ရှေ့ရေးမှုန်ဝါးတဲ့ ပြာမှုန်ကြားက တီကျစ်ယာသမားဘဝ

0

“တောင်သူတွေက လျှာပေါ် မြက်ပေါက်အောင် လုပ်နေလဲ မစားရဘူးလေ၊ ဘယ်သူမှ လာပြီး ဖြေရှင်းပေးတာ လည်းမရှိဘူး၊ မျှမျှတတလေးတော့ ဖြစ်စေချင်တယ်” ဆိုပြီး တီကျစ်ရွာခံ ကိုအောင် က ပြောပြပါတယ်။  

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျေးရွာအုပ်စုမှာ ကျောက်မီးသွေး တူးဖော်ရေးနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (၂) ခု ရှိနေပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျေးရွာအုပ်စုမှာ ကျောက်မီးသွေး တူးဖော်ရေးနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (၂) ခု ရှိနေပါတယ်။

အဲ့ဒီစက်ရုံ စီမံကိန်းတွေကြောင့် ဒေသခံတွေ စိုက်ပျိုးရေးလုပ်ရာမှာ အခက်ခဲမျိုးစုံကြုံတွေ့နေရပြီး ရေရှားပါးမှု ပြဿနာကို ဆိုးရွားစွာ ခံစားနေရတယ်။

“အဓိက ကတော့ ရေခန်းခြောက်တယ်၊ စိုက်ပျိုးရေးသမားအတွက် ရေ ရှားပါးတော့ (၁၀) ဧကလောက် စိုက်မယ်ႉ စိုက်ခင်းမှာ (၁) ဧကလောက်ပဲ စိုက်နိုင်တော့တယ်” လို့ တီကျစ်ရွာခံ ကိုအောင်က ပြောပြပါတယ်။

တီကျစ်ကျေးရွာအုပ်စုအတွင်းရှိ တစ်ချို့ကျေးရွာတွေဟာ အမြင်ႉပိုင်း ကျရောက်နေတဲ့အတွက် စိုက်ပျိုးရေရရှိဖို့ ပိုမိုခက်ခဲလာပါတယ်။

အဆိုပါဒေသအတွင်း စိုက်ခင်းများအတွက် ရေရရှိရန် (၁၀)ပေ၊ (၁၂)ပေဖြင်ႉ ဝယ်ယူရပြီး တစီးလျှင် ကျပ်ငွေ ၂ သောင်း ပေးဝယ်ရကြောင်း၊ မိမိစိုက်ပျိုးတဲ့ ခြံပေါ် မူတည်ပြီး ကုန်ကျမှုရှိနေကြောင်း သိရပါတယ်။

“ကိုယ်စိုက်တဲ့ ခြံပေါ်မူတည်ပြီး ရေကား (၁၀) စီးကနေ (၁၅) စီး အဲ့လိုတွေ အသုံးပြုရတယ် ဆိုတော့ မလွယ်ဘူး” လို့ အသက် (၄၀) ဝန်းကျင်ရှိ ကုန်းလောရွာခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ကြက်သွန်စိုက်ခင်း ၁ ဧကခန့်ဆိုရင် ရေကား (၈)စီးခန့် ထည့်ရပြီး (၁၀)ရက်ခန့်သာ အသုံးပြုနိုင်ကြောင်း အထက်ပါ အမျိုးသားက ရှင်းပြပါတယ်။

တီကျစ် ဒေသ စိုက်ပျိုးရေး မြင်ကွင်း

“ကြက်သွန်စိုက်ခင်းကို ရေဝအောင် ဖြန်းရတယ်၊ ရေမဝရင် အခင်းပျက်ကုန်တယ်၊ ပြီးတော့ ရေက စိုက်ခင်းပေါ် မူတည်တယ်၊ စိုက်ခင်းကြီးရင် ရေပိုထည့်ရတာပေါ့” ဆိုပြီး ပြောပြပါတယ်။

ယခင်က ရေပေါများခဲ့ပြီး စိုက်ပျိုးသီးနှံဖြစ်တဲ့ ကြက်သွန်၊ အားလူး၊ ပြောင်း၊ ငရုတ်၊ ဂျင်း၊ နှမ်းနဲ့ အခြားသီးနှံတွေ ကို စိုက်ပျိုးပြီး မြန်မာပြည်အနှံ့ ပို့ဆောင် ရောင်းချနေတဲ့ဒေသဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ မြေအောက်ရေ ခမ်းခြောက်မှုကြောင့် တောင်သူတွေအတွက် ရေပြဿနာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာပါတယ်။

“အရင်လို ရေတွေ လွယ်လွယ်ကူကူ မရတော့ တစ်ချို့က အဝီစိတွင်း တူးကြတယ်။ အဲ့တာလည်း ရေခန်းတာပဲ၊ နွေရာသီရောက်ရင် ခြံသုံးဖို့အတွက် ရေက ဘယ်လိုမှကို မလုံလောက်တော့ဘူး” ဆိုပြီး အသက်(၄၀)ဝန်းကျင်ရှိ ကုန်းလောရွာသားက ညှီးထွားနေပါတယ်။

ထိုဒေသမှာ လည်ပတ်နေတဲ့ တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုနဲ့ တရုတ်နိုင်ငံရဲ့ (China National Heavy Machinery Corporation Company)  နဲ့ မြန်မာနိုင်ငံ ဧဒင်အုပ်စုကုမ္ပဏီတို့က ၂၀၀၁ ခုနစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနစ်တွင် စတင်လည်ပတ်ခဲ့ပါတယ်။

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျေးရွာအုပ်စုမှာ ကျောက်မီးသွေး တူးဖော်ရေးနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း

မြန်မာနိုင်ငံရဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ် စက်ရုံ(၃)ရုံ ရှိတဲ့အနက် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ထုတ်စက်ရုံဟာ အကြီးဆုံးနဲ့ ပထမဦးဆုံးလည်ပတ်တဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။

ကျောက်မီးသွေး စက်ရုံ၊ သတ္တုတွင်း စက်ရုံမှ စွန့်ပစ် ပစ္စည်းတွေဟာ ချောင်း၊ မြောင်းအတွင်းသို့ စီးဆင်းကာ စိုက်ပျိုးရေးအဖြစ် အသုံးပြုနေရတဲ့အတွက် စိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးမှုများရှိနေပြီး အထွက်နှုန်းလည်း ကျဆင်းလာပါတယ်။

“အဲ့ဒီရေတွေနဲ့ ခြံထဲထည့်ရင် အနည်တွေက အပင်အရွက်တွေမှာ သွားကပ်တယ်၊ ပြန်ဆေးလည်း မပြောင် တော့ဘူး၊ နောက်ပြီး စိုက်ခင်းထဲ ရေခန်းခြောက်သွားတဲ့အချိန်ဆိုရင် မြေတွေက မာကုန်တယ်။ မပွတော့ဘူး” – ဆိုပြီး ကုန်းလောဒေသခံ ဦးသိန်းက ပြောပါတယ်။

တီကျစ်ကျောက်မီးသွေးတူးဖော်မှုဟာ တစ်နှစ်ထက် တစ်နှစ် တူးဖော်မှု ပိုနက်လာတဲ့အတွက် သဘာဝရေ ထွက်ပေါက် လမ်းလွှဲသွားပြီး တစ်ချို့ရေထွက်ပေါက်တွေက ရေမရှိတော့တဲ့အဆင်ႉအထိ ဖြစ်သွားတယ်လို့ တီကျစ်ဒေသခံတွေက ဆိုကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကစတပြီး ကျောက်မီးသွေး စက်ရုံ ယာယီရပ်နားခဲ့ပြီး၊ ၂၀၁၅ ခုနစ် အောက်တိုဘာ မှာ ဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံက Wuxi Hua gaung ကုမ္ပဏီက တင်ဒါအောင်ခဲ့ပါတယ် ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လက်ထက်မှာ ၂၀၁၇ ခုနှစ်မှာ စမ်းသပ်ကာလ တစ်နှစ်  သတ်မှတ်ပြီး စက်ရုံ လည်ပတ်ခဲ့ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးရုံးက ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ စက်ရုံကို သုံးနှစ် လည်ပတ်ခွင့် တိုးပေးခဲ့ပါတယ်။

လက်ရှိအချိန်ထိ တီကျစ်ကျောက်မီးသွေးစက်ရုံဟာ ဆက်လက် လည်ပတ်နေပြီး စက်ရုံမှထွက်ရှိလာတဲ့ အမှုန်တွေ ဟာ စိုက်ခင်းများထဲသို့ ကျရောက်ပြီး စိုက်ခင်းပျက်စီးမှုတွေလည်း ရှိခဲ့ကြောင်း စက်ရုံအနီး နေထိုင်တဲ့ ဒေသခံ က ပြောပြပါတယ်။

လယ်ယာစိုက်ပျိုးရေး မြင်ကွင်း

“အဲ့တော့ စိုက်ပျိုးတဲ့ ခြံတွေမှာ ပြာမှုန်တွေ အပြည့်ပဲ၊ အဲ့ဒီပြာမှုန်တွေကို သူတို့ မထိန်းနိုင်တော့ စိုက်ပျိုးတဲ့ အပင်တွေမှာ လာပြီး ကပ်နေတော့တာ။ မိုင်းတွင်းနဲ့ နီးရင် ပိုဆိုးတယ်” ဟု ကိုအောင်က ဆိုပါတယ်။

တီကျစ်ဒေသအတွင်း စိုက်ပျိုးမြေတွေဟာ ယခင်က မြေနဲ့ မတူညီတော့ဘဲ သီးနှံစိုက်ပျိုးတဲ့အခါ အခက်အခဲ မျိုးစုံကြုံတွေ့နေရသလို မြေဆီဓာတ်လျော့ကျလာတဲ့အတွက် ဓာတ်မြေဩဇာကို ပိုထည့်လာရပါတယ်။

မြေဆီဓာတ်တွေ ပြောင်းလဲလာတဲ့အတွက် အားလူးဆိုရင် စိုက်လို့မရတဲ့အဆင့်ထိပါပဲ။ အာလူး က အသက်မပြည့်ခင် ညိုးပြီး သေသွားတယ်။ သီးနှံစိုက်ရတာ တွက်ခြေ မကိုက်တော့ဘူး”- လို့  တီကျစ်တောင်သူ တစ်ဦးဖြစ်တဲ့ ကိုထူးက ညှီးထွားနေပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ် ရိုက်ခတ်ဒဏ်တွေကြောင်ႉ ကုန်စျေးနှုန်းဟာ တရိပ်ရိပ် လိုက်ပါတက်လာကာ တောင်သူ တွေအတွက် မြေဩဇာစျေးနှုန်းကလည်း တဟုန်ထိုး လိုက်တက်လာပါတယ်။

ယခင်က တီးကျစ်တောင်သူတွေ အသုံးပြုနေတဲ့ မြေဩဇာစျေးနှုန်းဟာ (၁၅၀၀၀)ကျပ်မှ (၂၀၀၀၀) ကျပ် ဝန်းကျင် ခန့်သာ ရှိပြီး လက်ရှိတွင် (၆၀၀၀၀)သောင်းဝန်းကျင်ထိ စျေးတက်လာပါတယ်။

ဒါတင်မ  ပိုးသတ်ဆေး စျေးနှုန်းများလည်း မြင့်တက်လာတဲ့အတွက် တောင်သူတွေ အခက်ခဲများနဲ့ ရင်ဆိုင်နေ ရတာဖြစ်ကြောင်း ပြင်သာကျေးရွာ ဒေသခံ ခွန်ဆန်း က ပြောပြပါတယ်။

ကျောက်မီးသွေး စက်ရုံမှ ထွက်လာသည့် အညစ်အကြေး ကြောင့်လယ်ယာများပျက်စီးနေသည့်ပုံ

“ခြံထဲကနေ ထွက်တဲ့ ဟာက စျေးမရဘူး၊ ဥပမာ − ခြံထဲကနေထွက်လို့ ရောင်းတာ (၅)သောင်းလောက်ရရင် မြေသြဇာနဲ့ ပိုးသတ်စျေးဖိုးက တစ်သိန်းလောက် ကုန်နေပြီ ဆိုတော့ စိုက်ပျိုးရတာ မကိုက်တော့ဘူးလေ” ဆိုပြီး တောင်သူ ခွန်ဆန်းက ဆိုပါတယ်။

ကမ္ဘာမှာ အရေးတကြီး ဖြေရှင်းရမယ့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝန်း ကျောက်မီးသွေးသုံး စက်ရုံတွေ လျှော့ချပိတ်သိမ်းနေပေမယ့် သျှမ်းတောင် တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကတော့ နိုင်ငံရေးရှုပ်ထွေးနေသော်လည်း ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေး သတ္တုတွင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကျောက်မီး သွေးတွင်းဖြစ်ပြီး နေ့စဥ် ကျောက်မီးသွေးတန်ချိန် (၂၀၀၀)ခန့် ထုတ်လုပ်နေတယ်။

တပ်က အာဏာသိမ်းထားစဉ်မှာ ခရိုနီစီးပွားရေးသမားတွေ အင်အားပိုကောင်းလာနိုင်ပြီး စက်ရုံလည်ပတ်မှုကလဲ အရှိန်ပိုမြင့်လာနိုင်ဖွယ်ရှိပါတယ်။

ခေတ်အဆက်ဆက် ကိုကြည့်မယ်ဆိုရင် ပြည်သူလူထုကို ငဲ့ကြည့်ပေးတဲ့ အစိုးရဆိုတာ မရှိလာခဲ့ဘဲ ခရိုနီစီးပွားရေး သမားတွေကို အားပေးခဲ့တဲ့အတွက် လက်ရှိ အခြေအနေထိ ရောက်ရှိ လာရခြင်းဖြစ်ပါတယ်။

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာတော့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဟာလည်း ရှေ့ထွက်ပြီး ပြည်သူတွေဘက်ကို ရပ်တည်ဖို့က အလွန်ခက်ခဲတဲ့အချိန်ဖြစ်တဲ့အတွက် ကုမ္ပဏီတွေ အနေနဲ့ ပိုပြီးရှေ့တိုးလာကြပါတယ်။

“ အခုက ဘာမှ လုပ်လို့မရတဲ့အခြေအနေဖြစ်နေတယ်။ ဒီနေရာတခုပဲ ပြောဖို့ရှိပါတယ်။ တောင်သူတွေရဲ့ မျက်ရည် ဟာ တနေ့သူတို့ မျက်ရည်ဖြစ်လာမှာပါ” လို့ တောင်သူ အရေးကိစ္စတွေကို ကူညီပေးနေတဲ့ အမျိုးသမီး တစ်ဦးကပြောပါတယ်။

တီကျစ် ဒေသရဲ့ အနေအထားဟာ စိုးရိမ်စရာဖြစ်လာပြီး သီးနှံစျေးကွက် ထိုးကျ၊ ကုန်စျေးနှုန်း ထိုးတက်နေတဲ့ ကာလမှာတော့ တောင်သူတွေ ဟာ သောက အထပ်ထပ် ရင်ဆိုင်နေရပါတယ်။

ဒုက္ခ ပေါင်းစုံ ရင်ဆိုင်နေရတဲ့ တီကျစ် တောင်သူတွေ ဟာ ယခုကာလမှာတော့ တဖက်မှာ သီးနှံတွေ စိုက်ပျိုးမှုနည်းလာပြီး တဖက်မှာ လည်း တီကျစ် မိုင်းတွင်းနဲ့ စက်ရုံက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေ‌ကြောင့် တောင်သူတွေ ပိုဒုက္ခရောက်ကြလာပါတယ်။

 “ ဒီကာလမှာ မိုင်းတွင်း နဲ့ စက်ရုံ ရပ်သင့်တယ်။ အဓိကတော့ တကိုယ်ကောင်းဆန် အတ္တစိတ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာတာပါ” လို့ တောင်သူ အရေးဆောင်ရွက် သူ က ပြောပါတယ်ဒ

ကျောက်မီးသွေးစက်ရုံ တည်ရှိနေသရွေ့ စက်ရုံက ထွက်ရှိတဲ့ ပြာ၊ စက်ရုံက ထွက်တဲ့ အညစ်အကြေး တွေကြောင့် ပင်လောင်း တီကျစ်ဒေသ နေထိုင်တဲ့တောင်သူတွေရဲ့ဘဝကတော့ နလန်ထနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီလိုဆက်ပြီး ကျောက်မီးသွေး စက်ရုံ လည်ပတ်နေအုံးမယ်ဆိုရင်တော့ ခြံရောင်း၊ ကျွဲနွားရောင်းပြီး ဖြစ်သလို ကျပန်းလုပ်ကိုင်ရမယ်။ ပြည်ပထွက်ခွာရတော့မယ်”- လို့ ကိုအောင်က ဝမ်းနည်းစွာနဲ့ တီးတိုးရွတ်ဆိုလိုက်ပါတယ်။

Leave a Comments