စစ်ရေးပဋိပက္ခကြား မိုင်းစနဲ့အတူသေရွာပြန် တောင်သူဦးလှဖေ

မနက် မိုးမလင်းတလင်း အချိန်မှာ ကျွဲခလောက်သံကိုသာ နားစွင့်ပြီး လမ်းလျှောက်နေတဲ့ ကြား “ အုံး……” ဆိုတဲ့ ပေါက်ကွဲသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။

ထို ပေါက်ကွဲသံ ကို ကြားရပေမယ့် ဘယ်နေရာရောက်နေမှန်းမသိတဲ့ အသက် (၅၆ ) အရွယ် ဦးလှဖေ (အမည်ပြောင်း) တယောက် သတိထားပြီး ကြည့်လိုက်တော့ ခန္ဓာကိုယ်တခုလုံး သွေးသံရဲရဲ၊ ခေါင်းတွေလည်း မူးနှောက် လာခဲ့ပြီး မြေမြုပ်မိုင်း ပေါက်ကွဲမှု ဆိုတာ ချက်ချင်း သိလိုက်ရပါတယ်။

ဦးလှဖေဟာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားတဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ထဲက ပန်တောင်းကျေးရွာသားဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေကြပါတယ်။

ဇူလိုင်လ (၁၀)ရက်မနက်မှာတော့ ဦးလှဖေ တယောက် သူနေတဲ့ ကျေးရွာ နဲ့ နာရီဝက်ခန့် ဝေးတဲ့ တောထဲမှာ စားကျက်လွှတ်ထားတဲ့သူ့ကျွဲကို သွားရှာလာပြီးနောက် သူ့မိသားစုဝင်တွေ ရှိတဲ့ မိုင်းငေါ့မြို့ ဟိုင်းခမ်းရွာ က စစ်ရှောင်စခန်းကို သွားဖို့ အားခဲ ခဲ့ပေမယ့် ကံဆိုးခဲ့ရပါတယ်။

တောင်ယာလုပ်ကိုင်တဲ့မိသားစုဝင်ဖြစ်တဲ့အလျောက် ကျွဲတွေကို ဒီအတိုင်း ပစ်မထားရက်ပဲ ကျွဲကို ရှာပြီး၊ စစ်ရှောင်စခန်း လိုက်သွားဖို့ ပြင်ဆင် စီစဉ်ထားသူလည်းဖြစ်ပါတယ်။

“ဦးလေးရဲ့ မိသားစုတွေက စစ်ရှောင်စခန်းကို ရောက်နှင့်နေပြီ၊ ကျွဲရှာပြီးရင်တော့ သူတို့ဆီ လိုက်သွားတော့မှာ၊ ဒီမှာလည်း သေနတ်သံ၊ မိုင်းသံတွေက ခဏခဏ ကြားနေရတော့ စိုးရိမ်တယ်လေ” လို့စိတ်မကောင်းစွာနဲ့ပြောပါတယ်။

ဦးလှဖေ တယောက် မိသားစုနဲ့ အတူပြန်ဆုံဖို့ စဉ်းစားပျော်ရွှင်နေချိန် မထင်မှတ်ထားဘဲ ရုတ်တရက် မြေမြုပ်မိုင်းနင်းမိတာပါ။

“မြေမြုပ်မိုင်းကို နင်းမိပြီဆိုတာ သိသိချင်းမှာ စိတ်တွေကအရမ်းလှုပ်ရှားခဲ့တယ်၊ နင်းထားတဲ့ခြေထောက်ကို လွှတ်လိုက်ရင် သေမှာလေ၊ အဲ့တော့ သေလို့မဖြစ်သေးဘူး၊ တစ်ခုခုတော့ လုပ်ရမယ်” ဆိုပြီး မိုင်းနင်းမိနေစဉ် ဖြစ်ပေါ်ခဲ့တဲ့အတွေးကို ဦးလှဖေ ပြန်ပြောပြနေပါတယ်။

မြေမြုပ်မိုင်း နင်းမိချိန်မှာ သတိလက်လွှတ်မဖြစ်ဘဲ မျှော်လင့်ချက် နဲ့ဘေးပတ်ဝန်းကျင် ကို အော်ခေါ် အကူအညီ တောင်းခဲ့ပေမယ့် တစုံတရာ တုန့်ပြန်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

“ ဘယ်သူမှ ပြန်ထူးသံမကြား၊ မိုင်းနင်းမိထားတဲ့ ဘယ်ခြေနေရာ အစားထိုးဖို့ ကျောက်တုံးတွေကလည်း အနီးအနားမှာ မရှိ၊ နောက်ဆုံးတော့ ညာခြေကို ဆန့်နိုင်သမျှဆန့်၊ ခန္ဓာကိုယ်ကို မြေပေါ်လိမ့်ချလိုက်တာနဲ့မိုင်းကွဲသွားတယ်” လို့ မိုင်းနင်းမိစဉ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အသေးစိတ်ကို ဦးလှဖေ တယောက် ပြန်ပြောပြနေပါတယ်။

ပေါက်ကွဲမှု မိနစ် (၂၀)ကျော် အကြာမှာ လူတစ်စုက ရောက်လာပြီး၊ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းဆီကို သူ့ကို ပွေ့ချီသယ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ရပ်ကျေး ဆေးပေးခန်းကို ထပ်ပြီး ပို့ဆောင်ပေးခဲ့ကြပါတယ်။

“ဘုန်းကြီးကျောင်းကနေ ဆေးခန်းရှိတဲ့ရွာကို ပို့ပေးတယ်၊ အဲဒီဆေးခန်း ရောက်တော့ အရင်ဆုံး ဒဏ်ရာကို ဆေးကြောပေးတယ်၊ ဆေးထိုးပေးတယ်။ သောက်ဆေးတွေလည်း ပေးတယ်။ ပြီးတော့ ဒီတိုင်းပဲ နေနေရတယ်” လို့ ဦးလှဖေ တယောက် မိုင်းထိဒဏ်ရာကို စတင် ဆေးကုသခံခဲ့ရတဲ့အခြေအနေကို ပြောပါတယ်။

သူ့ ခြေထောက်မှာ မိုင်းစဝင်နေပေမယ့် ခွဲစိတ်ဆရာဝန် မရှိ၊ အထူးကုမရှိတဲ့အပြင် သေနတ်သံ၊ ဗုံးသံတွေ မကြာခဏ ကြားနေရတဲ့ တောင်ပေါ်ဒေသမှာ တော့ စနစ်တကျ ဆေးကုသမှုခံယူခွင့်မရခဲ့ဘဲ တပတ်ကျော်ကြာ နာကျင်တဲ့ဒဏ်ကို ကျိတ်မှိတ်ပြီး ခံနေခဲ့ရပါတယ်။

“ရွာမှာပဲ (၈)ရက်တိတိ ကြာခဲ့တယ်၊ နာကျင် ကိုက်ခဲနေပေမယ့် ကျိတ်ခံခဲ့ရတယ်။ သေနတ်သံတွေသိပ်မကြားရတော့ဘူးဆိုမှ ရွာကနေ ထွက်ခဲ့တာ၊ လမ်းခရီးက ကြမ်းပေမယ့်လည်း ဒဏ်ရာတွေ ကုသဖို့ အရဲစွန့်ခဲ့ပါတယ် ” လို့ ဦးလှဖေ က ဆိုပါတယ်။
တပတ်ကျော်အကြာမှာတော့ နာကျင်တဲ့ဒဏ်ရာနဲ့အတူ ကြမ်းတမ်းတဲ့လမ်းခရီးကို သားသမက်ရဲ့ ဆိုင်ကယ်နောက်ကနေ လိုက်ပါလာခဲ့ပြီး ဟိုင်းခမ်းစစ်ရှောင်စခန်းကို ရောက်လာတော့မှ မိုင်းဒဏ်ရာကို ဆေးရုံပြသခွင့်ရခဲ့ပါတယ်။

“ခြေတွေ၊ လက်တွေမှာ ဒဏ်ရာတွေနဲ့ စစ်ရှောင်စခန်းကို ရောက်လာတာ၊ မေးကြည့်လိုက်တော့ မိုင်းနင်းမိထားတာတဲ့၊ စိတ်ပူတာနဲ့ ဆေးရုံတက်ရအောင်ဆိုပြီး ကျောက်မဲက တာဝန်ရှိသူတွေဆီ အကူညီလှမ်းတောင်းလိုက်တယ်” ဆိုပြီး ဦးလှဖေကို ကူညီပေးခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

မိုင်းနင်းမိတာ (၉)ရက်နီးပါးကြာခဲ့ပြီ၊ ရွာမှာ ဆေးကုခဲ့ရပေမယ့် ဒဏ်ရာများက ပြင်းထန်နေဆဲ မိုင်းစဝင်နေတဲ့အတွက် ဆေးရုံတက်ကုသနိုင်ဖို့ ကြိုးစားပေးခဲ့တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
ဒါ့ပေမဲ့ တဖက်မှာလည်း ကျောက်မဲမြို့ မှာ ကိုဗစ် ကူးစက်လူနာတွေ မြင့်တက်ပြီး ဆေးရုံမှာလည်း ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေသလို စစ်အာဏာရှင် လက်အောက်အလုပ်မလုပ်လိုတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေက အာဏာဖီ ဆန်ရေး CDM လုပ်ထားတဲ့အတွက် မိုင်းစကို ခွဲစိတ်ဖို့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။

“ ကျောက်မဲမှာ က ကိုဗစ်လူနာများနေတယ်။ ကျန်းမာရေးဝန်ထမ်းကလည်းနည်းတော့ ခုခွဲစိတ်လို့မရသေးဘူး” လို့ စစ်ရှောင်စခန်းရောက် အမျိုးသမီး က ပြောပါတယ်။
လက်ရှိမှာတော့ ပေါင်ရင်းမှာ လက်မဝက်ခန့် အပေါက်ဖြစ်နေတဲ့ဒဏ်ရာ၊ ဘယ်ခြေမျက်စိနား မိုင်းစ နစ်ဝင်နေဆဲ ဒဏ်ရာတွေနဲ့ ဟဲခမ်းစစ်ရှောင်စခန်းမှာ ဆက်လက်နေထိုင်နေရပါတယ်။

“ဘာပဲဖြစ်ဖြစ် မိုင်းစ ယမ်းစတွေ အရိုးအသားထဲမှာ ကျန်နေတယ်ဆိုရင် သေချာတာတစ်ခုက ထုတ်ကို ထုတ်ပစ်ရမှာ၊ မထုတ်ပစ်ရင် ရေရှည်မှာ ပိုးတွေဝင်လာနိုင်တယ်၊ ပြည်တည်တာတွေဖြစ်နိုင်တယ်၊ နောက်ပြီး နာကျင် ကိုက်ခဲ တာတွေဖြစ်မယ်၊ သွေးကြောတွေကို ထိထားတယ်ဆိုရင် ပုပ်သွားတာတွေအထိ ဖြစ်နိုင်တယ်” ဆိုပြီး ဆရာဝန်တစ်ဦးက ပြောပြပါတယ်။

သျှမ်းမြောက်မှာဆိုရင် ၂၀၁၁ ခုနှစ် နောက်ပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ မိုင်းအသုံးပြုမှု များလာကြပြီး၊ မိမိထောင်တဲ့မိုင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်းမရှိကြပေ။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ ကျောက်မဲလူထုတွေ့ဆုံပွဲ ပြုလုပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ မိုင်းထောင်တိုက်ခိုက်မှု မပြုလုပ်ကြဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ လက်နက်ကိုင်တပ် လှုပ်ရှားတဲ့ ကျေးရွာတွေမှာ မိုင်းကွဲတာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အသက်ဆုံးရှုံးတာတွေလည်း ဆက်ပြီးကြားနေရဆဲပါ။
မိုင်းထောင်တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအပြင် မိုင်းထိတဲ့သူတွေကို သွားရောက်ကူညီတဲ့ လူမှုရေးအသင်း အဖွဲ့များ အတွက်ပါ အသက် အန္တရာယ်ရှိနေပါတယ်။

“မိုင်းထိတဲ့သူကို သွားသယ်ဖို့ဆိုတာ မလွယ်ပါဘူး၊ အဲ့ဒေသရဲ့ တာဝန်ရှိသူတွေဆီကို အကြောင်းကြားရတယ်၊ တချို့နေရာက ကားလမ်းမရှိတော့ ခြေကျင်သွားရတယ်၊ အဲ့ဒီလိုသွားသယ်တဲ့လမ်းမှာ မိုင်းထောင်ထားတာကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတယ်” လို့ ကျောက်မဲ လူမှုရေးအသင်းဝင် တစ်ဦး က ကြုံတွေ့ခဲ့တာကို ပြောပြပါတယ်။

သျှမ်းမြောက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်တဲ့ မြို့နယ်တွေက ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တို့ဖြစ်ပါတယ်။

ထိုဒေသမှာ နေထိုင်တဲ့ ပြည်သူအများစုဟာ မြေမြုပ်မိုင်း ဒဏ်ကို တနှစ်ထက်တနှစ် ပိုခံစားလာရပြီး၊ ထိုဒဏ်ရာတွေကို ကုသဖို့ အတွက် လက်နက်ကိုင်တပ်ဖွဲ့ တွေ တာဝန်ယူမှု မရှိကြောင်းလည်း ဒေသခံတွေက စိတ်မကောင်းစွာ ပြောဆိုပါတယ်။

“ ကျနော်တို့ တောင်ယာသမားတွေ ဘယ်က ပိုက်ဆံတွေနဲ့ခွဲစိတ်မလဲ။ လုပ်တဲ့သူတွေ ထောင်တဲ့သူတွေ တာဝန်ယူပြီး ကုသပေးဖို့လိုတယ်” လို့ မိုင်းထိမှန်တဲ့ဦးလှဖေက မျှော်လင့်နေတဲ့အကြောင်းကို ပြောလာပါတယ်။

လက်ရှိ မိုင်းစထိမှန်ထားတဲ့ ဦးလှဖေတယောက် နိုင်ငံရေး အပြောင်းအလဲ စစ်အာဏာသိမ်းမှု ကိုဗစ်ဒဏ်တွေကြောင့် ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အဖြစ်နိုင်သေးပါဘူး။
ခြေထောက်မှာခွဲစိတ်မထားတဲ့ မိုင်းဒဏ်ရာနဲ့ “ အုန်း”ဆိုတဲ့ လက်ဖက်ခြံက ထွက်လာတဲ့ အသံကို အချိန်တိုင်း ကြားယောင်နေပြီး အတိတ်က ဖြစ်ပျက်တဲ့ သေရွာပြန်ခဲ့တဲ့ရက်ဟာ ဦးလှဖေရဲ့ စိတ်ထဲမှာ နေ့စဉ်နဲ့အမျှ ကိန်းအောင်းနေတဲ့ စိတ်ဒဏ်ရာတခုဖြစ်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...