

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့ဈေးကွက်အတွင်းသို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာပြီး ငှက်ပျောစိုက်ခင်းများ၊ တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများနှင့် အခြားသော စီးပွားရေးကဏ္ဍများကို လွှမ်းမိုးရယူလာခြင်းကြောင့် စီးပွားရေးအရ နာကျည်းမှုများ ဖြစ်ပေါ်လာရသည်။ 

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံက ဦးဆောင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သော သတ္တုတူးဖော်ရေး၊ ဆည်တမံ တည်ဆောက်ရေးနှင့် သစ်တောပြုန်းတီးမှုများကြောင့် ကြီးမာသော ဂေဟစနစ် ပျက်စီးမှုများ ကြုံတွေ့နေရပြီး၊ ဒေသခံလူထုကို အိုးအိမ်စွန့်ခွာစေကာ လူထု၏ မိရိုးဖလာရိုးရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ဘဝများကိုပါ ပျက်စီး ဆုံးရှုံးစေခဲ့သည်။

 ထို့အပြင် ယဉ်ကျေးမှုဆိုင်ရာ နယ်ချဲ့မှု သို့မဟုတ် လွှမ်းမိုးရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်လာကြခြင်းမှလည်း မကျေနပ်ချက်များ ထွက်ပေါ်လာနေသည်။

  • နိုင်ငံရေးအရ ဒေါသထွက်မှု-

ပြည်သူလူထုက ဆန့်ကျင်နေသည့် မြန်မာစစ်တပ်မှ တရုတ်နိုင်ငံ၏ စစ်ရေးအရ ပံ့ပိုးကူညီမှုအပေါ် မှီခိုနေခြင်းသည်လည်း ပြည်သူလူထုအတွက် နိုင်ငံရေးအရ ဒေါသထွက်ကြခြင်း ဖြစ်သည်။ 

ပြည်သူ့လူထု၏ ဒေါသသည် ပြင်းထန်လွန်းသဖြင့် ပေကျင်းအစိုးရ၏ ဝါဒဖြန့်ချိရေး ကြိုးပမ်းမှုများလုပ်ဆောင်ရာတွင် ပြည်သူများ၏ ခံစားချက်ကြောင့်် ထပ်တိုက်တွေ့ရန်ပင် ခက်ခဲစေသည်။

ပေကျင်းသည် မြန်မာပြည်သူလူထု၏ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ၎င်းတို့ သြဇာလွှမ်းမိုးမှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတ်မှတ် သတိပြုပြီး အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ 

ထို့ကြောင့် မြန်မာနှင့် တရုတ်တို့သည် ညီအစ်ကိုမောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်းကဲ့သို့ သွေးရင်းရင်းချာချာ ရှိလှသည်ဟူသော အဓိပ္ပာယ်ရသည့် ဆွေမျိုးပေါက်ဖော်” ဖြစ်သည်ဟူသော ဝါဒဖြန့်လှုပ်ရှားမှုများကို တရုတ်သံအမတ်ကြီးကိုယ်တိုင် ဦးဆောင်ကာ အရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်။

ယခုကဲ့သို့ ဝါဒဖြန့်ချိရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ပုံရိပ်ကို ခေါင်းပုံဖြတ်သည့် ပြင်ပလူအဖြစ်မှသည် ကရုဏာဖြင့်ပေါင်းသင်းဆက်ဆံနေသည့် မိတ်ဖက်တစ်ခုအဖြစ် ပြောင်းလဲပုံဖော်ရန်၊ “ညီအစ်ကိုမောင်နှမ စိတ်ဓာတ်” အပေါ် ဗဟိုပြုသည့် အမျိုးသားရေးလက္ခဏာတစ်ရပ် ဖန်တီးရန်နှင့် လူထုမှ စနစ်တကျ စုစည်းကာ မတွန်းလှန်နိုင်မီ ပြည်သူလူထု၏ အမြင်ကို ကြိုတင်ပုံဖော်ခြင်းဖြင့် ဖြစ်လာနိုင်သည့် တွန်းလှန်မှုများကို ကာကွယ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

၄။ မဟာဗျူဟာမြောက် သက်ရောက်မှုများနှင့် ပိုမိုကျယ်ပြန့်သော ပုံစံများ

ဦးမင်းဇင်အား ဖမ်းဆီးလိုက်သည့် ဖြစ်စဉ်သည် ကမ္ဘာ့အဆင့်တွင်လည်း တရုတ်၏ ဝေဖန်မှုများနှင့် အတိုက်အခံများအပေါ် ကျယ်ပြန့်စွာ ကိုင်တွယ်စီမံခန့်ခွဲသည့် ချည်းကပ်မှုပုံစံဖြင့်ကိုက်ညီနေသည်။

တရားဝင်လှုပ်ရှားမှုများနှင့် ၎င်းတို့အပေါ် ခြိမ်းခြောက်မှုဟု ယူဆရသည့်အရာကိစ္စများကြားတွင် နယ်နိမိတ်များကို ဝေဝါးစေခြင်း၊ နိုင်ငံရေးရည်ရွယ်ချက်များအတွက် ဥပဒေကြောင်းဆိုင်ရာ ယန္တရားများကို အသုံးပြုခြင်းနှင့် ပေကျင်းအနေဖြင့် ၎င်းတို့လက်ထဲရှိ အသုံးပြုနိုင်သမျှ နည်းလမ်းအားလုံးဖြင့် အသုံးချမည်ဖြစ်ကြောင်း သက်သေပြခြင်းဖြင့် တရုတ်နိုင်ငံသည် ၎င်းတို့အပေါ် ဝေဖန်ထောက်ပြသူများအပေါ် ထောက်ပြသူများကိုယ်တိုင် မိမိတို့ ထောက်ပြမှုကို ကိုယ်တိုင်ဆင်ဆာဖြတ်တောက်လာရမည့်အခြေအနေမျိုးဖြစ်အောင် ဖန်တီးလိုက်ခြင်းဖြစ်သည်။

ပုံမှန်အစည်းအဝေးတက်ရောက်ခြင်းနှင့် ပညာရပ်ဆိုင်ရာ သုတေသနပြုခြင်းမျှသာဖြစ်သော လုပ်ရပ်တခုအတွက် ပညာရှင်တဦးအား ဖမ်းဆီးလိုက်သည့် မမျှတအောင် ပြင်းထန်လွန်းသည့် တုံ့ပြန်မှုပုံစံသည် ပေကျင်းအနေဖြင့် ယခုကိစ္စကိုသာ သီးခြားစိုးရိမ်ရမည့်အခြေအနေမဟုတ်ဘဲ အလားတူကိစ္စမျိုး နောက်ထပ်မလုပ်ရဲအောင် တားဆီးပိတ်ပင်နိုင်စွမ်းရှိသည့် “ဟန့်တားမှုအာနိသင် (Deterrent effect)” သို့မဟုတ် “နမူနာပြ သတိပေးမှု” ကို တည်ဆောက်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ထင်ရှားစွာပြသနေသည်။

ယခု နည်းဗျူဟာသည် တရုတ်နိုင်ငံ၏ “ထိန်းချုပ်ထားသည့် အတိုက်အခံ (Managed dissent)” အဖြစ် ထင်ဟပ်ပြသနေသည်။ 

၎င်း၏အဓိပ္ပါယ်မှာ ပွင့်လင်းမြင်သာသော ကန့်ကွက်ဆန့်ကျင်မှုများကို နှိမ်နင်းပြီး လွတ်လပ်သော အသံများကို မိမိဘက်သို့ပါလာအောင် စည်းရုံးသိမ်းသွင်းခြင်း သို့မဟုတ် နှုတ်ပိတ်ခြင်း၊ နှင့် တရုတ်လိုလားသော အမြင်များကိုသာ ဆက်လက် လက်ခံနိုင်စေရန် ဇာတ်ကြောင်း (Narrative) ကို အလုံးစုံထိန်းချုပ်ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ယခုဖမ်းဆီးမှုသည် ဒေသတွင်း သတင်းအချက်အလက်နယ်ပယ် (Information Space) ကို စီမံခန့်ခွဲရန်နှင့် တရုတ်ဆန့်ကျင်ရေး ဇာတ်ကြောင်းများ အရှိန်အဟုန်ဖြင့် အားကောင်း မလာစေရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် ကျယ်ပြန့်သော ချဉ်းကပ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

၅။ ပြည်တွင်းရှိ တရုတ်ဆန့်ကျင်ရေးနှင့် ၎င်း၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်နေသည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်သည် ထူးခြားပြီးအရေးပါသော ကဏ္ဍတွင်ရှိနေသည်။ 

အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာသည် ပေကျင်းအနေဖြင့် မြန်မာစစ်တပ်အား စစ်ရေးအရ ကူညီပေးနိုင်ရုံမျှဖြင့် လွယ်လွယ်ကူကူ ကိုင်တွယ်စီမံနိုင်၍ မရနိုင်သော စိန်ခေါ်မှု တစ်ရပ်အဖြစ်ရှိနေခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် ပြည်သူလူထု၏ တရားဝင်ထောက်ခံမှုကို တစ်စစ ဆုံးရှုံးလာနေချိန်တွင် ပေကျင်းအနေဖြင့် စစ်ဘက်ခေါင်းဆောင်ပိုင်းကိုရော ပိုမိုကျယ်ပြန့်သော ပြည်သူလူထုတစ်ရပ်လုံးကိုပါ တစ်ပြိုင်နက်တည်း စီမံခန့်ခွဲရန် လိုအပ်လာသည်။ 

တရုတ်တို့၏ စီးပွားရေးလှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးစေမှုများနှင့် စစ်အာဏာရှင်အစိုးရအပေါ် နိုင်ငံရေးအရ ဆက်လက်ထောက်ပံ့နေမှုများအပေါ် ပြည်သူလူထုအကြား ကြီးထွားလာနေသော မကျေနပ်ချက်များသည် တရုတ်တို့၏ သြဇာလွှမ်းမိုးမှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီး၊ ၎င်းကို တရုတ်တို့အနေဖြင့် မဖြစ်မနေ ဖြေရှင်းရမည့် အခြေအနေသို့ ရောက်ရှိနေသည်။

ထိုသို့ ပြည်တွင်းလူထု၏ အခြေအနေများကြောင့် ပေကျင်း၏ တုံ့ပြန်မှုများသည် ပိုမို၍ လက်ရဲဇက်ရဲနိုင်ကာ အငြိုးအတေးကြီးပြီး အင်အားသုံး ခြိမ်းခြောက်နှိမ်နင်းသည့် လမ်းစဉ်ဘက်သို့ ရောက်ရှိလာစေသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် သမိုင်းအစဉ်အလာအရ ကျင့်သုံးခဲ့သည့် ချဉ်းကပ်မှုပုံစံများဖြစ်သော “နယ်မြေတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် စစ်တပ်အပေါ်၌သာ အလုံးစုံမှီခိုအားထားခြင်းသည်” ပြည်သူလူထုကိုယ်တိုင်က တရုတ်၏ အကျိုးစီးပွားများကို စတင်ဆန့်ကျင် တိုက်ခိုက်လာချိန်တွင် လုံလောက်မှု မရှိတော့ပေ။  

ဦးမင်းဇင်ကို ဖမ်းဆီးလိုက်ခြင်းသည် သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ရေးလှုပ်ရှားမှုများ၊ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုများနှင့် ပေါင်းစပ်လျက် စစ်ဘက်ခေါင်းဆောင်ပိုင်းရော ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ်တွင်ပါ ၎င်းတို့၏ ထိန်းချုပ်မှုကို ပြန်လည်ရယူရန် ပေကျင်းအစိုးရက ကြိုးပမ်းလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားစွာ သုံးသပ်နိုင်သည်။

၆။  ရေရှည်မဟာဗျူဟာမြောက် ပေကျင်းအတွက် စွန့်စားရဦးမည့် အန္တရာယ်

ပေကျင်းအစိုးရအတွက် အကြီးမားဆုံး အန္တရာယ်မှာ ယခုကဲ့သို့ အင်အားသုံး ခြိမ်းခြောက်နှိမ်နင်းသည့် လက်ရဲဇက်ရဲ ချဉ်းကပ်မှုများသည် ပြည်သူလူထု၏ မကျေနပ်ချက်များကို လျော့ပါးသွားစေမည့်အစား ပိုမိုကြီးထွားလာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အင်အားသုံး ဖိအားပေးခြင်း၊ လွတ်လပ်သော ဝေဖန်ထောက်ပြသူများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခြင်းနှင့် တရုတ်အပေါ် ဝေဖန်ဆန်းစစ်မှုအားလုံးကို “သူလျှိုလုပ်မှု” အဖြစ် ပုံဖော်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုနက်ရှိုင်းသွားစေရန် တွန်းပို့သည့် အန္တရာယ်ရှိနေသည်။ 

မြန်မာပြည်သူလူထုက တရုတ်နိုင်ငံအား ကရုဏာသက်သော မိတ်ဖက်တစ်ခုအဖြစ် မရှုမြင်တော့ဘဲ ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် အင်အားစုတစ်ခုအဖြစ်သာ တညီတညွတ်တည်း သတ်မှတ်လာကြမည်ဆိုလျှင် ပေကျင်း၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုသည် စစ်တပ်၏ ပြိုလဲပျက်စီးခြင်းထက်ပင် ပိုမိုမြန်ဆန်စွာ ဆုံးရှုံးသွားနိုင်သည်။

ဦးမင်းဇင်ကို ဖမ်းဆီးလိုက်ခြင်းသည် တဖြည်းဖြည်း ကြီးထွားလာနေသော ပြဿနာကို ခြိမ်းခြောက်မှု၊ ဝါဒဖြန့်မှုနှင့် အင်အားသုံးမှုတို့ ပေါင်းစပ်ကာ ကိုင်တွယ်ဖြေရှင်းရန် ပေကျင်းက ကြိုးပမ်းလိုက်ခြင်းကို ပြသနေသည်။ 

သို့သော်လည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ထိန်းချုပ်ရန်အတွက် ပေကျင်းအစိုးရ ကျင့်သုံးနေသည့် နည်းဗျူဟာများဖြစ်သော စီးပွားရေးအရ ထိုးဖောက်ဝင်ရောက်မှု၊ စစ်ရေးအရ အင်အားသုံးမှုနှင့် သတင်းအချက်အလက်နယ်ပယ်ကို ထိန်းချုပ်မှုများသည် ၎င်းတို့ကိုယ်တိုင် တားဆီးရန် ကြိုးပမ်းနေသည့် မကျေနပ်မှုနှင့် နာကျည်းမှုများကိုပင် ပြန်လည်အရှိန်မြှင့် ပေးနေသကဲ့သို့ ဖြစ်နေသည်။

အတိုချုပ်ဆိုရလျှင် လွတ်လပ်သော ပညာရှင်တစ်ဦးကို နှုတ်ပိတ်ရန် ကြိုးပမ်းခြင်းအားဖြင့် ပေကျင်းသည် မြန်မာနိုင်ငံတွင် ရှိနေသည့် ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်နှင့် ရေရှည်အကျိုးစီးပွားများကိုပါ ကိုယ်တိုင် နှုတ်ပိတ်ဖျက်ဆီးပစ်နေခြင်းလည်း ဖြစ်လာနိုင်သည်။

နိဂုံး

ဦးမင်းဇင်ကို ဖမ်းဆီးလိုက်သည့် ဖြစ်စဉ်သည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော ရှုပ်ထွေးလှသည့် မဟာဗျူဟာမြောက် စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။ 

ယခုလုပ်ရပ်သည် မြန်မာပြည်တွင်းရှိ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ကိုင်တွယ်ရန်၊ စစ်အစိုးရ အပေါ် ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းရန်၊ စစ်ရေးနည်းလမ်းများကို အသုံးပြု၍ ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများကို လုံခြုံစေရန်နှင့် လွတ်လပ်သော ဝေဖန်ဆန်းစစ်မှုများကို ဟန့်တားမှုအာနိသင် (Deterrent effect) တစ်ရပ် တည်ဆောက်ရန် ရည်ရွယ်သည်။ 

ယခုဖမ်းဆီးမှုသည် ပညာရှင်တစ်ဦးအား နှီးနှောဖလှယ်ပွဲ တက်ရောက်ခွင့်ကို တားဆီးရန်မျှသာ မဟုတ်ဘဲ၊ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံရှိ သတင်းအချက်အလက်နယ်ပယ် (Information Space) ကို ထိန်းချုပ်ရန်အတွက် လက်ဝယ်ရှိ အသုံးချနိုင်သမျှနည်းလမ်း အားလုံးကို အသုံးပြုမည်ဟူသော ပိုမိုကျယ်ပြန့်သည့်  သတင်းစကားကို ပေးပို့လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် စစ်အာဏာရှင်ကို ပံ့ပိုးကူညီပေးခြင်းနှင့် ပိုမိုကျယ်ပြန့်သော ပြည်သူလူထုတစ်ရပ်လုံးကို စီမံခန့်ခွဲခြင်းဟူသော ထိန်းရခက်သည့် အခြေအနေနှစ်ရပ်ကြားတွင် ဆက်လက်ဗျာများနေရဦးမည်ဖြစ်ပြီး၊ ရှေ့လျှောက်တွင် ဦးမင်းဇင်အား ဖမ်းဆီးသည့် ဖြစ်စဉ်မျိုးကဲ့သို့သော လုပ်ရပ်များကို မကြာခဏနှင့် ပြောင်ပြောင်တင်းတင်း မြင်တွေ့လာရဖွယ် ရှိနေသည်။

“ပညာရှင်ကို အသံတိတ်စေခြင်း” ဟူသော မဟာဗျူဟာသည် ပေကျင်း၏ ရပ်တည်ချက်နှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ထိတ်လန့်နေမှု သိသာပေါ်လွင်စေသည်။ 

အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံအနေဖြင့် အမှန်တရားကို ဖိနှိပ်ရန် ပိုမိုကြိုးပမ်းလေလေ၊ ၎င်းတို့၏ သြဇာလွှမ်းမိုးမှု ပြိုလဲ ယိုင်နဲ့နေကြောင်းကို ပိုမိုပေါ်လွင်စေလေလေ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ 

အဆုံးသတ်တွင် တရုတ်နိုင်ငံအနေဖြင့် အကြောက်တရားကို အသုံးချကာ သတင်း၊ အချက်အလက်စီးဆင်းမှုကို ချုပ်ကိုင်ရန် ကြိုးပမ်းမှုသည် ၎င်းတို့ကိုယ်တိုင် လွှမ်းမိုးချုပ်ကိုင်လိုသော ပြည်သူများ၏ အမြင်တွင် အိမ်နီးချင်းကောင်းအဖြစ်မှ ကမ္ဘာက အော့နှလုံးနာသည့် အပယ်ခံနိုင်ငံတခုအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပြီး ၎င်းတို့၏ အကြီးမားဆုံးသော မဟာဗျူဟာမြောက် အမှားကြီး ဖြစ်လာနိုင်ပါသည်။

ဤဆောင်းပါးပါ အချက်အလက်နှင့် သုံးသပ်ချက်များသည် စာရေးသူ စိုင်းဝမ်းစိုင်၏ အာဘော်နှင့် ရှုမြင်ချက်သာဖြစ်ပြီး သျှမ်းသံတော်ဆင့် (SHAN) ၏ အာဘော်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

*အထက်ပါဆောင်းပါးမှာ စိုင်းဝမ်းဆိုင် ရေးသားထားသော SILENCING THE SCHOLAR: The Strategic Message Behind China’s Arrest of U Min Zin၏ အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”

0
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို...

တရုတ်က ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်

0
ကျားဖြန့် ခေါ် အွန်လိုင်း လိမ်လည်မှု သံသယ နဲ့ တရုတ်အစိုးရက အလိုရှိနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးမြီရှောက်ချန်း ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ...

နယ်စပ်ကုန်စည်ဒိုင်များ တရုတ်အစိုးရဖိအားပေးမှု ကြုံတွေ့နေရ

0
မြန်မာ-တရုတ် နယ်စပ် ရှိ မြန်မာကုန်စည်ဒိုင်များကို တရုတ်အစိုးရက တင်းကြပ်သည့်ဥပဒေ ထုတ်ပြန်လိုက်ပြီးနောက် မူဆယ်မြို့ အတွင်း ကုန်စည်ဒိုင်နေရာ များ အမြန်ဖန်တီးပေးရန် လိုအပ်ကြောင်း ကုန်သည်များ အသိုင်းအဝိုင်းက တောင်းဆိုလိုက်သည်။ သြဂုတ် ၂၅ ရက်က တရုတ်နိုင်ငံ အစိုးရက - ယခုမှစ၍ တရုတ်နိုင်ငံ ကျယ်ဂေါင်...