တရုတ်နိုင်ငံတွင် ကျားဖြန့်အမှုများဖြင့် တရားရင်ဆိုင်နေရသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ၅ ဦးတို့ကို တရုတ် အစိုးရက သေဒဏ်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
စစ်ကော်မရှင် လက်အောက်တွင် ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့စဉ်က ‘ပယ်’ မိသားစုဝင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ရှိ ရှင်းကျန်းမြို့တရားရုံးက ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြစ်မှု ၁၂ မှု မြောက်ကြောင်း ဆုံးဖြတ်ခဲ့ပြီး သေဒဏ်၊ တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ်များ ချမှတ်ခဲ့သည့်အကြောင်း တရုတ်သတင်းများတွင် ဖော်ပြသည်။
သေဒဏ်ချမှတ်ခံရသူများထဲတွင် ကိုးကန့်ဒေသဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးပယ်ဆောက်ချိန် (Bai Suo Cheng)၊ ပယ်ရင်ချန် (Bai Yingcang)၊ ယန်လိချန် (Yang Liqiang)၊ ဟူရှောင်ကျန်း (Hu Xiaojiang) နှင့် ချန်ကွမ်ယိ (Chen Guangyi) တို့ ၅ ဦး ပါဝင်ပြီး လီဖူရှို (Li Fushou) နှင့် လီကျစ်တဲ (Li Zhide) တို့ကိုမူ နှစ်နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်ခဲ့သည်။

အလားတူ ဆက်စပ်ပါဝင်သူ တရားခံ ၅ ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်၊ အခြားသော တရားခံ ၉ ဦးကို နှစ် ၂၀ မှ ၃၀ အထိ ထောင်ဒဏ်အပြင် သက်ဆိုင်ရာ နောက်ဆက်တွဲပြစ်ဒဏ်များအဖြစ် ဒဏ်ငွေ၊ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ကို ချမှတ်ခဲ့သည်ဟု တရုတ်သတင်းများက ဆိုသည်။
ကိုးကန့်ဒေသတွင် ‘ပယ်’ မိသားစု၏ ဩဇာအာဏာကို အလွဲသုံးစားပြု၍ ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သား ပယ်ရင်ချန်တို့က ရာဇဝတ်ဂိုဏ်းများကို အဓိက ဦးဆောင်ခဲ့ကြောင်း၊ အရေးပါသော အဖွဲ့ဝင်များတွင် ၎င်းတို့၏ ဆွေမျိုးများ၊ လက်အောက်ငယ်သားများနှင့် လက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်ခဲ့ကြောင်း တရုတ်တရားရုံး၏ စုံစမ်းစစ်ဆေးချက်များတွင် ဖော်ပြထားသည်။
စစ်ကော်မရှင်လက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ဦးပယ်ဆောက်ချိန် တာဝန်ယူခဲ့စဉ် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး တရုတ်နိုင်ငံသား အမြောက်အများကို အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် ကိုးကန့်ဒေသအတွင်း နေရာ ၄၁ ခု၌ လုံခြုံရေးယူပေးခဲ့သည်။
‘ပယ်’ မိသားစုဝင်များ၏ ရာဇဝတ်ဂိုဏ်းများသည် အွန်လိုင်းကျားဖြန့်ရုံးများ ဖွင့်လှစ်ခွင့်ပေးခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို စီစဉ်ပေးခြင်း၊ တမင်ကြံရွယ်၍ လူသတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်း စသည့် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့ရာ တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခြင်း၊ တစ်ဦးမှာ မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ခြင်းနှင့် လူအများအပြား ဒဏ်ရာရရှိစေခဲ့သည့်အမှုကျူးလွန်ကြောင်း တရုတ်တရားရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အွန်လိုင်းကျားဖြန့်လုပ်ငန်းများမှ လိမ်လည်မှုပေါင်း သုံးသောင်းကျော် ပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၂၉ ဘီလီယံကျော် ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်းလည်း ဆိုထားသည်။
ပယ်ရင်ချန်သည် သီးခြားပြစ်မှုအဖြစ် မူးယစ်ဆေးဝါး မက်သာဖက်တမင်း တန်ချိန် ၁၁ တန်ခန့် သယ်ဆောင်ရောင်းဝယ်ရန်နှင့် ထုတ်လုပ်ရန် ပူးပေါင်းကြံစည်ခဲ့သည် ဟု Global Times သတင်းတစ်ပုဒ်တွင်လည်း ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည့် ဦးပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ယမန်နှစ် ၂၀၂၄ ဇန်နဝါရီလ ၃၀ ရက်တွင် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်က နေပြည်တော်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၁၁ ရက်တွင် တရားစွဲဆိုမှုများ စတင်ခဲ့ကာ ယမန်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခြင်း ဖြစ်သည်။
ညီနောင်မဟာမိတ်တပ်များက ကျားဖြန့်တိုက်ဖျက်ရေး ကြွေးကြော်ကာ “၁၀၂၇ စစ်ဆင်ရေး” ကို ဆင်နွှဲခဲ့ပြီးနောက် စစ်ကောင်စီထံ သြဇာခံထားသည့် ကိုးကန့်ဒေသ ဦးသျှောင် ‘ပယ်’၊ ‘ဝေ’၊ ‘မြီ’ နှင့် ‘လျို’ မိသားစုဝင်များမှာ တရုတ်နိုင်ငံ အကျဉ်းထောင်များတွင် ရာဇဝတ်မှုဖြင့် တရားရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင်လည်း တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ပြန်ထားစဉ် အဆုံးစီရင်ခဲ့သည့် ဦးမြီရှောက်ချန်း၏သား မြီကော်ဖျင် (Ming Guoping) နှင့် မြေးဖြစ်သူ မြီကျိန်းကျန်း (Ming ZhenZhen) အပါအဝင် ၁၆ ဦးကို အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု၊ အဓမ္မ ညှင်းပမ်းနှိပ်စက်မှုနှင့် လူသတ်မှုတို့ဖြင့် တရုတ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် ဦးပယ်ဆောက်ချိန်သည် စစ်ကောင်စီ (ထိုစဉ် နအဖ) နှင့် ပူးပေါင်းကာ ကိုးကန့်အထူး ဒေသ(၁) ကို ထူထောင်ခဲ့သူ ‘ဖုန်”မိသားစုအား ဆန့်ကျင်ပုန်ကန်ကာ ကိုးကန့်ဒေသ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ထိုနောက်ပိုင်းတွင် ၎င်းသည် သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်အဖွဲ့များ၏ အဓိက ခေါင်းဆောင်လည်း ဖြစ်လာသည်။
ကျားဖြန့်မှုများကြောင့် နေပြည်တော်တွင် ဦးပယ်ဆောက်ချိန် ခိုလှုံနေစဉ် စစ်ကောင်စီက တရုတ်အစိုးရနှင့် ပူးပေါင်းဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားခံရပြီး ၎င်းသည် တရုတ်နိုင်ငံတွင် နှစ်နှစ်နီးပါး တရားရင်ဆိုင်ခဲ့ ပြီးနောက် ယခုကဲ့သို့ သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။












Leave a Comments