မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိငယ်များအကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာဖြေရှင်းရန် နယ်စပ်တည်ငြိမ်ရေးကိစ္စ မြေမြင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။
ဒီဇင်ဘာလ (၁၈) ရက်တွင် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာတွင် နှစ်ဘက်တပ်ဖွဲ့ အရာရှိငယ်များအကြား တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။
“ထိုင်းနယ်စပ်အရေး နိုင်ငံအချင်းချင်း အလွတ်သဘော ဆွေးနွေးကြတာ တပိုင်းပေါ့၊ နယ်စပ်တည်ငြိမ်ရေးတွေအတွက် မနေ့က မြေပြင်မှာ ရှိကြတဲ့ ကျနော်တို့ အရာရှိငယ် တချို့နဲ့ ထိုင်းဘက်က အရာရှိတချို့ တွေ့ဆုံကြပြီး နားလည်မှုယူကြတာ ရှိပါတယ်”ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)တွင် ဖြေကြားသည်။
၎င်းတွေ့ဆုံမှုအတွင်း အသေးစိတ် ဆွေးနွေးမှု အချက်အလက်များ မသိရှိရသော်လည်း UWSA တပ်စခန်းများ ဖယ်ရှားပေးမည့် အချိန်ကာလကို ထိုင်းစစ်တပ်ဘက်မှ ထပ်မံပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

ထို့နောက် ထိုင်းတော်ဝင်စစ်တပ်မှ ချင်းမိုင်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြရန် ဒီဇင်ဘာလ (၁၉) ရက်စွဲဖြင့် ကြေညာချက်တစ်ခု ထပ်မံထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကလည်း ထိုင်းစစ်တပ်ဘက်မှ မြန်မာ-ထိုင်းနယ်စပ် RCSS ဌာနချုပ်အနီးရှိ UWSA တပ်မဟာ (၇၇၈)နယ်မြေ ခိုင်းလုံဒေသသို့ ကိုယ်စားလှယ်စေလွှတ်ပြီး ဆွေးနွေးခဲ့သည့် အပြင် ဒီဇင်ဘာလ (၆) ရက်တွင် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသခေါင်းဆောင် “တာ့ဆမ်ရုန်း”နှင့် ထိုင်းစစ်တပ် အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများ တာချီလိတ်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။
အခြားတစ်ဘက်တွင် ထိုင်းစစ်တပ်နှင့် ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ (၁၆) ရက်တွင် ပြောဆိုထားသည်။












Leave a Comments