Tuesday, January 27, 2026

သျှမ်းပြည်လက်နက်ကိုင်တပ်တွေ SAC လို စစ်သည်တော်ကျင့်ဝတ်ပျက်နေပြီလား

အစိမ်းရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်စုဟာ အမျိုးသမီးငယ်ကို အတင်းအဓမ္မ မုဒိမ်းပြုကျင့်နေတဲ့ ရုပ်ပုံဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့သည့် ပုံ

အဲ့ဒီ ရုပ်ပုံဟာ သျှမ်းလူငယ် အမျိုးသား (၄) ဦးဟာ အစိမ်းရောင် စစ်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အပေါ်အင်္ကျီကို အချို့က အနက်ရောင်ဝတ်ဆင်ကာ အချို့က ဝတ်ဆင်ထားခြင်းမရှိဘဲ အသက် (၂၀) အရွယ်ရှိ အမျိုးသမီးငယ်ကို ဝိုင်းပြီး မုဒိမ်းကျင့်နေတာပါပဲ။

အဲ့ဖြစ်ရပ်ကတော့ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာအုပ်စု မက်မုံလိန်ကျေးရွာအတွင်း မတ် ပထမပတ် တပေါင်းပွဲ ကျင်းပချိန်က ဖြစ်ပျက်တာဖြစ်ပြီး၊ တနှစ်ကျော် အကြာမှာ လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နှံ့လာခြင်းဖြစ်ပါတယ်။

ဒီလို တနှစ်ကျော်ကြာမှ လူမှုစာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ ကိစ္စဟာ စဉ်းစားစရာဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အနေနဲ့ တခြား မပေါ်တဲ့ အမှုတွေကလည်း အများကြီးရှိနိုင်တယ်လို့ သျှမ်းလူထုက ပြောဆိုပါတယ်။

မုဒိမ်းကျင့်မှု ဖြစ်ပွားတဲ့နေရာဟာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) လှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး၊ စစ်စိမ်းရောင်ဝတ်စုံလည်း SSPP ရဲ့ ဝတ်စုံဖြစ်နေပါတယ်။

ဒီကျူးလွန်တဲ့သူ (၄) ဦး ကို SSPP/SSA မှ ဖမ်းဆီးခဲ့ပြီး၊ ထွက်ဆိုချက်အရ မုဒိမ်းကျင့်သူ (၂) ဦး၊ ဓာတ်ပုံရိုက်ပေးသူ (၁) ဦး နှင့် ဘေးမှ ထိုင်ကြည့်သူ (၁) ဦး ဖြစ်ကြပါတယ်။

“မုဒိမ်းကျင့်တဲ့သူ (၂) ဦးက SSPP လက်အောက်ခံ ပြည်သူ့စစ် တပ်သားပါ။ ဓာတ်ပုံရိုက်တဲ့ သူ နဲ့ ထိုင်ကြည့်သူက အရပ်သားပါ။ ပါဝင် ပတ်သက်တဲ့သူ (၂) ယောက်ကတော့ ထောင် (၃) လ ချခဲ့တယ်။ မုဒိမ်းကျူးလွန်သူ ၂ ဦး ကတော့ အမှုမပြီးသေးဘူး” လို့ မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာအုပ်စုထဲက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPP ဘက်ကတော့ သတင်းထုတ်ပြန်ချက်မရှိသလို သျှမ်းသံတော်ဆင့်မှ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်သော်လည်း စက်ပိတ်ထားပါတယ်။

SSPP/SSA တပ်သား

“ကျနော်အမြင်မှာတော့ ၄ ယောက်လုံးက ပါဝင်ပတ်သက်သူပါ။ ဘေးထိုင်ကြည့်သူလည်း ပြစ်ဒဏ်ကြီးပါတယ်။ ဒါကို အယူခံနဲ့ ပြန်လွှတ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ ပုံရိုက်တဲ့ သူကလည်း ထောင်ဒဏ် ၃ လ ဆိုတာ နည်းတဲ့ ပြစ်ဒဏ်ပါပဲ” လို့ မိုင်းရယ်မြို့နယ် က တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုပြန်ပါတယ်။

လက်ရှိမှာတော့ မုဒိမ်းကျူးလွန်ခဲ့တဲ့ သျှမ်းလူငယ် (၂) ဦး အမှုဟာ မပြီးသေးပါဘူး။

“ကျနော့် အမြင်ပြောရရင်တော့ သူတို့က တခြားသူတွေရဲ့ သမီးပျိုတွေကို လုပ်ခဲ့ဖူးလို့၊ ရက်စက်ခဲ့ဖူးလို့ အခုလို လုပ်ရပ်နိုင်ကြတယ်လို့ ထင်တယ်။ အဆိုးဆုံးကတော့ သူတို့လုပ်ပြီးတဲ့ ကိစ္စကို လိုင်းပေါ်တင်တဲ့ ကိစ္စပေါ့။ ဒါက ကိုယ့် လူမျိုး အချင်းချင်းကို အိုးမဲသုတ်တာဖြစ်တယ်။ အချင်းချင်းကြား စော်ကားရာလည်း ဖြစ်တယ်” လို့ အသက် ၅၀ အရွယ်ရှိ မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာအုပ်စု တာဝန်ခံက ပြောဆိုလိုက်ပါတယ်။

အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းကိုခံရတဲ့ အမျိုးသမီးငယ်ဟာ လက်ရှိမှာတော့ စိတ်ဒဏ်ရာဖြစ်နေပြီး၊ အရှက်စိတ်ဖြင့် ပတ်ဝန်းကျင်ကို စကားမပြောရဲသေးပါဘူး။

“အမျိုးသမီးငယ်ကလည်း ကျန်းမာရေးပိုင်း စိတ်ဒဏ်ရာဒဏ်ချက် ရသွားသလို ဖြစ်သွားတယ်။ အရင်လို ပုံမှန် မဟုတ်တော့ဘူး။ သူ့မိဘတွေ သူ့ဆွေမျိုးတွေကလည်း သူ့ကို ပြုစုစောင့်ရှောက်ပေးတာရော၊ လျော်ကြေး ရတယ် လို့ သိရပေမဲ့ ဘယ်လောက်လဲဆိုတာတော့ အတိအကျ မသိရဘူး။ တကယ်ဆိုရင် သေဒဏ် တသက်တကျွန်း ဖြစ်ရမှာ” လို့ ၎င်း အမျိုးသားက ဆက်ပြောပါတယ်။

လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့သည့် ပုံ

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့လှုပ်ရှားတဲ့နယ်မြေမှာ အမျိုးသားလူငယ်တွေ အုပ်စုဖွဲ့ပြီး အမျိုးသမီးကို မုဒိမ်းပြုကျင့်တာဟာ အလွန်ပင် ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စရပ်ဖြစ်ပြီး၊ လူမျိုးရေး အတွက် လက်နက်ကိုင်တော်လှန်နေတဲ့ သျှမ်းတပ်ကို စော်ကားရာ လုပ်ရပ်တခုဖြစ်နေပါတယ်။

“ လက်နက်ကိုင်တပ်ဖွဲ့က ထိရောက်စွာအရေးမယူရင် နောက်ပြီး မုဒိမ်းကျူးလွန်ရင် သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း မပေးရင် ကြီးလေးတဲ့ ပြစ်ဒဏ်မပေးရင်တော့ လက်နက်ကိုင်တပ်ဖွဲ့ဟာ မုဒိမ်းမှုကို အားပေးရာ ရောက်တယ်” လို့ သျှမ်းမြောက် အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောဆိုလိုက်ပါတယ်။

ပထမအချက်အနေ နဲ့ အမျိုးသားတွေ ဝိုင်းပြီး အမျိုးသမီးကို မုဒိမ်းကျင့်ကတည်းက အမျိုးသမီးဟာ အရှက်တကွဲဖြစ်နေပြီ၊ တချိန်တည်းမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာကို ဗီဒီယို၊ ဓာတ်ပုံရိုက် လိုင်းပေါ်ထပ်တင်တာဟာ အလွန့်ကို လူသားမဆန်တဲ့ လုပ်ရက် ဖြစ်နေကြောင်း၊ ဒါကို လူမျိုးရေးလို့ ခေါင်းစဥ်တပ်လုပ်နေတဲ့တပ်ဖွဲ့က ထိရောက်အရေးမယူရင် သျှမ်းလူမျိုးတစုလုံး ကို စော်ကားရာရောက်ကြောင်း ၎င်းအမျိုးသမီးက ထောက်ပြပြောပါတယ်။

မိုင်းရယ်မြို့

“ဒီရုပ်ပုံတွေကို ကျမတို့ မြင်ရတော့ အရမ်းထိတ်လန့် သွားမိတယ်၊ ဒီလိုမျိုး လုပ်ရပ်ကို ကျူးလွန်တဲ့ သူတွေရော၊ ဒါကို အွန်လိုင်းပေါ် တင်တဲ့သူတွေကိုရော ကျမတို့ အနေနဲ့တော့ လုံးဝ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ထိရောက်စွာလည်း အရေးယူပေးစေချင်တယ်” ဟု သျှမ်းမြောက်ဒေသအတွင်း အမျိုးသမီး အရေး လှုပ်ရှား ဆောင်ရွက်နေသူက ဆိုပါတယ်။

သျှမ်းမြောက်မှာ ဒီလိုဖြစ်စဥ်က အခုမှ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနစ် ဇန်နဝါရီ ၂၃ ရက်မှာ နမ္မတူမြို့နယ် ပန်လုံကျေးရွာနေ အသက် (၁၅) နှစ်အရွယ်အမျိုးသမီးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (T NLA) တပ်သား တစ်ဦးက မုဒိမ်းကျင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနစ် ဇူလိုင်လမှာ နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စုမှာ အသက် (၁၆) နှစ် အရွယ် အမျိုးသမီးငယ်ကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားတစ်ဦးက မုဒိမ်းကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ပေမယ့် RCSS ဘက်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

၂၀၂၁ နိုဝင်ဘာလဆန်းပိုင်းမှာ ကွတ်ခိုင်မြို့နယ်မှာ အသက် (၆၂) အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သားက မုဒိမ်းမှုကျူးလွန် ခဲ့သလို အဲ့နှစ် မေ လပိုင်းမှာလည်း ကွတ်ခိုင်မြို့နယ်မှာ အသက် (၁၃) နှစ်အရွယ် သီလရှင်ကိုလည်း စစ်ကောင်စီတပ်သားတစ်ဦး မုဒိမ်းမှု ပြုကျင့်ခဲ့ပါတယ်။

ပုံ – Google

အရင်ခေတ်အဆက်ဆက်မှာဆိုရင် အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အမျိုးသမီးတွေကို မုဒိမ်းမှု ပြုကျင့်လာသလို စစ်အာဏာသိမ်းပြီး ၂ နှစ်သာ ကာလမှာ စစ်ကောင်စီ စစ်သားတွေအုပ်စုလိုက် မုဒိမ်းကျင့်မှု (၁၅) မှု ရှိတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ခေတ်အဆက်ဆက်မှာ စစ်တပ်က ပဲ အမျိုးသမီးတွေ အသက်အရွယ်မရွေး မုဒိမ်းကျင့်တာ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ ကြားခဲ့ဖူးတယ်။ အခုတော့ သျှမ်းပြည်မှာ ဖြစ်တော့ ကျမတို့ တော်တော်ထိတ်လန့်မှု ဖြစ်သွားတယ်” လို့ သျှမ်းမြောက် နန်းနွမ်း က ဆိုပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဟာ စစ်ကောင်စီ နည်းတူ စစ်သည်တော်ကျင့်ဝတ်ပျက်ပြားနေပြီလား ဟု သျှမ်းလူထုတွေက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

“SWAN အနေနဲ့ အကြမ်းဖက်မှု မှန်သမျှကို လုံး၀ ဆန့်ကျင်ကန့်ကွက်တယ်။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း ကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူဖို့နဲ့ လူထုကို ချပြဖို့ တိုက်တွန်းချင်တယ်။ ရှင်သန်ကျန်ရစ်သူအတွက် ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကုစားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းများ အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ဖို့ လိုအပ်တယ်” လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ( SWAN) မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့သည့် ပုံ

ဒါ့အပြင် ကျူးလွန်ခံရသည့် အမျိုးသမီး ၊ ရှင်သန်ကျန်ရစ်သည့် အမျိုးသမီးပုံများကိုလည်း ဆိုရှယ်မီဒီယာ အွန်လိုင်းပေါ် တင်ခြင်းများ မပြုလုပ်ကြရန် SWAN မှ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ရှင်သန်ကျန်ရစ်သူ အမျိုးသမီးပုံ နဲ့ အဖြစ်အပျက်ပုံတွေကို အွန်းလိုင်းပေါ် တင်တာတို့ ရှဲ (share) တာတို့ မလုပ်ဖို့ကို လည်း လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်” လို့ SWAN မှ တာဝန်ရှိသူ တစ်ဦးက ဆိုပြန်ပါတယ်။

မတ်လ မှ ဧပြီလ အထိ SWAN မှ ကောက်ယူထားတဲ့ သတင်း အချက်အလက်အရ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံရမှု ၇ မှု၊ မုဒိမ်းမှု ၂ မှု၊ သက်ငယ် မုဒိမ်းမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင်မှု ၂ နှင့် ရင်းနှီးကျွမ်းဝင်သူချင်း အကြမ်းဖက်မှု ၁ မှု ရှိလာကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ကို သဘောတူညီထားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့သည့် ပုံ

လုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ထဲမှာတော့ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် တွေအပေါ် ကျူးလွန်တဲ့ လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ဆိုတာ အချက်တခုပါဝင်ပါတယ်။

အထူးသဖြင့် မုဒိမ်းပြုကျင့်မှု နဲ့ လိင်အခြေပြု အခြားနည်းတွေနဲ့ မတရားပြုကျင့်မှုတွေက အကာအကွယ်ပေးဖို့၊ အထူး ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အုပ်စုတွေအားလုံးကို တိုက်တွန်းတောင်း ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ကို သဘောတူထားပေမယ့် လက်ရှိ မှာတော့ ပဋိပက္ခထဲက အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် မလုပ်ဆောင်နိုင်တာ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ လုပ်ဆောင်နိုင်မှုတွေ အားနည်းနေတာ၊ ဥပဒေအရ ကာကွယ်ပေးဖို့ အားနည်းနေတာတွေ ဖြစ်နေပါတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

“ ကျနော်အနေနဲ့ ကတော့ တပ်ဖွဲ့ထဲကလူတွေမလို့ ပိုပြီး စိစစ် ထိရောက်အရေးယူစေချင်ပါတယ်။ မုဒိမ်းကျင့်တဲ့ ကောင်တွေကို သေဒဏ်မဟုတ်ရင်တောင်မှ တစ်သက်တစ်ကျွန်း လိုဖြစ်ဖြစ် ဒဏ်ခံရစေချင်တယ်။ ဘယ်လိုဖြစ်ဖြစ် အနည်းဆုံးတော့ နှစ်ရှည်လများ ထောင်ဒဏ်ကို ကျစေချင်တယ်” မိုင်းရယ် က စိုင်းဖ က တောင်းဆိုလိုက်ပါတယ်။

ဒီအုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်တဲ့သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ မပေးပါက နောက်ထပ်လည်း အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ စော်ကားတာတွေ ဆက်ပြီး ပြစ်မှုကျူးလွန်ခွင့်ပေးနေသလိုဖြစ်နေပါတယ်။

“ ဒီလူတွေကို ကြီးလေးတဲ့ပြစ်ဒဏ် မုဒိမ်းမှု သေဒဏ်ပေးတာတောင်းဆိုချိန် လက်နက်ကိုင်တွေက နမူနာမလုပ်ပြရင် အမျိုးသားတွေကို ပြစ်မှု ကျူးလွန်ခွင့် ထပ်ပေးတဲ့သဘောဖြစ်မယ်။ နောက်နောင်ထပ်မလုပ်ရဲအောင် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးပါ”လို့ စိုင်းဖ က ထောက်ပြပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...