Friday, October 11, 2024

ရာဂီတိုင်ဖွန်း မုန်တိုင်းကြောင့် သျှမ်းတောင်တွင် လူ ၁၄၀ ဦးသေဆုံး PYO ထုတ်ပြန်

Must read

သျှမ်းပြည်တောင်ပိုင်း မြို့နယ်နှင့် ကျေးရွာတွင် ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် လူ ၁၄၀ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအပါအဝင် လွိုင်လင်မြို့နယ်နှင့် မောက်မယ်မြို့နယ် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများ ရုတ်တရက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးနှင့် လွိုင်လင်ခရိုင်အတွင်း ရေဘေးသင့်ဆဲ ကျေးရွာပေါင်း အနည်းဆုံး (၁၅၀) ကျော်ရှိပြီး လူဦးရေ ၁၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပုံးအင်း ပန်လွန်ရွာ

ထိုကိန်းဂဏန်းနှင့်ပတ်သက်၍ ပအိုဝ်းလူငယ်အစည်းအရုံး PYO က မြေပြင်သတင်းအချက်အလက်များနှင့် သတင်းမီဒီယာအသီးသီး၏ ဖော်ပြချက်များကို အခြေခံထားကြောင်း ဆိုထားသည်။

လက်ရှိ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ ပုံးအင်းဒေသတွင် ရေများအလုံးစုံ ပြန်မကျသေးသောကြောင့် ရာနှင့်ချီနေအိမ်များ ရေဘေးသင့်၊ ပြောင်းရွှေ့နေရဆဲကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ဒီနှစ်ကတော့ အရင်ကထက်ဆိုင်ရင် ရေက ၂ ဆလောက် တက်လာတယ်။ ၁၀ ပေလောက်တက်လာတာပေါ့။ အခုကနည်းနည်းအိမ်နိမ့်တဲ့ အိမ်တွေဆိုရင် ဘုန်းကြီးကျောင်းမှာသွားနေရတယ်။ တချို့လည်း ဆွေမျိုးအိမ်မှာ သွားနေရတယ်။ အခုကစားစရာလည်း မရှိဘူး။ စပါးတွေသိုလှောင်ထားတဲ့ စပါးကျီလည်း ရေမြုပ်။ မြုပ်တဲ့ရွာတွေဆိုရင်လည်း ရွာလုံးကျွတ်ပြောင်းရွှေ့ထားရတယ် ” ဟု ၎င်းကပြောသည်။

ကလောမြို့ ပုံ

ထို့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများရရှိရန် ခက်ခဲနေသည်ဟု ဆိုသည်။

အလားတူ အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများ အရေးတကြီးလိုအပ်နေသည့် ရေဘေးသင့်ပြည်သူ စစ်ဘေးရှောင်အပါအဝင် လူဦးရေ အနည်းဆုံး တစ်သိန်းရှိနေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO ပြောသည်။

ကလောမြို့ ပုံ

နိုင်ငံဒေသအများအပြားတွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ပေးသူများ အပါအဝင် စုစုပေါင်း ၂၀၀ ကျော်ရှိလာပြီး ထိုသေဆုံးမှုနှုန်းမှာ ဆက်လက်မြင့်တက်လာနေသည်ဟု သိရသည်။

၂၀၂၁ ခုနှစ်မှစပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ဆက်တွဲ လက်နက်ကိုင် ပဋိက္ခများကြောင့် နိုင်ငံအနှံ့ လူပေါင်းသိန်းနှင့်ချီ နေရပ်စွန့်ခွာနေရစဥ် ရာဂီတိုင်ဖွန်း မုန်တိုင်းဒဏ်နှင့် ထပ်မံရင်ဆိုင်ရနေခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article