သျှမ်းပြည် မိုးဗြဲမြို့တွင် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသား ၃ ဦး သေဆုံးသွားပြီး ၃ ဦးဒဏ်ရာရရှိနေကြောင်း စစ်ရေးသတင်းအရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တိုက်ပွဲ ပြင်းထန်နေတုန်းပဲ ခုထိ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တော့ ရွာတွေထဲ ကျသွားတာမျိုးတွေ ရှိတယ် ။ ပြီးတော့ ရှော့ဒုန်းတွေနဲ့ သုံးတော့ မြို့ထဲထိ ဝင်ကျပြီး ပေါက်ကွဲတာမျိုးလည်း ရှိတယ်။ မနေ့ကဆို ၃ ယောက် သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြီးခဲ့သည် (ဇန်နဝါရီ ၂၆ ရက်)နေ့တွင်လည်း လွိုင်ကော်မြို့နယ်ရှိ ကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင်း ကလေးငယ် (၂) ဦး ဒဏ်ရာရရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့မြောက်ဘက်အစပ်ရှိ စစ်ကေင်စီတပ် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲချနေကြောင်း စစ်ရေး သတင်းအရင်းအမြစ်က ဆက်ပြောသည်။
မိုးဗြဲမြို့၊လွိုင်ကော်နှင့် ဖယ်ခုံမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် စစ်ကြောင်းထိုးနေပြီး။ စစ်ရှောင်စခန်းများကို ဦးတည်ပြီး မကြာခဏဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်အများအပြား သေဆုံးခဲ့ ရကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့အင်အားဖြည့်တင်း ပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့နှင့် လက်ရှိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments