Friday, September 13, 2024

သျှမ်းပြည်အတွင်း စစ်ဒဏ်ကြောင့် အသတ်ခံရသူများကို အောက်မေ့သည့်အထိမ်းအမှတ်ပြုလုပ်

Must read

သျှမ်းပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ အဓမ္မပြု ခံရခြင်းများကိုပြန်လည် အောက်မေ့သည့် အထိမ်းအမှတ် အနေဖြင့် သျှမ်းလူငယ်များက ဆွမ်းကပ်အလှူပြုလုပ်ပေး ခဲ့ခြင်းဖြစ်သည်။

Photo by SHAN

၁၉၉၇ ခုနှစ် ဇွန် ၁၆ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် အမျိုးသမီးများ ကလေးသူငယ်များ အပါအဝင် ကျေးလက်ရွာသား ၅၆ ဦး ကို ဆိုင်းခေါဝ်ရွာအနီးတွင်တနေရာ နှင့် တတ်ဖှာ့ဟို့ အနီးတွင်တနေရာ အစိုးရ တပ်မတော်က သတ်ဖြတ်ခဲ့သည်။

“၁၉ ၉ ၆- ၉ ၇ ခုနှစ်မှာ စစ်ဒဏ်ကြောင့် သေဆုံးသွားတဲ့သူတွေကို ပြန်ပြီးတော့ အလှူအဒါန်းပြုလုပ်ပေးတယ်။ အောက်မေ့ သတိရခြင်းဆိုတဲ့ အမှတ်တရ တစ်ခုလုပ်ပေးတယ်။” ဟု သျှမ်းလူငယ်အဖွဲ့ (TYO) ၏ ဥက္ကဌ ဖြစ်သူ နန်းယိင်းနောင့် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သတ်ဖြတ်ခြင်း ခံရသည့် ကျေးလက်ရွာသားများကို ရည်စူးပြီး ပြည်တွင်း ပြည်ပရှိ သျှမ်းလူမှုအဖွဲ့အစည်းတို့က သက်ဆိုင်ရာ မြို့နယ်တိုင်းမှာ ဘုရားကျောင်းကန်ရှိ ၎င်းတို့အားလုံးအတွက် ရည်စူးပြီး အလှူဒါန ပြုလုပ်ကာ အမျှဝေ ခဲ့သည်။

Photo by SHAN

“ဒီကနေ့ ကျနော်တို့ သျှမ်းတိုင်းရင်းသား အားလုံးအတွက် အရေးကြီးတဲ့နေ့၊ မမေ့သင့်တဲ့နေ့ ဖြစ်သလို သျှမ်းသမိုင်းတွင်တဲ့နေ့လည်းဖြစ်တယ်။ ၁၉၉၆ -၉၇ ခုနှစ်က တပ်မတော်ရဲ့ သတ်ဖြတ်ခြင်း ခံရပြီး သေဆုံးသွားတဲ့ ပြည်သူတွေကို ကျနော်တို့ ရွှေလီဒေသမှာ ရှိတဲ့ လူငယ်တွေ အလှူဒါန ပြုလုပ်ပေးပြီး အမျှ ပေးဝေ ခဲ့ပါတယ်။” ဟု မူဆယ် ဒေသခံ လူငယ် စိုင်းဟင်လိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နောင်အနာဂတ်မှာ ဒီလို အဖြစ်ဆိုး ထပ်မံမကြုံရအောင် နှင့် လူငယ်များ ပြီးခဲ့သည့် သမိုင်းကို သိရှိရန် နောင်တစ်ချိန်မှာ ၎င်း ဖြစ်ရပ်မျိုး မဖြစ်စေရန် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို လူငယ်များ သိစေချင်ကြောင်း (TYO) ဥက္ကဌ နန်းယိင်းနောင့် ကပြောသည်။

“ဒီလိုနေ့ကို သျှမ်းလူ့အခွင့်အရေးနေ့ဆိုပြီးတော့ မှတ်တမ်းတင်ချင်ပါတယ်။” ဟု နန်းယိင်းနောင့် ကပြောသည်။

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ ( CSSU) ကလည်း ဇွန် ၁၆ ရက်နေ့အား သျှမ်းအမျိုးသား လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြေငြာကြောင်း ထုတ်ပြန်ခဲ့သည်။

“သတ်ဖြတ်ခြင်းခံရတဲ့ ကျနော်တု့ိ သျှမ်းတိုင်းရင်းသားတွေကို ရည်စူးပြီးတော့ ကျနော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီးတော့ ဆွမ်းကပ်လှူဒါန်းပေးပြီး ရေစက်ချ အမျှဝေခဲ့ပါတယ်။” လားရှိုးမြို့က သျှမ်းလူငယ် တစ်ဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ် ၊ လားရှိုး ၊ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ၊ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၊ ကာလိမြို့တို့က သျှမ်းလူငယ်များက သေဆုံးသွားသည့် ရွာသားများကို ရည်စူးပြီး အလှူဒါန ပြုလုပ်ပေးခဲ့ပါသည်။

ယနေ့ ကျရောက်သော ၂၃ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ သျှမ်းလူမှု အဖွဲ့အစည်းများမှ စုပေါင်းထုတ်ပြန်သော ထုတ်ပြန်ချက် မှာ လွန်ခဲ့သော ၂၃ နှစ် (ဇွန် ၁၆ ရက် ၁၉ ၉ ၇) က သျှမ်းပြည်သား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု မှတ်တမ်း တို့ကို ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article