သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၆ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုရှိ ဝဲပေါင်းရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဝဲပေါင်းရွာ တောင်ဘက်ခြမ်း ၇ ဦးသေတယ်၊ ဒဏ်ရာရတာ များတယ်။ အခု ကြဲခံရတာ ဗမာဘက်ခြမ်းမှာ၊ စတားလင့် ဝိုင်ဖိုင်တွေ ပိတ်လိုက်ပြီ။ အဲ့နားမှာ ရွှေတွင်းလည်း ရှိလို့၊ လက်နက်ကိုင်အဖွဲ့အစည်း ရှိလို့ ကြဲတာထင်တယ်၊ နေ့လယ်ဆို လက်နက်တကားကားနဲ့ ညဆို ပျောက်သွားတော့ ရွာသားတွေပဲ ခံလိုက်ရတယ်” ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ဗုံးကြဲခံရသည့် ဝဲပေါင်းကျေးရွာသည် မန္တလေး-မိုးမိတ် လမ်းမကြီးဘေးတွင် တည်ရှိပြီး မြို့နှင့် မိုင် (၄၀) ခန့် ကွာဝေးကာ အဆိုပါ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုထဲတွင် ရွှေမျော အများအပြားလည်း လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လေကြောင်းဗုံးကြဲခံရမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်တပ်သည် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး သုံးလုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၃) ဦး ထိမှန်သေဆုံးခဲ့ပြီး ပြည်သူ (၈) ဦး ထိမှန်ဒဏ်ရာ ရရှိကာ နေအိမ် (၁၀) လုံးလည်း ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အလားတူ အောက်တိုဘာလ ၇ ရက်တွင်လည်း TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့အနီး ပဇီကျေးရွာအုပ်စု မိုက်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦးနှင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၁၀) ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်လမ်းပိုင်းကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး မန္တလေး-မိုးကုတ်လမ်းကိုလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။












Leave a Comments