စစ်အာဏာသိမ်း ၂ နှစ်ပြည့် လူငယ်တွေရဲ့ ဘာတွေမျှော်လင့်နေလဲ

စစ်တပ်မှ နိုင်ငံတော် အာဏာကိုသိမ်းယူလာခဲ့တာ ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့ဆိုရင် ၂ နှစ်တင်းတင်းပြည့် ခဲ့ပါပြီ။ ၂ နှစ်တာ ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုစုပေါင်း (၂,၉၄၀) ဦး ကျဆုံးခဲ့ရပါတယ်။

၂၀၂၁ခုနစ် စစ်အာဏာသိမ်းစဥ် ဆန္ဒပြလူငယ်များ

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်းမှာ လူငယ်တွေရဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

လားဟူ တိုင်းရင်းသားလူငယ်

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆိုရင် ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာသိမ်းခံရတာ ၂ နှစ် ပြည့်သွားပါပြီ။ စစ်အာဏာသိမ်းတယ်ဆိုတဲ့နေရာမှာ ပြန်ကြည့်ရမယ်ဆိုရင် ကျနော်တို့ရဲ့ တန်းတူ အခွင့်အရေး၊ လွတ်လပ်မှု တွေ ဆုံးရှုံးခဲ့ရတယ်။ ကမ္ဘာပေါ်မှာလည်း အဆင်းရဲဆုံး နိုင်ငံတစ်ခုလည်း ပိုဖြစ်လာတယ်။ ပညာတတ် လူငယ်တွေရဲ့ အနာဂတ် ဝေဝါးသွားတဲ့ နေ့တွေလည်း ဖြစ်ခဲ့ရတယ်။

ကျနော်က လားဟူတိုင်းရင်းသား တစ်ယောက်အနေနဲ့ အကြမ်းမဖက် CDM လုပ်ပြီး အာဏာရှင်ကို တော်လှန်နေတဲ့ လူငယ်တစ်ဦးလည်း ဖြစ်တယ်။ စစ်အာဏာ စသိမ်းတဲ့နေ့က ကျနော်ရဲ့ မျှော်လင့်ချက်တွေ၊ အကောင်ထည်ဖော်ဖို့ အိပ်မက်တွေ အများကြီးဆုံးရှုံးရတယ်။ ကျနော်အိမ်ကို အမိုးအကာ ဖြိုချလိုက်သလိုပဲ။ လုံခြုံရေး ကလည်းမရှိတော့ဘူး။

အခုဆို စစ်အာဏာသိမ်းတာ ၂ နှစ်ရှိပြီ ပြန်စဉ်းစားကြည့်ရင် မနေ့က တနေ့လိုပါပဲ။ ကျနော်ကတော့ စိတ်မကောင်းဘူးဗျာ။ ကျနော်တို့ လူငယ်တွေရဲ့ အနာဂတ်ကရှိတယ်။

အခု ဒီ ၂ နှစ်အတွင်းမှာတော့ ဖယိုဖရဲတွေ ဖြစ်သွားတဲ့အပေါ်မှာတော့ ကျနော်လူငယ်တစ်ယောက်အနေနဲ့လုံးဝ စိတ်မကောင်းပါဘူးဗျာ။ စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ ကိုယ်တတ် နိုင်သလောက် ပူးပေါင်းပါဝင်ဖို့၊ ကူညီဖို့ လိုပါတယ်။

ဒီတိုင်းပြည်မှာ အာဏာရှင် မရှိမှဘဲ ကိုယ်စိုက်ပျိုးထားတဲ့ အသီး ကိုယ် ကိုယ်တိုင် အဝအလွန်စားမယ်ဆိုတာ ကျနော်ကောင်းကောင်း သဘောပေါက်တယ်။ လူကို လူလို ပီပီသသ နေချင်ရင် အာဏာရှင်စနစ်မရှိမှ ဖြစ်မယ်။ ကျနော်တို့တွေ မတွေဝေပါနဲ့ အာဏာရှင်စနစ်နဲ့ အာဏာရှင်အပေါင်းပါ မရှိတဲ့တစ်နေ့ ကျနော်တို့ လူသားစစ်စစ်နေထိုင်ခွင့် ရမှာပါ။

စိုင်းစိုးထက် (အထက်တန်းကျောင်းသား)

စစ်တပ် အာဏာသိမ်းပြီးကတည်းက ဘာမှတိုးတက်မှု မရှိလာဘူး။ နိုင်ငံတိုးတက်ဖို့အရေးကို နိုင်ငံကို နောက်ပြန်ဆွဲသလို ဖြစ်သွားတယ်။ ကျနော်တို့ရဲ့ ဘဝတက်လမ်းကြောင်းတွေ လုံးဝမရှိတော့ဘူး။ ၂ နှစ်ကာလ အတွင်း စီးပွားရေးတွေ အကုန်ကျဆင်းတယ်။ ပညာရေး၊ အားကစားတွေလည်း ဘာတစ်ခုမှ မကောင်းဘူး ဘာတိုးတက်မှုမျိုးလဲမရှိဘဲ အားလုံးက နောက်ကျသွားတယ်။

အာဏာသာ မသိမ်းခဲ့ရင် ဒီ ၂ နှစ်အတွင်းမှာ ကျနော်တို့ လူငယ်တွေရဲ့ တိုးတက်ရာလမ်းကြောင်းတွေ အကုန်မဟုတ်ရင်တောင်မှ နည်းနည်း အစပျိုးနိုင်နေလောက်ပြီ။ အခုတော့ လူငယ်တွေက ဘာမှမဟုတ်တဲ့ ပိုက်ဆံနောက်ကိုပဲ မြဝတီတို့ နယ်စပ်ဒေသမှာ အလုပ်သွားကြတယ်။ လူငယ်တော်တော်များက အဲ့ဖက်မှာ အလုပ်သွားလုပ်ပြီး ရုန်းကန်နေရတာပေါ့။

တကယ်တော့ တက္ကသိုလ်တက်ပြီး အိပ်မက်အတွက် ကြိုးစားနေရမယ့်အချိန်မှာ လူငယ်တွေက မျှော်လင့်ချက်တွေ အကုန်ပျက်စီးနေတယ်။ စစ်တပ်က အာဏာသာမသိမ်းခဲ့ရင် ကျနော်တို့ လူငယ်တွေ အိမ်မက်ကို အစပျိုးပြီး အကောင်ထည်ဖော်ဖို့ ကြိုးစားနေပြီ။

ကျနော်အရွယ်နဲ့ လူငယ် တော်တော်များဟာဆိုရင် မြဝတီဖက်ကို အလုပ်သွားကြရတယ်။ မြို့ပေါ်မှာ နေရင် ရရာအလုပ်နဲ့ ကုန်ဈေးနှုန်းတွေက မမျှဘူး။

စစ်အာဏာသိမ်းစဥ် ဆန္ဒပြသည့် သျှမ်းလူထု

အာဏာသိမ်းလို့ ဆန္ဒပြပြီး နောက်ပိုင်းမှာတော့ ဘာမှမလုပ်ဖြစ်ဘူး။ နောက်ပိုင်း ကားဝပ့်ရှော့မှာ အလုပ်ဝင် လုပ်ဖြစ်တယ်။ တကယ်တော့ ရရာအလုပ်ကိုဘဲ ဝင်လုပ်ရတယ်လို့ ပြောရမယ်ပေါ့ အလုပ်က မယ်မယ်ရရ မရှိဘူးလေ။ အဲ့လိုအလုပ်လုပ်တဲ့ အချိန်မှာလည်း လွှတ်လွှတ်လပ်လပ် မသွားလာရသလို လွှတ်လွှတ်လပ်လပ်လည်း လုပ်လို့မရဘူး။ စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ် ရတော့ ကြောက်နေရတယ်။

အခုက ဘာမှမျှော်လင့်ချက် မရှိတော့ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးရင် သူတို့ အာဏာပြန်ပေးဖို့ အစီစဉ်ဆိုလည်း မရှိဘူး။ ပြောရမယ်ဆိုရင် ကိုယ်လည်း မြန်မာနိုင်ငံအတွက် ဘာမှမျှော်လင့်ချက် သိပ်မရှိတော့ဘူး။

ကျနော်တို့ မြန်မာနိုင်ငံကြီးကိုတော့ သူများလို တိုးတက်ပြီးသား နိုင်ငံလိုမျိုး လွှတ်လွှတ်လပ်လပ် သွားလာချင်တယ်။ အရင်လို ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်ချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်။

နန်းနောင့် (တက္ကသိုလ်ကျောင်းသူ)

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့်လာတဲ့ ကာလမှာ နစ်နာဆုံးရှုံးမှုတွေတော့ အများရှိတာပေါ့။ ဘွဲ့လည်း မရတော့သလို သူများဘွဲ့ရပြီး ပျော်နေတာ တွေ့တိုင်းလည်း မင်းအောင်လှိုင်ကို အမြဲတမ်း စိတ်နာမိတယ်။ စစ်အာဏာ မသိမ်းခင်ကတည်းက ကျနော်က တက္ကသိုလ်မှာ စတုတ္ထနှစ် ရောက်နေပြီ။ နောက်ဆုံးဘာသာဖြေဖို့ ဒီနေ့ဒီချိန်မှာဘဲ စစ်တပ်က အာဏာကို သိမ်းသွားတယ်။ ကျနော်တို့ မေဂျာကလူတွေ တချို့တော့ ကျောင်းဆက်တက်ဖြစ်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သူတို့တောင် ဘွဲ့တွေ သွားယူသေးတယ်။ ကိုယ်တွေတော့ မယူတော့ဘူးပေါ့နော်။

လမ်းသွားလမ်းလာတွေမှာလည်း လွတ်လွတ်လပ်လပ် မသွားလာရဘူး။ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်တွေ တောင်းကြည့်တာကို ပြရတယ်၊ စစ်ဆေးမေးမြန်းတာကို ခံရတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ရစ်သမျှခံရပြီး သူတို့ ပိုက်ဆံတောင်းရင်လည်း ပေးရတယ်။ အရင်တုန်းက စစ်ဆေးရေးဂိတ် ဆိုတာကြီးကို ကျနော့် အနေနဲ့ တွေ့တောင်မတွေ့ဖူးဘူး အခုဆိုရင် ဒီဟာကြီးကိုတွေ့ရင် စိတ်ညစ်နေရတယ်။

စစ်ကောင်စီမှ ဆန္ဒပြလူငယ်များကို လက်နက်ပစ်ခတ်ဖြိုခွင်းစဥ်

ခွန်ချမ်းလေး (PDF ထောက်ပို့လူငယ်)

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာစသိမ်းတဲ့ချိန်က ဘာလုပ်လို့ လုပ်ရမှန်း စဉ်းစားဆုံးဖြတ်ရတာဟာ အခက်ခဲဆုံးပဲ။ အဲ့ချိန်မှာ သူများလုပ်တဲ့ဟာ ကိုယ်လိုက်လုပ်တယ်။ နောက်ဆုံး လက်နက်ကိုင်တဲ့ လမ်းစဉ် တောထဲသွားဖို့အဆင့်ထိ တွေးခဲ့တယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း ဖြတ်ခံရတာပေါ့။

ဖေဖော်ဝါရီ ၈ ရက်နေ့က စပြီး ကျနော်တို့ ဆန္ဒထုတ်ဖော်တယ်။ လမ်းလျှောက် ဆန္ဒထုတ်ဖော်တာတွေ၊ သပိတ်မှောက်တာတွေ စသည့်ဖြင့် လုပ်ခဲ့ပြီးတော့ မတ်လ ၁၆ ရက်နေ့မှာ ကျနော်တို့တွေ ဖြိုခွဲခံရတယ်။ ဒီနေ့ဒီချိန်ထိတော့ ဝိုင်းလုပ်နိုင်သမျှ၊ ကူညီနိုင်သမျှတော့ လုပ်ပေးတယ်ဗျ။ နေ့စဉ် မနက်အိပ်ယာထလာတဲ့ အချိန်ကစပြီး ညအိပ်ယာဝင်တဲ့အထိ ကိုယ်တတ်နိုင်သမျှ ဗီဒီယိုတွေ ထိုင်ကလစ်နေတယ်။

စစ်တပ်က ဆန္ဒပြတဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး သတ်ဖြတ်နေတယ်။ ကျနော် သူငယ်ချင်းတွေလည်း ဒီနေ့ဒီချိန်ထိ ဆက်လက်ဖမ်းခံရသူတွေလည်း ရှိသလို ပြန်လွှတ်မြောက်လာပြီး တောထဲမှာ လက်နက်သွားကိုင်တဲ့ သူတွေလည်း ရှိတယ်။ အဲ့ချိန်ကိုယ်လည်း တခြားဒေသကို ရှောင်ခဲ့ရတာပေါ့။

အဲ့လိုရှောင်ပြီး အိမ်ကို တစ်ခါပြန်လာတဲ့အချိန်မှာလည်း ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့အချို့နဲ့ ရဲတပ်ဖွဲ့တွေက ကျနော့် အိမ်ကိုတံခါးလာခေါက်တယ်။

တံခါးလာခေါက်တဲ့အချိန်မှာ ကိုယ်က ညကြီး အရေးပေါ် အခြေနေ ကိုယ်လွတ်ရုန်းပြေးခဲ့ရတယ်။ အဲ့ချိန်တုန်းက ကြောက်လည်းမကြောက်ဘူး ကိုယ်လွတ်ရုန်း ပြေးခဲ့တယ်။ အခုဆိုရင် အိမ်ကိုမပြန်နိုင်တာ ၁ နှစ်ကျော်ပြီ။ အိမ်ကိုမပြန်နိုင်တာ ကြာခဲ့ပြီ အိမ်ကိုပြန်ချင်တယ် ကိုယ့် မိသားစုလေးနဲ့ နွေးနွေးထွေးထွေးနေချင်တယ်။ ဒီချိန်မှာတော့ ကိုယ့်မိဘကို ဖုန်းနဲ့ပဲ ပြောဆိုနေရတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...