ပင်လုံစာချုပ်ပေါက်ဖွားရာနယ်မြေက လူထု တွေကိုအလေးထားမယ့် အစိုးရသစ်ကို မျှော်လင့်

0

ပင်လုံကတိ ကဝတ်တွေ၊ ပင်လုံစာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ နယ်မြေက ဒေသခံတွေကတော့ ပြည်သူကို အရေးထားတဲ့ အစိုးရကို လိုချင်ကြောင်း ပြောဆိုလိုက်ပါတယ်။

အစိုးရသစ်အနေဖြင့် ပြည်သူရဲ့ စီးပွားရေး၊ ကျန်းမာရေး နဲ့ ပညာရေးကို ကြည့်ပေးပြီး၊ ပြည်သူရဲ့လိုလားချက်ကို ကြည့်ပေးတဲ့ အစိုးရ ဖြစ်စေချင်ကြောင်း ပင်လုံဒေသခံများက ပြောပါတယ်။

ပင်လုံမြို့ ဟာ တောင်ကြီးနှင့် မိုင် ၅၀ အကွာရှိပြီး၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရရှိရန် အတွက် အရေးပါတဲ့မြို့တမြို့ဖြစ်ပါတယ်။

တောင်တန်း ပြည်မ တန်းတူပူးပေါင်းရေး စာချုပ် ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် သျှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ ပူးပေါင်းပြီး လက်မှတ်ရေးထိုးတဲ့အထိမ်းအမှတ် ပင်လုံကျောက်တိုင်ရှိတဲ့ သမိုင်းဝင်မြို့ ဖြစ်ပါတယ်။

ထိုမြန်မာသမိုင်းဝင်ပင်လုံမြို့ ကို ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၁၇ ခုနစ်က တိုင်းရင်းသားလူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ခဲ့တဲ့နေရာ တခုလည်းဖြစ်ပါတယ်။

နိုင်ငံရဲ့ သမိုင်းဝင်နယ်မြေဖြစ်ပေမယ့် ခေတ်အဆက်ဆက် အစိုးရ တွေ တက်လာတိုင်းမှာတော့ အစိုးရအဖွဲ့တွေ ဟာ ပြည်သူရဲ့ ဘဝ၊ ပြည်သူရဲ့ စီးပွားရေး၊ကျန်းမာရေးကို အရေးတယူခံရတဲ့ နယ်မြေမဟုတ်ခဲ့ကြောင်း ပင်လုံဒေသခံ ပြည်သူတွေက ပြောဆိုလိုက်ပါတယ်။

“ အစိုးရ ဘယ်သူပဲတက်တက် ပြည်သူ့ကိုကြည့်ပေးဖို့ပြောချင်တယ်။ ပြည်သူတွေရဲ့ စီးပွားရေး ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရေးလွယ်ကူဖို့အတွက် ကူညီစေချင်တယ်” လို့ ပင်လုံမြို့တွင် ကုန်စုံဆိုင်ဖွင့်ထားတဲ့ ပါ့ဆိုင်အောင် က ပြောပါတယ်။

သျှမ်းပြည်အတွင်းမကြာခဏဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုလည်း ရပ်တန့်အောင်ပြုလုပ်စေချင်ကြောင်း၊ တိုက်ပွဲတွေ ဖြစ်တဲ့အတွက် စစ်ရှောင်ပြည်သူများ ခက်ခဲမှုရင်ဆိုင်နေရပြီး၊ စီးပွားရေးကိုလည်းထိခိုက်ကြောင်း ပါ့ဆိုင်အောင် က ဆိုပါတယ်။

ဒါ့အပြင် သျှမ်းပြည်တဝှမ်းကို ကြည့်မယ်ဆိုရင် မြေယာပြဿနာဟာ တနှစ်ထက် တနှစ်ဆိုးဝါးလာပြီး၊ လယ်ယာစိုက်ပျိုးရေး ကို အဓိက အားကိုးနေရတဲ့ သျှမ်းပြည်သူတွေအတွက် မြေယာ အရေးကိစ္စဟာလည်း ကြီးမာတဲ့ စိန်ခေါ်မှု တခုဖြစ်နေပါတယ်။

မြေယာ ကိစ္စကို ကိုင်တွယ်ဖြေရှင်းပေမယ့် အစိုးရ၊ မြေယာသိမ်းမှုလျော့ကျအောင်ဆောင်ရွက်ပေးတဲ့ အစိုးရကို မျှော်လင့်နေကြောင်း ပင်လုံဒေသခံ လယ်ယာစိုက်ပျိုးရေးလုပ်တဲ့ လုံးစိုင်းလုံက ပြောပါတယ်။

“ ကျနော် ကလယ်ယာလုပ်တယ်။ ကျနော့်အနေနဲ့ကတော့ လယ်ယာတွေ ကြည့်စေချင်တယ်။ မြေယာတွေ ကြည့်စေချင်တယ်။ သူတို့က ယူချင်သလောက်ယူကြတယ်။ သိမ်းချင်သလိုသိမ်းတယ်။ ကျနော်တို့လယ်တွေလည်း ပါတယ်။ နောက်ကျနော်တို့ လျော်ကြေးလည်း မရဘူး။ လယ်ယာတွေကို ကြည့်ပေးစေချင်တယ်” လို့ လုံးစိုင်းလုံ က သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြလာပါတယ်။

ပင်လုံဒေသ ဟာ တောင်ပေါ် ဒေသဖြစ်တဲ့အလျောက် လမ်းပန်းဆက်သွယ်ရေး လည်း မကောင်းမွန်သေးတဲ့အတွက် ကုန်စည် စီးဆင်းမှုဟာ အလွန်ပင် ဒုက္ခရောက်နေရကြောင်း ပင်လုံမြို့နယ် အတွင်း နေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကို ကောင်းအောင်ပြုလုပ်ပေးဖို့ နဲ့ ကုန်စည်စီးဆင်းမှုကို နည်းစနစ်ကျကျ ဖြစ်လာအောင် ဆောင်ရွက်ပေးမယ့် အစိုးရကို ပင်လုံ ဒေသခံပီခမ်းကြည် က မျှော်လင့်နေကြောင်း ပြောဆိုလာပါတယ်။

အစိုးရသစ်အနေနဲ့ သမိုင်းတွင်ခဲ့တဲ့ ပင်လုံမြို့ ကို မမေ့ရန်နဲ့ တက်လာမည့် အစိုးရသစ်အနေနဲ့ ပင်လုံမြို့ ရဲ့ ဒေသခံ ပြည်သူတွေအတွက် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး နဲ့ ပညာရေး အတွက် ကြည့်ရှုပေးဖို့ ဒေသခံတွေကတော့ စောင့်မျှော်နေကြပါတယ်။

Leave a Comments

SHARE