မိုင်းဖြတ် SNLD အမတ်လောင်းကို ပြည်သူ့စစ်ကအမှုဖွင့်

0

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ မိုင်းဖြတ်မြို့နယ်ပြည်နယ်လွတ်တော် အမှတ်( ၂ ) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ် စားလှယ်လောင်း ဦးကျဖေ့ကို နမ့်ယွန်းပြည်သူ့စစ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မိုင်းဖြတ်ရဲစခန်းက အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ နမ့်ယွန်းပြည်သူ့စစ်က တာဝန်ရှိသူတစ်ယောက်က ဦးကျဖေ့ကိုတရားစွဲထားတာဟာဟုတ်မှန်တယ် ” ဟု ပြောသည်။

ဦးကျဖေ့သည် နိုဝင်ဘာလ ၁၀ ရက် က ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘုစာမျက်နှာ တွင် “ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိကြောင်း၊ ပြည်သူ့စစ်အချို့က ကျေးရွာတွေမှာ ကားနဲ့အကြိုအပို့လုပ်ပြီး မဲရုံတွေဆီကို ပို့ပေးနေတာတွေ့ရကြောင်း” ရေးသားပြီးတင်ထားသည်။

ထို့အပြင် ခေတ်သစ်မီဒီယာတွင်လည်း ပြည်သူ့စစ်များ က ရွာသားများ ကို အကြိုအပို့လုပ်ပေးနေတာတွေ့ရကြောင်း၊ ၊ထိုသူများက ကြံ့ခိုင်းရေးပါတီဝင်များဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

ထိုအချက်တွေက နမ့်ယွန်းပြည်သူစစ်၏ဂုဏ်သိက္ခာကိုထိခိုက် စေသည် – ဟု တိုင်ကြားချက်တွင်ပါရှိကြောင်း ရဲတပ်ဖွဲ့ဝင် က ထပ်လောင်းပြောသည်။

တရားစွဲဆိုခံရသည့် SNLD အမတ်လောင်း ဦးကျဖေ့ က “ မိမိအနေဖြင့်အခုထိအကြောင်းကြားမှု တစ်စုံတစ်ရာ မရရှိသေး လို့ဘာမှမသိရှိသေးပါဘူး” ဟုဆိုသည်။

ပြည်သူ့စစ်များက ရွာသူရွာသားများကို ကားဖြင့် လာရောက်ခေါ်ဆောင် သည့် ကိစ္စသည် မိမိ မျက်မြင် ကိုယ်တွေ့ဖြစ်ကြောင်းလည်း ဦးကျဖေ့က ပြောသည်။

မိုင်းဖြတ်မြို့နယ်တွင် တပ်မတော်ကာကွယ်ရေးဦးချုပ်၏ ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်းအပါအဝင် အခြားကြံ့ခိုင်ရေးပါတီဝင်က အခု ၂၀၂၀ ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

နန်းမွေလျန်း သတင်းပေးပို့သည်။

Leave a Comments

SHARE