Thursday, May 30, 2024

လောက်ကိုင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

Must read

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

သတ်ဖြတ်ခံရသည့် အမျိုးသမီး

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် လောက်ကိုင်မြို့ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီ တစ်ခုတွင် အလုပ် လုပ်သည့် အမျိုးသမီး တစ်ဦးသည် လုပ်ဖော်ကိုင်ဖက် အမျိုးသားနှစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကုမ္ပဏီ တစ်ခုတည်းမှာပဲ ဖဲဝိုင်းအလုပ်ကို အတူတူလုပ်ကြတာ၊ ဒါပေမဲ့ သူမကို ဘာကြောင့် အဲ့လို လုပ်ရတာလဲဆိုတာတော့ မသိဘူး၊ အခု အဲ့အမျိုးသား နှစ်ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီ” ဟု အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေဆုံးသွားသည့် အမျိုးသမီး၏ အလောင်းတွင်လည်း မုဒိမ်းကျင့်ခံထားရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် ၃၀ ဝန်းကျင် အိမ်ထောင်ရှိ ကလေး နှစ်ယောက်မိခင် ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် ကျူးလွန်သူ အမျိုးသား နှစ်ဦးကို ဒေသအတွင်း အာဏာပိုင်တို့မှ ဒီဇင်ဘာလ ၃ ရက်တွင် ဖမ်းဆီးရမိပြီး အရေးယူ ဆောင်ရွက်မှုများအတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။

“သူတို့က ဘယ်ကုမ္ပဏီကလည်းဆိုတာတော့ ဘယ်သူမှ မပြောဘူး၊ အခု သူမရဲ့ မိသားစုဝင်တွေကလည်း လုပ်တဲ့သူတွေကို အရေးယူဖို့ ပြင်နေကြတယ်၊ သူမရဲ့ မိသားစုတွေကလည်း ဒီ လောက်ကိုင်မှာပဲ နေကြတယ် လေ” ဟု အထက်ပါ အသက် ၄၀ ကျော်အမျိုးသမီးက ဆက်ပြောသည်။

လောက်ကိုင်မြို့သည် လောင်းကစားဝိုင်းများ ပေါများသည့် မြို့ဖြစ်ပြီး ရာဇဝတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့်ဒေသဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article