ပအိုဝ်းဒေသ ပအိုဝ်းပြည်သူ့စစ် နှင့် အာဏာသိမ်း မြန်မာစစ်တပ်

0

“ ဒီရွာသစ်က လျှပ်စစ်မီးမရှိဘူး။ သူ့အိမ်လဲဆောက်ပြီးရော မီးတိုင်က ချက်ချင်းရောက်လာတယ်။ မီးလဲ လင်း လို့ ထိန်လို့ပေါ့။ ဘယ်သူ့အိမ်လဲမေးတော့ ဝန်ကြီးခွန်ရဲသွေးရဲ့အိမ်တဲ့” – တောင်ကြီး ဟိုပုံးမြို့အဆင်း နောင်လေ အုပ်စုဝင် ၆ မိုင် ကွက်သစ်က ပအိုဝ်းလူငယ်တဉီးက ကျေနပ်မှုရှိပုံမပေါ်ဘဲ ပြောပါတယ်။

ခွန်ရဲသွေးဟာ တပ်အာဏာမသိမ်းခင်က ပြည်ခိုင်ဖြိုးပါတီဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတစ်ဉီးပါ။ လက်ရှိမှာတော့ စစ်ကောင်စီ တင်မြှောက်ထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉက္ကဌပေါ့။

သျှမ်းပြည်တောင်ပိုင်း အတွင်းက ဟိုပုံး၊ ဆီဆိုင် နဲ့ ပင်လောင်းမြို့နယ်တွေကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင်ႉရဒေသအဖြစ် ၂၀၀၈ အခြေခံဥပဒေမှာ သတ်မှတ်ထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပအိုဝ်းတိုင်းရင်းသားပါတီ ဖြစ်တဲ့ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO) ဟာ ပအိုဝ်းဒေသအတွင်းမှာ ရာနှုန်းပြည်ႉ အနိုင်ရပြီး ပါတီဥက္ကဌဖြစ်တဲ့ ခွန်စံလွင်က ဒေသဦးစီးအဖွဲ့ ဥက္ကဌတာဝန်ကို အစိုးရသက်တမ်း ၂ ကြိမ်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း PNO ပါတီဟာ ဒေသတွင်းမှာ ရာနှုန်းပြည့် အနိုင် ရရှိခဲ့တာကြောင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌတာဝန် ရယူနိုင်မှာ ဖြစ်တဲ့အပြင် ပါတီ ဥက္ကဌ ခွန်စံလွင် အနေနဲ့ အစိုးရသက်တမ်း ၃ ကြိမ်ဆက် တာဝန်ယူရသူ အဖြစ် စံချိန်ကို ရယူနိုင်ဖွယ် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒါကတော့ စစ်အာဏာသိမ်းမှု မဖြစ်ပွားမီ ပါတီစုံဒီမိုကရေစီအစိုးရ ၂ ဆက် လက်ထက် (၂၀၁၁ – ၂၀၂၁ ) ကာလမှာ PNO ပါတီရဲ့ ဖြစ်တည်မှုပါ။ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်အရ ရာနှုန်းပြည့် မဟုတ်သည့်တိုင် ပအိုဝ်းဒေသ အတွက် ပအိုဝ်းပါတီက အုပ်ချုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေသ ဖွံ့ဖြိုးမှု ရှိခြင်း/မရှိခြင်းက တော့ အုပ်ချုပ်ခွင့်ရတဲ့ ပါတီနဲ့သာ သက်ဆိုင်မှာ ဖြစ်ပြီး ဆိုလိုရင်းကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရ ကို ဆိုလိုရင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ကိုယ် ကြိုက်တဲ့သူကို ကိုယ်က ရွေးချယ်တင်မြှောက်ခွင့် ရခဲ့တာမျိုးပါ။

ပအိုဝ်း ပြည်သူ့စစ် (PNA)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝေဖန်မှုမျိုးစုံ ခံခဲ့ရတဲ့ ပအိုဝ်းပြည်သူ့စစ် အဖွဲ့လို့ လူသိများတဲ့ PNA အဖွဲ့ဟာ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဥပဒေဘောင်အတွင်းကို ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှာ ဌာနေပြည်သူ့စစ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တာကြောင့် စစ်တပ်လက်အောက်ခံ အဖွဲ့တစ်ခုအဖြစ် တရားဝင် ဖြစ်လာပါတယ်။ စစ်တပ်က ရံဖန်ရံခါပေးတဲ့ ရိက္ခာနဲ့ လစာကို ရယူပြီး စစ်တပ်ရဲ့ ညွှန်ကြားချက်နဲ့ ဒေသတွင်းမှာ လှုပ်ရှားနေရတာပါ။ လက်နက်ကိုင် အဖွဲ့ဖြစ်တာ ကြောင့် PNO ပါတီရဲ့ မဲ ရရှိရေးနဲ့ စစ်တပ်အာဏာ ဖြန့်ကျက်မှုကို ရာနှုန်းပြည့် အထောက်အပံ့ ပေးနိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

တကယ်တော့ ပအိုဝ်း တိုင်းရင်းသားတွေလည်း စစ်အာဏာရှင် လက်အောက်မှာ ဖိနှိပ် ခံနေကြရတာပါပဲ။ PNO နဲ့ ရောထွေးပြီးတော့ ပအိုဝ်းတွေကို မကောင်းမြင်တာကတော့ မဖြစ်သင်ႉပါဘူး။ တောင်လေးလုံး ထောင်မှာ ကျမတို့ ပအိုဝ်းတွေ အများကြီး ရှိနေတာက သက်သေပေါ့။ တော်လှန်ရေးမှာလည်း နိုင်ရာ တာဝန်ကို ထမ်းနေကြတဲ့ ပအိုဝ်းတွေ ရှိပါတယ်။ ပြောချင်တာက ပအိုဝ်းတိုင်းကို မမုန်းသင်ႉဘူးပေါ့” – လို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နေတဲ့ ပအိုဝ်းတိုင်းရင်းသူ တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်တပ် လက်အောက်ခံ အသွင်ပြောင်းဌာနေပြည်သူ့စစ် အဖွဲ့ အတော်များများ ရှိသော်လည်း လူမျိုးရေးကို အခြေခံထားတဲ့ အဖွဲ့ကတော့ မရှိပါဘူး။ PNA ပအိုဝ်းပြည်သူ့စစ် တစ်ဖွဲ့သာလျင် ရှိတာမို့ စဉ်းစားစရာ ဖြစ်ပါတယ်။ MTA(နားရိုင်း)၊ MTA (မတ်ကျန်း)၊ SSS (ဟိုမိန်း)၊ ဝမ်ပန်/နားပွဲ အစရှိတဲ့ ပြည်သူ့စစ် အဖွဲ့တွေဟာ ဒေသကို အစွဲပြုပြီး ဖွဲ့စည်းထားတာပါ။

အာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသ

ဘိန်းစိုက်ပျိုးမှုကြောင့် ပအိုဝ်းဒေသဟာ နာမည်စိုးနဲ့ ကျော်ကြားလွန်းလှပါတယ်။ မြန်မာဟာကမ္ဘာမှာ ဘိန်း စိုက် ပျိုး မှု ဒုတိယ အများဆုံး ဖြစ်သလို မြန်မာမှာလည်း ရှမ်းပြည်ဟာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ ပအိုဝ်းဒေသဟာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဖြစ်တာမို့ အခြေအနေကို တွေးရှု၍သာ ကြည့်ပါလေ။ ထို့အပြင် ဘိန်းစိုက်ပျိုးနေရ၍ စီးပွားရေး တိုးတက်နေသလားဟု မေးပါကလည်း ဘိန်းစိုက် တောင်သူထက် အာဏာရှင် လက်ပါးစေများကသာ စီးပွားဖြစ်နေတာက အပြောထက် လက်တွေ့မြင်နေရတဲ့ သက်သေပင်။

ဘယ်အစိုးရ တက်တက်၊ ကိုယ့်အစိုးရဆိုတဲ့ လွဲမှားသော ခံယူချက်ကို အာဏာရှင် လက်ပါးစေများက ဒေသ ခံများကို စကားလှလှနဲ့ တန်ဆာဆင်ထားတဲ့ သွေးထိုးမှုပါ။ မကောင်းတဲ့ အစိုးရထက် ကောင်းတဲ့ အစိုးရကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိတာကို ဒေသခံများ မသိလေသည်ထက် အသိမခံတဲ့ အဖြစ်က ဆိုးရွားလှပါတယ်။

” PNO က ပအိုဝ်းဒေသမှာ မဲ နိုင်ခဲ့တာ မှန်တယ်။ အခုကတော့ ကြံ့ဖွံ့က အုပ်ချုပ်နေတာပေါ့။ သူတို့ချင်း လက်ဝါး ရိုက်ထားတာလည်း ဖြစ်နိုင်တယ်။ PNO ဆိုတာက ကြံ့ဖွံ့နဲ့ အတူတူပဲလို့ ပြောနိုင်တယ်။ မဟုတ် ဘူး လို့ သူတို့ (PNO) က ငြင်းတာ ကြားလိုက်မိသေးတယ်၊ ဘယ်မှာလဲတော့ မမှတ်တော့ဘူး။ ရွေးကောက်ပွဲ ၃ ကြိမ်လုံး ဟိုပုံးရော၊ ဆီဆိုင်ရော၊ ပင်လောင်းရော ၃ မြို့နယ်လုံးမှာ ကြံ့ဖွံ့က ဝင် မပြိုင်ဘူး။ ၂၀၂၀ ရွေး ကောက်ပွဲ တုန်းက တောင်ကြီးမှာ ဝင်ပြိုင်တဲ့ ဦးအောင်ခမ်းထီ သမီးရဲ့ မဲဆန္ဒနယ်မှာလည်း ကြံ့ဖွံ့က မပြိုင်ဘူး။ ဒါတွေက ထည့်စဉ်းစားရမယ့် ဟာတွေပေါ့။ ဒါပေမဲ့ ပအိုဝ်းဒေသကို လက်ရှိမှာတော့ စစ်တပ်က အာဏာ သိမ်းပြီး ကြံ့ဖွံ့က အုပ်ချုပ်နေတာ။၊ ဒါကတော့ မျက်မြင်ပဲလေ”  – လို့ ပအိုဝ်း တိုင်းရင်းသားလူငယ် တစ်ဦးက သူ့အမြင်က ရှင်းပြပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရခဲ့တဲ့ PNO ဟာ ချောင်ထိုးခံရပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌတာဝန်ကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်မှာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ တာဝန်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ႉ ဖွံ့ဖြိုးရေးပါတီဝင် ဦးခွန်ရဲထွေးကို ခန့်အပ်ခဲ့ပါတယ်။

ရှိနေသော်လည်း မသိသေးတဲ့အဖြစ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသခံ တိုင်းရင်းသားများအတွက် PNO/PNA အပြင် တခြား ရွေးချယ်စရာ နိုင်ငံရေးပါတီနဲ့ အားကိုးစရာ လက်နက်ကိုင်‌တွေ ရှိနေပါသေးတယ်။ ပအမဖ လို့ ခေါ်ဆိုကြတဲ့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီနဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ ဖြစ်ပါတယ်။ ထောက်ခံ၊ အားပေးဖို့ အတွက် ဖော်ပြခြင်းမျိုး မဟုတ်ဘဲ  ရှိနေသေးတာကို သိလို၍သာ ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ မည်သူကို ထောက်ခံ၊ အားပေးရမယ် ဆိုတာဟာ မိမိတို့ရဲ့ အခွင့်အရေးမို့ မိမိတို့ ကိုယ်တိုင်သာ ဆုံးဖြတ်သင်ႉပါတယ်။

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့နဲ့ အနီးဆုံးမှာ တည်ရှိတဲ့ ဒေသ ဖြစ်နေလျက်၊ ရိုးသား၍ ကြိုးစားတဲ့ တိုင်းရင်းသားတွေ ဖြစ်နေလျက်၊ ရေခံ/မြေခံ ကောင်းမွန်သော သဘာဝရင်းမြစ်‌တွေ ရှိတဲ့ ဒေသမှာ နေထိုင် ခွင်ႉရလျက်နှင့် ဖွံ့ဖြိုးမှု မရှိဘဲ ဒေသခံတွေဟာ အာဏာရှင် လက်အောက်မှာ မိမိတို့ရဲ့ လွတ်လပ်ခွင်ႉ အခွင်ႉ အရေး‌တွေကို ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။

ပအိုဝ်းတိုင်းရင်းသား အင်အားစုများ၏ ဆောင်ရွက်ချက်

ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ဟာ ၇၂ နှစ်မြောက် ပ‌ဒေသရာဇ်စနစ် ဆန့်ကျင်သော တော် လှန်ရေးနေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့မှ ပအိုဝ်းအမျိုး သားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံ ပြုလုပ်ပြီးတဲ့နောက် ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ကို ဖွဲ့စည်းခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကောင်စီဟာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပအိုဝ်းတိုင်းရင်းသား ပြည်သူများအနေနဲ့ အထက်ပါ ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်း‌တွေနဲ့အတူ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်သင့်လား၊ စစ်အာဏာရှင်ကို အရှင်သခင် အဖြစ် အသိအမှတ်ပြုပြီး စစ်ကျွန်ဘဝနဲ့ အသက်ဆက်သင့်လား ဆိုတာကို ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင်ႉရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ

အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ႉရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးဟာ ပအိုဝ်းတိုင်းရင်းသား ဖြစ်ပြီး ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလတွင် တောင်ငူမြို့မှာ မွေးဖွားခဲ့တာပါ။

 အမြဲတမ်း နေရပ်လိပ်စာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်(၅) လမ်း၊ အမှတ် (၁၁/ဘီ) ဖြစ်ပါတယ်။ တောင်ကြီးမြို၊ ကံကြီးရပ်ကွက်၊ ချယ်ရီလမ်း၊ အမှတ်(၃/၁၇)မှာ လက်ရှိ နေထိုင်တယ် လို့လည်း သိရပါတယ်။

ဒါအပြင် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကလဲ တောင်ကြီးမြို့အထွက် ၆ မိုင် – နောင်လေကျေးရွာအုပ်စု ဒုံမူးရောင်ပအိုဝ်းရွာ  သာယာကုန်းသျှမ်းရွာသစ်မှာလဲ မြေကွက်တစ်ကွက်ရပြီး အိမ်အသစ် တစ်လုံးထပ်မံ ဆောက်ထား ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရွာ အမကကျောင်း၊ တောင်ငူမြို့ အလက(၂)နဲ့ အထက(၅)၊ ပဲခူးဒေသကောလိပ်၊ မော်လမြိုင်ဒီဂရီကောလိပ်တို့မှာ ပညာသင်ကြားခဲ့ပြီးတော့ B.Sc (Physic) ဘွဲ့ကို ရရှိခဲ့ပါတယ်။

ဦးခွန်ရဲထွေးဟာ စစ်တပ်မှာ ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူတာဝန်ထမ်းခဲ့တဲ့ တပ်တွေကတော့ ခလရ(၁၁၃)၊ ခလရ(၂၃၄)၊ ကော့သောင်း စစ်ဗျူဟာ၊ ခလရ (၂၅၉)၊ ခမရ(၅၁၈)၊ ခမရ (၅၁၂)၊ ဘုရင့်နောင်တိုက်ခိုက်ရေးတပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၁၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ်(၁၀) တန်းမြှင့်သင်တန်းကျောင်းတို့ ဖြစ်ပါတယ်။

သီးခြား နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ဖူးတာ မရှိဘဲ စစ်တပ်ကနေ ထွက်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကနေ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရာမှာ အနိုင် ရပြီး‌တော့ ရှမ်းပြည်နယ်အစိုးရရဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။

ပအိုဝ်းဒေသမှာ ဝန်ထမ်းဘဝက တာဝန် မထမ်းဆောင်ခဲ့ဖူးသလို နိုင်ငံရေးအရလည်း တာဝန် မယူဖူးတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရှုံးခဲ့တဲ့ ဦးခွန်ရဲထွေးဟာ အရင် အစိုးရအဖွဲ့ဝင်တွေ အားလုံးလိုလို ဖမ်းဆီး အရေး ယူခံရချိန်မှာ အဖမ်းအဆီး မခံရတဲ့အပြင် ဒေသဥက္ကဌ အဖြစ် တာဝန်ပေးတာကို ခံရတာပါ။ စစ်ကောင်စီက သူ့ကို ပြည်ခိုင်ဖြိုး ပါတီဝင် ဗိုလ်မှူးကြီးဟောင်း ပအိုဝ်းတိုင်းရင်းသားတစ်ဦး ဖြစ်တာကြောင်ႉ ပအိုဝ်းဒေသ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပုံ ရပါတယ်။

ဘယ်သူ အုပ်ချုပ်နေလဲ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသကို ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အုပ်ချုပ်နေတာလို့ပဲ အလွယ် ပြောလို့ရပါတယ်။ လူမျိုးရေးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့ ရှိနေလျက်၊ အောင်မြင်မှုများ ရှိနေလျက်နဲ့ အမည်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင်ႉရဒေသသာ ဖြစ်တယ်လို့ သုံးသပ်လိုပါတယ်။

ကျမတို့ ပအိုဝ်းတွေက များသောအားဖြင်ႉ လူကြီးတွေ စကားကို တသွေမတိမ်း လိုက်နာကြတာမျိုးရှင့်။ လူကြီးဆိုတာကလေ ရွာက သူကြီးတို့ PNO က လူကြီးတို့မျိုးကို ပြောတာပါ။ ဘယ် အစိုးရ တက်တက်၊ ကိုယ့်အစိုးရ။ ပြီးတော့ ကိုယ် လုပ်မှ ကိုယ်စားရတာ ဆိုတဲ့ဟာကို ဘယ်သူက စလိုက်လဲ မသိဘူး။ တော်တော်လေး လက်ခံကြတယ်။ လူငယ်တွေကတော့ ခု နောက်ပိုင်း လက်မခံကြတော့ပါဘူး။ လူကြီးပိုင်းတွေက ရိုးတော့နား မလည်ကြသေးဘူး” – လို့ ဆီဆိုင်မြို့နယ်မှ လူငယ်တစ်ဦးက ပြောပါတယ်။

ပအိုဝ်းဒေသဟာ ငြိမ်းချမ်းတဲ့ နယ်မြေလို့ အသံကောင်း ဟစ် နိုင်သော်လည်း အဖိနှိပ်ခံ ဒေသခံများရဲ့ ဆင်းရဲဒုက္ခကို ဒေသခံများကသာ အသိဆုံးပဲ ဖြစ်ပါတယ်။ ဒေသခံ ပအိုဝ်းတိုင်းရင်းသားများဟာ ရိုးသားပြီး ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်တာကို အကြောင်းပြုလို့ ခေတ်အဆက်ဆက်က အာဏာရှင်တို့ရဲ့  လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက် ဖိနှိပ်မှုကြောင်ႉ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်ခွင်ႉ ဆိုတာဟာ မရှိသလောက်ပင်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပအိုဝ်းဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဟိုပုံးမြို့ မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံလူငယ်တွေကို ၅၀၅-က ရဲ့ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်တဲ့ ထောင်ဒဏ် ၃ နှစ်စီ စစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ တရားရုံးက ချမှတ် လိုက်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ လူငယ်အမျိုးသမီးတွေကိုလည်း မတရား ထပ်မံ ဖမ်းဆီး ထားပြန် ပါတယ်။

ယနေ့ ခေတ်ကာလမှာ စစ်တပ်က နိုင်ငံ့အာဏာကို မတရား သိမ်းယူပြီးတဲ့နောက် ပအိုဝ်းဒေသအပါအဝင် တစ်နိုင်ငံလုံးကို ပြည်သူ့ထောက်ခံမှု မပါဘဲ စစ်အာဏာရှင်က တရားမဝင် အဓမ္မ အုပ်ချုပ်နေတာပါ။

ဒီလိုအခြေအနေတွေကြောင်ႉ ငြိမ်းချမ်းတယ်လို့ ပြောဆိုနေကြတဲ့ ပအိုဝ်းဒေသဟာ တကယ်ရော ငြိမ်းချမ်း ရဲ့လား၊ လူ့အခွင့်အရေးကိုရော အပြည့်အဝ မဆိုထားနှင့် အနည်းအကျဉ်းလောက်ပင် ရနေပြီလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်ႉရဒေသ သတ်မှတ်ထားသော်လည်း ဒေသခံအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေ အုပ်ချုပ်ခွင်ႉ ရနေပြီလားဆိုတာကို။

ပအိုဝ်းလူထု လိုအပ်ချက်

ပအိုဝ်းခေါင်းဆောင်နဲ့ ပအိုဝ်းမျိုးချစ်တွေဟာ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် ရဖို့ အမျိုးသားတရပ်လုံးလွတ်မြောက်ဖို့  လက်နက်ကိုင်လမ်းစဉ် တော်လှန်ရေးကို ၁၉၄၉ ခု ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်တာဖြစ်ပါတယ်။

တော်လှန်ရေးခရီးက အခုဆို ၇၂ နှစ်ရှိပေမယ်ႉ ပအိုဝ်းအမျိုးသားတွေက မိမိကံကြမ္မာကို ဖန်တီးခွင့်မရ သေးပါဘူး။

၇၂ နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ “မည်သည့်အာဏာရှင် စနစ်မဆို တွန်းလှန်ဖယ်ရှားသွားမယ်” – လို့ ပအိုဝ်းဖက်ဒရယ်ကောင်စီက ကြွေးကျော်လိုက်ပါတယ်။

ပအိုဝ်းအမျိုးသားထုတရပ်ရပ်လုံးလွတ်မြောက်ဖို့ စွမ်းဆောင်ရည် အားကောင်းတဲ့ ပအိုဝ်းအင်အားစု တစ်ရပ်ပေါ်ထွန်းလာဖို့ ပအိုဝ်းမဏ္ဍိုင် ၅ ရပ် ဖွဲ့စည်းထားတယ်ပါတယ်။

သျှမ်းပြည်တောင်ပိုင်းက ပအိုဝ်းလူထုတွေ၊ မြေပြန့်ဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းမှာ နေထိုင်တဲ့ပအိုဝ်းလူထုတွေ၊ ပြင်ပနိုင်ငံမှာရှိတဲ့ ပအိုဝ်းလူထု တွေ ချိတ်ဆက်မှု အားကောင်းကောင်း နဲ့ ပအိုဝ်းတိုင်းရင်းသားလူမျိုးစု ရသင့်ရထိုင်တဲ့အခွင့်ရေးရတဲ့အထိ မည့်သည့်အတားအဆီး မဆို တွန်း လှန် ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။

“လူထု ရွေးချယ်ထားတဲ့ အစိုးရကို တပ်က ဖယ်ရှားတဲ့အပြင် လူထုခေါင်းဆောင်တွေကို လဲ ဖမ်းဆီး ထောင်ချတယ်။ ဒါ ကျမတို မျှော်မှန်းထား တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တိုင်းပြည် အညွှန့် ရိုက်ချိုးခံရတယ်။ ယုံကြည်မှု လုံးဝ ကို ပျက်သုန်းသွားပြီ – ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တွေ လူမျိုးကြီးဝါဒ စနစ်တွေ အပြီးအပိုင် ဖယ်ရှားပစ်ဖို့ ကျမတို့ ကြိုးပမ်းသွားမယ်။ ဒါ ကျမတို့ရဲ့ သံဓိဌာန်ဘဲ” လို့ တောင်ကြီးမြို့က ပအိုဝ်း တက္ကသိုလ် ကျောင်းသူတဉီးက ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။

Leave a Comments