သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာအတွင်း နေထိုင်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်သား ၂ ဦးက မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း သတင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၃၀) ရက် ညပိုင်း ၁၀ နာရီ ဝန်းကျင်တွင် နမ့်ဖတ်ကာ ကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာ ဒေသခံ အမျိုးသမီး ၂ ဦးကို ကျေးရွာအနီး ကြံစိုက်ခင်း နှင့် ဘုန်းကြီးကျောင်းအတွင်း နေထိုင်သည့် စစ်ကောင်စီ တပ်သား ၂ ဦးက အိမ်တွင်းထဲသို့ ရောက်ရှိလာပြီး မုဒိမ်းကျင့်ရန် ကြံရွယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးသည် ပထမ နေအိမ်တစ်လုံးထဲရှိ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ မဖွယ်မရာ ပြုလုပ်ခဲ့ပြီးနောက် ဒုတိယ နေအိမ်တစ်လုံးထဲရှိ ကလေးမိခင်တစ်ဦးကို မုဒိမ်းကျင့်ကာ ရိုက်နှိက်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“ မနေ့ ည ၁၀ နာရီလောက်ရှိပြီ အိမ်ထဲဝင်တယ်။ အိမ်ထဲက ကိုယ်ဝန်သည်တစ်ဦး မဖွယ်မရာတွေ လုပ်ပြီး သူ့ယောကျာ်းကို အိမ်ပြင်ခေါ်ထုတ်တယ်။ အဲ့လိုလုပ်ပြီး နောက်ထပ် တစ်အိမ်သွားပြီးတော့ အိပ်နေတဲ့ လင်မယားနှစ်ယောက်ကို တံခါးဖွင့် ခိုင်းတယ်။ သူ့ယောင်္ကျားဖြစ်သူကို သေနတ်နဲ့ချိန်ပြီး သူ့မိန်းမကို မုဒိမ်းကျင့်ခဲ့တယ်။ သူ့မိန်းမက သေနတ်လုတော့ သူတို့က ပြန်ရိုက်နှိပ်တယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။
မုဒိမ်းမှု ကျုးလွန်ခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၃၀ နှစ်ကျော်အရွယ် ကလေး ၂ ဦးရှိသည့် မိခင်တစ်ဦးနှင့် နောက်တစ်ဦးသည် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။
ထိုအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ပြီးနောက် သတင်းပေါက်ကြားပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ရှိ မုဒိမ်းမှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို အများပြည်သူရှေ့ ၌ တိုင်နှင့်တွဲလျက်ချီထားပြီး ပြစ်ဒဏ်ပေးထားကြောင်းလည်း သိရသည်။
ထို့အပြင် အမျိုးသမီးများအပေါ် စစ်ကောင်စီတပ်သားများမှ မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် ပတ်သက်၍ ကျုးလွန်သူ တပ်သားများကို စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ ထိရောက်စွာ အရေးယူရန် နှင့် လက်ရှိ ဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြောင်း အမျိုးသမီးအဖွဲ့အစည်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“ အခုဖြစ်နေတဲ့ ခေတ်အခြေအနေအရတော့ ဘယ်သူမှ စကားမဟရဲတဲ့ အခြေအနေ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၁ နှစ်မတိုင်ခင် တုန်းကတော့ အရေးယူပေးတာ၊ တရားစွဲပေးတာရှိတယ်။ စစ်ဖက်ကနေ သူတို့လူကို သူတို့ တရားစွဲတာရှိတယ်။ အခု ဖြစ်ပျက်နေတဲ့ အထိအတွေ့ တွေကြောင့် အမျိုးသမီးထုကြီးက စိတ်ဒဏ်ရာတွေ ရနေကြပြီ။ ကိုယ်ဆိုလည်း ဘယ်ကိုမှ မသွားရဲ၊ မဆိုရဲ၊ မပြောရဲ ဖြစ်နေတဲ့ အခြေနေ ဖြစ်ကုန်ပြီ “ ဟု ၎င်း ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ (ဇူလိုင် ၃၀) ရက် နံနက်ပိုင်း တွင် ဆွမ်လုံကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း နှင့် ကြံစိုက်ခင်းထဲ၌ လာရောက် နေထိုင်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ်ဖတ်ကာမှ ဒေသခံ အမျိုးသမီး ၁ ဦး၊ လူငယ် (၁) ဦး သေဆုံးခဲ့သလို နမ့်အွမ်ကျေးရွာအုပ်စု ဆိုင်းခေါင် (ဝ်) မှ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပြီး ကွက်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှ အရပ်သား ၁ ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။











Leave a Comments