Friday, April 26, 2024

နှစ် ၇၀ အတွင်း ကျိုင်းတုံဟော်နန်းနေရာ ပြန်မပေးနိုင်သေးဟု နေပြည်တော် ပြော

Must read

စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းထားသည့် ကျိုင်းတုံဟော်နန်းနှင့်မြေနေရာအား “ကျိုင်းတုံ ဟော်တယ်အဖြစ် တည်ဆောက်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်အား နှစ် ၇၀  ငှားရမ်းထားသောကြောင့်” လက်ရှိအနေအထားအရ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်သေးကြောင်း နေပြည်တော် လွှတ်တော် အစည်းအဝေးတွင်  ပြောဆိုကြသည်။

Photo Credit- န၀တ ဖျက်ဆီးလိုက်သည့် ကျိုင်းတုံဟော်နန်း

ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် အမျိုးသား လွှတ် တော် အမတ် ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် မှ “ကျိုင်းတုံဟော်လုံ( ကျိုင်းတုံနန်းတော်) နှင့်မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိမရှိ” နေပြည်တော် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်မေးမြန်းသည်။

ကျိုင်းတုံနန်းတော်  မြေနေရာနှင့်ပတ်သက်ပြီး ဒုတိယ ဝန်ကြီး ဉီးတင်လတ် က – “ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်နှစ်ဦးကို နှစ်(၇၀) သက်တမ်း နှစ်ရှည်ငှားရမ်း ထားသော ဟိုတယ်များ ဆောက်လုပ်တည် ရှိနေပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိနေ ပါကြောင်း၊ ထို့ကြောင့် ဌာနက တရားဝင်အငှားချထားသည့် စာချုပ်များ သက်တမ်း ကုန်ဆုံးခြင်း မရှိသေးပါသဖြင့် ယင်းစာချုပ်များ သက်တမ်းကုန်ဆုံးချိန်တွင် ပြည်သူပိုင်သိမ်း အဆောက် အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ဆက်ခံသူများက ပြန်လည် လျှောက်ထားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ လိုက်နာရမည့် ညွှန်ကြားချက်များနှင့် အညီ စဉ်းစားဆောင်ရွက်ပေးနိုင်မည်” – ဟု အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဖြေကြားသည်။

Photo Amazing Kengtong Resort- ကျိုင်းတုံဟော်နန်းအားစစ်အစိုးရဖြိုချဖျက်ဆီး ဟော်တယ်ပြန်ဆောက်ပြီး စီးပွါးရေးလုပ်ငန်းရှင်ကိုနှစ် ၇၀ စာချုပ်ဖြင့်အစိုးရ ငှားရမ်းထား ပေး

ကျိုင်းတုံ ဟော်နန်း မြေနေရာ ပြန်လည်ရရှိရေး နှင် ရှေးမူမပျက် ပြန်လည် တည်ဆောက်ရေး အတွက် ကျိုင်းတုံဒေသခံများ စုပေါင်းဖွဲ့စည်းထားသည့် ကော်မတီ မှ နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  နိုင်ငံတော် သမ္မတ ၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ဟိုတယ် နှင့် ခရီးသွား ဝန်ကြီး ဌာနတို့ထံသို့ ပြီးခဲ့သည့် ၂၀၁၉ သြဂုတ်လဆန်း ပိုင်းက စာတင်တောင်းဆိုထားသည်။

သျှမ်းပြည်တဝှမ်းလုံး သိမ်းပိုက်ခံဟော်နန်းများ ပြန်လည်ရရှိရေး၊  ကျိုင်းတုံဟော်နန်း ပြန်လည်ဖော်ဆောင် ရေး ကော်မတီ အတွင်းရေးမှူး စိုင်းဆမ်တစ်ဆေ က –  “အစိုးရ အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ချစ်ကြည်ရေး၊ တန်းတူရေး အတွက် ဆန္ဒရှိရင် ငွေကျပ် သန်း ၂၀၀ နဲ့ နှစ် ၇၀ စာချုပ် ဆိုတဲ့ ဟာက ပြောပလောက်တဲ့ ငွေကြေးပမာဏ မဟုတ်ဘူး၊ ကျနော် တို့ အနေနဲ့တော့ ဆက်လက်တောင်းဆို သွားမယ်” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

ကျိုင်းတုံစစ်တမ်း (စာမျက်နှာ ၂၈၁) စာအုပ် ရေးသားထုတ်ဝေသည့် ဆရာ ဉီးမောင်မောင်စိုးက – “.…. မန္တလေး နန်းတော်ကို ဖြိုဖျက်၍ ဟိုတယ်တစ်လုံး တည်ဆောက်ပါက ဗမာလူမျိုးများ လက်သင့်ခံဖွယ်မ ရှိသကဲ့သို့ပင် ရှမ်းစော်ဘွားဟော်နန်းအား ဖြိုဖျက်ခြင်းကို ရှမ်းတို့လက်သင့်မခံခြင်းမှာ အံ့အားသင့်ဖွယ်မရှိပေ….” ဟု ရေးသားထားသည်။

ကျိုင်းတုံဟော်နန်းအားဖြိုဖျက်ပြီး  ဟိုတယ်ပြန်လည်တည်ဆောက်နေချိန် မန္တလေးရှိ မီးလောင်သွားသော မန္တလေးရတနာပုံနန်းတော်ကိုမူ ပုံစံတူပြန်ဆောက်ပြီး မြန်မာတို့၏ အမျိုးသားကိုယ်ပိုင်လက္ခဏာအဖြစ် စစ်အစိုးရကဖော်ထုတ်ခဲ့ကြသည်။

၁၉၀၆ ခုနှစ် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလိုင် မှ တည်ဆောင်ထားသည့် ကျိုင်းတုံ ဟော်နန်းကြီးအား ဗိုလ်ချုပ်ကြီး သန်းရွှေဉီးစီးသည့်  အာဏာသိမ်း န၀တ စစ်အစိုးရ က ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီ ၄၁ မိနစ် က မိုင်းခွဲ ဖြိုချဖျက်ဆီးခံပြီး ဟော်နန်းနေရာ အား ကျိုင်းတုံ ဟိုတယ် အဖြစ် အစားထိုးတည်ဆောက်ကာ ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခု အား ငွေကျပ် သန်း ၂၀၀ (ကျပ်သိန်း ၂၀၀၀ ) ဖြင့် နှစ် ၇၀ ငှားရမ်းပေးထားခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article