မြန်မာနိုင်ငံအတွင်း စစ်ဘေး၊ ရေဘေး နှင့် အခက်အခဲပေါင်းစုံကြုံတွေ့နေရသည့် ပြည်သူများကို ထပ်မံ့အမြတ်ထုတ်မည့် အွန်လိုင်းလိမ်လည်မှုများရှိနေကြောင်း စုံစမ်းသိရသည်။
လက်ရှိ အွန်လိုင်းလိမ်လည်မှုပုံစံသည် အချိန်ပိုင်းလုပ်နိုင်သော ဖုန်း Message များ၊ ကံစမ်းမဲပေါက်သည်ဟုပေးပို့လာသော စာတိုများမှာ ယခုလပိုင်းများအတွင်း အလွန်များပြားလာကြောင်း တောင်ကြီးမြို့ အသက် ၆၀ အရွယ်ရှိ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျမလည်း မသိဘူးလေ သူတို့က စာပို့လာတယ် ဘာမှလုပ်စရာမလိုဘူး အပိုဝင်ငွေလေးရနိုင်တယ်ဆိုတာနဲ့ ဘာမှတော့ နားမလည်ဘူးလေ သူတို့ပို့တာတွေဝင်ကြည့်နေတာ၊ ကျမ တူက ဝင်မကြည့်ဖို့ပြောလို့ မဝင်ကြည့်ဖြစ်တော့” ဟု ၎င်းကဆိုသည်။
ပေးပို့လာသည့် ပုံစံများမှ ဖုန်း message များအတွင်းသို့ဖြစ်စေ Viber အကောင့်များသို့ဖြစ်စေ စာတိုများပို့ပေးလာပြီး ၎င်းတို့ Youtube ချန်နယ်များတွင် subscribe လုပ်ပေးပြီး ထိုသို့ လုပ်ပေးပါလျှင် Kpay အကောင့်သို့ ငွေလွှဲပေးမည်ဟု ဆိုထားသည်။
“ကျနော်ထင်တာကတော့ နားမလည်တဲ့ နယ်က လူတွေ အဓိကက လူကြီးပိုင်းတွေကို ဦးတည်ပြီး ငွေလိမ်ချင်တဲ့ ပုံစံမျိုးဖြစ်မယ်ထင်တယ် သတိထားရမယ်၊ လူကြီးတွေ အနေနဲ့လည်း နားလည်တဲ့ သူတွေမရှိရင် နားလည်ပဲ ငွေလွဲမိတာတွေ ဖြစ်လာနိုင်တယ်” ဟု နည်းပညာကျွမ်းကျင်သည့် လူငယ်တစ်ဦးကပြောသည်။
အလားတူ ကံစမ်းမဲပေါက်သည့်အတွက် ငွေထုတ်ယူနိုင်သည့်ဆိုသည့် message များ၊ ဖုန်းမဲပေါက်သည့်အတွက် ပစ္စည်းပို့ခလွှဲခိုင်းသည့် ကိစ္စများလည်း နေကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသည့် အောင်ပန်းမြို့မှ ဒေသခံတစ်ဦး ကပြောသည်။
“ကျနော်ဆိုင်က ဝန်ထမ်းလေးတစ်ယောက် လစာကြိုထုတ်ချင်တယ်လို့ပြောတော့ ဘာလို့လဲမေးလိုက်တာ ၄ သိန်းတန်းဖုန်းကို ၁ သိန်းနဲ့ကံစမ်းမဲပေါက်တယ်ဆိုပြီး ပိုက်ဆံ ၁ သိန်းလွှဲပေးရမယ်လို့ပြောတာကို တကယ်ယုံပြီး လွှဲမလို့လုပ်နေတာ၊ နားလည်သူကတော့ လိမ်တာမှန်းသိပေမယ့် နားမလည်တဲ့သူတွေက ခံရမှာ” ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံအတွင်း စစ်တပ်မှာ အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီမှ ပြန်လည်း ထိုးစစ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော စစ်ရှောင်များနှင့် လက်ရှိတွင် တိုင်းဖွန်းမုန်တိုင်းရာဂီကြောင့် ရေဘေးနှင့်ပါ ထပ်ကြုံနေရသော ပြည်သူအများအပြားကို ထပ်မံအမြတ်ထုတ်မည့် အွန်လိုင်းလိမ်လည်မှုများမှာ ယခုလပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာနေသည်ကိုတွေ့လာရသည်။
“ မြန်မာပြည်ကတော့ အခက်အခဲမျိုးစုံပါပဲ။ မြန်မာပြည်ကြီးလည်း ပျက်၊ လူတွေရဲ့စိတ်ဓာတ်တွေလည်းပျက်နေပြီ၊ ကျမတို့ တွေ လည်း ရှာစားရတာတော်တော်စိတ်ညစ်နေပြီ” ဟု တောင်ကြီးဒေသခံ အသက် ၃၀အရွယ်ရှိ အမျိုးသမီးက ပြောသည်။
လက်ရှိမှာ သျှမ်းပြည်တဝှမ်း ရေကြီး၊မြေပြိုမှုကြောင့် သေဆုံးမှုများ ရာနဲ့ချီရှိပြီး၊ တောင်ပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ စားသုံးကုန်များလည်းပြတ်လပ်မှုစတင်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။










Leave a Comments