သျှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် အုံတိုင်း ကျေးရွာရှိ သျှမ်းဘုန်းကြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ နှင့် ၎င်း၏ ဒကာဖြစ်သူ ဦးအိုက်ပီးတို့ကို ပျားစစ်ကြောင်းမှ ဒလန်ဟု စွတ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
သျှမ်းဘုန်းကြီး ဦးဓမ္မသာရ နှင့် ဦးအိုက်ပီးတိုသည် စစ်ကောင်စီထောက်တိုင် ဒလန်များဖြစ်ကြကြောင်း ဖယ်ခုံပြည်သူများက ပျားစစ်ကြောင်းကို သတင်းပေးခြင်းကြောင့် စစ်ဆေးရာ ရဲဘော် မောင်ဘလတ် မှ စိတ်မထိန်းနိုင်ဘဲ သေနတ်ဖြင့် ပစ်သတ်ခဲ့မိသည်ဟု ဆိုသည်။
ဒလန်ဟု စွတ်စွဲ သတ်ဖြတ်သည့်အပေါ် သျှမ်းသံတော်ဆင့်မှ ပျားစစ်ကြောင်းကို ဆက်သွယ်မေးမြန်းရာ တိကျသေချာသည့် ဖြေကြားခြင်းမျိုးမရဘဲ လူထုထောက်ခံမှု မရှိလျှင် လက်နက်ဖြုတ်ပေးမည်ဟု ပျားစစ်ကြောင်းမှ ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရင်အများကြီး လေးနက်တယ်ပေါ့နော။ ကျနော်တို့လည်း ထုတ်ပြန်ထားတယ်ဆိုတာက ပြည်သူလူထုရဲ့ ဖိအားကြောင့် ထုတ်ပြန်ထားတယ်။ကျနော်တို့ ဒီပြဿနာကို ထပ်မရှုပ်ချင်တော့ဘူး။ မြေပြင်အရ ပြောရရင်တော့ ကျနော်တို့သာ လူထု ထောက်ခံမှုမရှိဘူးဆိုရင် လူထုသာ သတင်းပေးတာ မဟုတ်ဘူးဆိုရင် ကျနော်တို့ လက်နက်တွေကို တခါတည်း ဖြုတ်လို့ပေး လို့ရတယ်။ ခုလောဆယ်တော့ ဖြေရှင်းဖို့ မရှိသေးဘူး။” ဟု ပျားစစ်ကြောင်းမှ တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဆက်လက်ပြီး သေနတ်ပစ်ခံရ၍ ပျံလွန်တော်မှုသွားသော သျှမ်းဘုန်းကြီးသည် စစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး သျှမ်းစာပေများကိုပို့ချသည့် ဘုန်းကြီးတစ်ပါး ဖြစ်သောကြောင့် ဘုန်းကြီး သေဆုံးရသည်မဟုတ်ဘဲ သျှမ်းလူငယ်များ၏ အနာဂတ်သေဆုံးသွားရခြင်း ဖြစ်သည်ဟု Phekhon Shan Youth Network မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒလန်လို့ စွတ်စွဲတယ်။ အမှန်တရားကို မချပြဘဲနဲ့ အဲဒီသက်သေနဲ့ မခိုင်လုံနေဘူး။ ဒလန်ဆိုလဲ ပြောလို့မရဘူး။ သူတို့က လက်နက်ကိုင်တပ်ဖွဲ့ လည်းဖြစ်တယ်။ တရားဥပဒေ နဲ့ အညီလည်း မလုပ်ဘူး။ သူတို့က စိတ်မထိန်းနိုင်ပဲ သတ်လို့ရလားပေါ့” ဟု ၎င်းအမျိုးသမီးကဆိုသည်။
သျှမ်းဘုန်းကြီးသည် စစ်ရှောင်အရေး၊ သျှမ်းလူထုအရေးကို ကူညီဆောင်ရွက်နေသူဖြစ်ပြီး၊ စစ်ရှောင်ကူညီနေသည့် ဘုန်းကြီးကို သတ်ဖြတ်သည့်ကိစ္စကြောင့် အခြားစစ်ရှောင်များလည်း စိုးရိမ်နေကြကြောင်း ၎င်းက ပြောသည်။
“ အခု အဲလိုကူတဲ့သူကို သတ်တော့ ဘယ်သူက စစ်ရှောင်ပြည်သူကို ကူမလဲ။ အခုက စစ်ရှောင်ကူမယ့်သူတွေက ဆရာတော်ကို သတ်ခံရသလို သတ်ခံရမလား ဆိုတာမျိုးဖြစ်လာစေတယ်။ ဆရာတော်ကို သတ်လိုက်တာက သျှမ်းလူမျိုး သျှမ်းလူငယ်ကို သတ်သွားသလိုပဲ ။” ဟု အဆိုပါ အမျိုးသမီးက ထပ်လောင်း ပြောသည်။
ထို့အပြင် ပျားစစ်ကြောင်း (PDF) ကို ပြည်သူများက အဆိပ်ပင်မှန်းမသိဘဲ ရေလောင်းခဲ့ကြကြောင်းနှင့် ဆရာတော်နှင့် ၎င်း၏ဒကာအတွက် တရားမျှတမှု ဆောင်ရွက်ပေးစေလိုပြီး ဒလန်ဟု ခေါင်းစဉ်တပ်ပြီး ခေါင်းမရှောင် စေလိုကြောင်း ဟု Phekhon Shan Youth Network က ထောက်ပြပြောဆိုလိုက်သည်။
ဖယ်ခုံဒေသခံများမှလည်း ဘုန်းကြီးနှင့် ၎င်း၏ဒကာတို့အတွက် တရားမျှတမှုများ အမြန်ဆုံးပေါ်ပေါက်အောင် ဆောင်ရွက်ပေးလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။
“သတ်သွားတဲ့ သူကို တရားဥပဒေနှင့်အညီ ဒဏ်ပေးစေချင်တယ်။ သူတို့ မှားသွားတဲ့ လုပ်ရပ်ကြောင့် တရားဥပဒေအတိုင်း လုပ်စေချင်တယ်။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ရှောင်ကူညီသူများအနေဖြင့်လည်း စစ်ကောင်စီနှင့် ဆက်သွယ်ရသည်ဟုဆိုတိုင်း ဒလန်ဟု စွပ်စွဲ၍ မရကြောင်းနှင့် ကူညီဖို့ သွားရောက်ရသည့်အခါတွင် စစ်ကောင်စီနှင့်ညှိနိူင်းပြီး သွားရောက်ကူညီမှုများ လုပ်ဆောင်ရသောကြောင့် အမြင်နဲ့ မဆုံးဖြတ်စေလိုကြောင်း စစ်ရှောင်ကူညီနေသူ အသက်(၂၅) ကျော်အရွယ် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာက တရားမျှတမှုကို အမြန်ဆုံးလိုချင်တယ်။ ဒီလို မျိုးစစ်ကောင်စီတွေ ရဲတွေနဲ့ စကားပြောထားတာတွေ့တိုင်းဆိုရင် စစ်ရှောင်ကူညီနေတဲ့သူတွေအကုန် ဒလန်ဖြစ်ကုန်ရောပေါ့။ “ ဟု ၎င်းက ပြောသည်။
စစ်ရှောင်ကို ကူညီကြသည့်သူများသည် စစ်ကောင်စီဘက်နှင့်လည်း လိုက်လျောညီထွေ ပေါင်းသင်းရသကဲ့သို့ တော်လှန်ရေး တပ်သားများနှင့်လည်း ပေါင်းသင်းရကြောင်း၊ ယခုကဲ့သို့ ဒလန်စွပ်စွဲပြောဆိုပြီး သေနတ်ပစ်သတ်သည့်အပေါ် အလွန်ပင် ရုပ်ဆိုးကြောင်း စစ်ရှောင်ကူညီနေသည့်အမျိုးသမီး ထပ်လောင်းပြောသည်။
“တိကျတဲ့ သက်သေအထောက်ထားလဲ မပြန်နိုင်ဘဲ ဒလန်လို့ စွပ်စွဲတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ။သူတို့မှာလည်း ကျင့်ဝတ်တွေ ရှိတာပဲလေ။ ကျင့်ဝတ်နဲ့ ညီအောင် အလုပ်မလုပ်ကြဘူး။” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဆရာတော်ဦးဓမ္မသာရနှင့် အိုက်ပီးတို့သည် အုံတိုင်းရွာသို့ အလည်သွားရောက်ခဲ့ပြီး ထိုနေ့တွင် ပျားစစ်ကြောင်းမှ ဦးဓမ္မသာရကို သေနတ် (၈)ချက် ၊ ဒကာအိုက်ပီးကို သေနတ်(၂)ချက်ဖြင့် ပစ်သတ်သွားခဲ့ပြီး ဘုန်းကြီး၏ ဖုန်းနှင့် ဘဏ်စာအုပ်တို့ကို ယူဆောင်သွားခဲ့ကြသည်။
ဒေသအတွင်း စစ်ရေးလှုပ်ရှားဆောင်ရွက်နေကြသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကို ပြည်သူ့သစ္စာ၊ တော်လှန်ရေးသစ္စာ မစူးစေချင်သည့် ဆန္ဒဖြင့် အဆိုပါ ကိစ္စရပ်ကို ပြည်သူလူထု တစ်ရပ်လုံးအတွက် ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန် သျှမ်းအရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုထားသည်။









Leave a Comments