လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် စစ်ကော်မရှင်တပ်က အာဏာသိမ်းခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံးမှ အစိုးရဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်ကာ CDM လုပ်ကာ ဆန္ဒပြခဲ့ကြသည်။
ဝန်ထမ်းအများပြား CDM လုပ်ခဲ့ပြီး ငါးနှစ်အကြာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM ဝန်ထမ်းများကို ပြစ်မှုကျူးလွန်ခြင်း မရှိပါက အမည်မည်းစာရင်း Black list စာရင်းမှ ပယ်ဖျက်ပေး မည်ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။
သို့သော်လည်း အမည်မည်း စာရင်းမှ ပယ်ဖျက်ရန်အတွက် မိမိတာဝန်ထမ်းဆောင် ခဲ့သည့် သက်ဆိုင်ရာ ဌာနရုံး၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ် စစ်သံရုံး နှင့် ကောင်စီဝန်ရုံးတို့ကို CDM ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံချက်နှင့် CDM ဖြစ်ကြောင်း ထောက်ခံစာကို ပေးပို့ရန် လိုအပ်ကြောင်း ထုတ်ပြန်ရေးသားထားသည်။
တဖက်တွင်လည်း စစ်ကော်မရှင် ၏ CDM ဝန်ထမ်းများကို ပြန်ခေါ်သော်လည်း မပြန်ရဲကြောင်းနှင့် မိမိပြန်သွားချိန် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း CDM ပြုလုပ်ထားသည့် ပညာရေး ဝန်ထမ်းအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျမကတော့ အပြင်အလုပ်နဲ့ နေသားကျနေပြီ၊ ဝန်ထမ်းလည်း ပြန်မလုပ်ချင်ဘူး။ ကိုယ်ပြန်မှ ဖမ်းခံနေရအုံးမယ်” ဟု ၎င်းအမျိုးသမီးကဆိုသည်။
စစ်ကော်မရှင်၏ CDM အပေါ် ဖြေလျော့သည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် မျက်နှာရချင်သည့်အတွက် လုပ်ဆောင်နေသကဲ့သို့ ၎င်းဖွဲ့စည်းမည့် အစိုးရအသစ်တွင် ဝန်ထမ်းအင်အားလိုအပ်နေခြင်းကြောင့် ပြုလုပ်သည်ဟု ယူဆရကြောင်းလည်း CDM အသိုင်းအဝန်းများက ပြောသည်။
“ ကျနော်အထင်တော့ သူ(စစ်ခေါင်းဆောင်)က နိုင်ငံတကာမှာ မျက်နှာရဖို့ပါပဲ။ လူထုကိုချစ်လို့မဟုတ်ဘူး။ နောက် သူ့အစိုးရအသစ်မှာ ဝန်ထမ်းအင်အားလိုလို့ ပြန်ခေါ်တာလည်း ဖြစ်နိုင်တယ်” ဟု CDM ပြုလုပ်ထားသည့် အမျိုးသားတစ်ဉီးက ပြောသည်။
စစ်ကော်မရှင်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်သည့်ဝန်ထမ်းများကို လိုက်လံဖမ်းဆီးခြင်း၊ ထောင်ချခြင်း များကို ပြုလုပ်လာပြီး၊ အများစုသည် ထိုင်းနိုင်ငံနှင့် တော်လှန်ရေး နယ်မြေသို့ ထွက်ပြေးတိမ်းရှောင် လာကြသည်။
စစ်အာဏာသိမ်းလာသည့် ၅နှစ်တာ ကာလအတွက် အခက်အခဲပေါင်းစုံ စိန်ခေါ်မှုမျိုးစုံကို ကြုံလာခဲ့ရသူများထဲတွင် CDM ဝန်ထမ်းများလည်းပါဝင်သည်။
“ ကျမကတော့ အထဲတော့ မပြန်ဘူး။ ခံဝန်ချက်နဲ့သူတို့(စစ်ကော်မရှင်)အောက်တော့ ပြန်မနေဘူး။ တချို့ကတော့ ပြန်မယ်လို့တော့သိရတယ်။ ဒါကလည်း သူ့တို့ စိတ်ဆန္ဒပဲလေ။ အားလုံးက ခက်ခဲကြတယ်” ဟု CDM ကျန်းမာရေး ဝန်ထမ်းတစ်ဉီးက ဖြည့်စွတ်ပြောသည်။
စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူများထဲတွင် ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း အများဆုံးဖြစ်ကြောင်း သိရသည်။
“ ကျမကတော့ CDM မပြုလုပ်ထားဘူး။ ကျန်းမာရေးဝန်ထမ်းဆိုတာက လူအသက်ကို ကယ်ရတာလေ၊ ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ရင် ဘယ်သူက လူနာတွေကို ကြည့်မှာလဲ။ အခုဆိုရင် တော်တော် အခက်အခဲများတယ်။ ဝန်ထမ်းမလောက်ငှမှုတွေ ကြုံရတယ်” ဟု Non-CDM ကျန်းမာရေးဝန်ထမ်းတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
မြန်မာနိုင်ငံတွင် CDM ပြုလုပ်သူ လေးသိန်းကျော် ရှိခဲ့ပြီး တစ်ချို့သော CDM များမှာ ငွေကြေးအခက်အခဲများ ကြောင့် Non- CDM အနေဖြင့် သက်ဆိုင်ရာ ဌာနတွင် အလုပ်တာဝန်ကို ပြန်ထမ်းဆောင်သူမျးလည်းရှိကြောင်း သိရသည်။










Leave a Comments