မိုးနဲမြို့နယ် အတွင်း ဓာတု ပိုးသတ်ဆေးကြောင့် တောင်သူများအန္တရာယ် စိုးရိမ်နေရ

0

သျှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့နယ် အတွင်း ရှိ တောင်သူများကျယ်ပြန့်စွာအသုံးပြုနေသော ပိုးသတ်ဆေးများ မှရမည့် ဆိုးကျိုး နှင့် အန္တရယ်များကို အထူးစိုးရိမ်နေကြောင်း မိုးနဲမြို့နယ်ပြည်နယ်လွှတ်တော်အမတ်ထံမှရသည်ဟု သတင်းရရှိသည်။

အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပိုးသတ်ဆေးကို တောင်သူလယ်သမားများ သုံံးစွဲရာတွင် မသိနားမလည်မှု ဖြစ်ကာ သေဆုံးခြင်း၊ ကိုယ်တခြမ်းသေဆုံးခြင်း၊ ခြေထောက် ဖြတ်တောက်ရသည်အထိရှိခြင်းနှင့် မူးဝေ အားအင်ချိနဲ့ခြင်းတို့ ဖြစ်ပွားနေသည် ဟု မိုးနဲ မြို့နယ်ပြည်နယ်လွှတ်တော်အမတ် စိုင်းမွန်းလိန်က သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

“ ကျနော်တို့ ဆီက တောင်သူတွေ မသိနားမလည်တော့ ပိုးသတ်ဆေးသုံးဖို့ ဆေးစပ်တဲ့အခါ နဲ့ ဆေးဖြန်းတဲ့အခါ မှာ အကာအကွယ် မသုံးကြဘူး။ နောက်ဆက်တွဲကတော့ သေဆုံးတာတွေရှိတယ်” ဟု စိုင်းမွန်းလှိုင်း ကဆိုသည်။

ပြည်ပ တင်သွင်းသည့် ပိုးသတ်ဆေးရည်များကို လွယ်ကူစွာ ဝယ်ယူနိုင်ပြီး၊ ပိုးသတ်ဆေး ရောစပ်သည့် အခါ အကာအကွယ် မသုံးစွဲ သဖြင့် တောင်သူများ ၏ ရှေ့ရေး သည်စိုးရိမ် နေရသည်ဟုလည်း စိုင်းမွန်းလိန် ကပြောသည်။

Photo Credit to sott.net

“ ဒီတနှစ်မှာ ၂ယောက် ၃ယောက် ရှိပြီ။ သေတာ အရမ်း စိတ်ပူနေရတယ်။ ကျနော် တို့သျှမ်းပြည်နယ်မှာ ပိုးသတ်ဆေး တင်သွင်းတာ ခဏ ပိတ်စေချင် တယ်” ဟုလည်း သူက ထပ်လောင်း ပြောသည်။

ပြည်ပ နိုင်ငံမှ တင်သွင်းသည့် ပိုးသတ်ဆေး အများစုသည် တရုတ်နိုင်ငံ မှ ပိုးသတ်ဆေးဖြစ်ပြီး၊ ဒေသခံများ ဘာသာစကားနားလည်မှု မရှိသဖြင့် အစိုးရ အနေဖြင့် စိစစ်ပြီးမှသာ တင်သွင်းပေးစေလိုသည် ဟု တောင်သူ တဦးဖြစ်သည့် မိုးနဲ ဒေသခံ စိုင်းအွမ် က ပြောသည်။

“ပိုးသတ်ဆေးက တရုတ်ပြည်က လာတာ များတယ်။ တရုတ်လို ရေးတော့ တောင်သူတွေက မသိဘူး။ အခုက လွယ်လွယ်ရောင်း လွယ်လွယ် ဝယ်နေကြတယ်။ သုံးစွဲနည်း မသိကြဘူး” ဟု စိုင်းအွမ် ကပြောသည်။

တောင်သူလယ်သမားများသည် နေ့စဉ် ဓာတုဗေဒ ပိုးသတ်ဆေး ၏ အန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း။ တောင်သူလယ်သမားများ ရှာဖွေစုဆောင်းထားသည့် တနှစ် ဝင်ငွေ သည် ဆေးကုသ စရိတ်ဖြစ်နေကြောင်း စိုင်းအွမ် က ထောက်ပြ ပြောဆိုလိုက်သည်။

“ ယခုနောက်ပိုင်း တောင်ယာ လယ်ယာလုပ်တဲ့သူ အများစု က အသက် ကြီးတဲ့သူတွေများတယ်။ အသက်ကြီးသူတွေ က မူးတာတွေ။ ခန္ဓာကိုယ် အားမရှိလို့ ဆိုပြီး ဆေးကုနေတာတွေများတယ်” ဟု စိုင်းအွမ် က ဖြည့်စွတ်ပြောဆိုလိုက်သည်။

လယ်ယာစိုက်ပျိုးရေး တောင်သူလယ်သမားများအနေဖြင့် ဓာတုဗေဒ ပိုးသတ်ဆေးကို သုံးစွဲသည့် အခါ တွင် မျက်မှန်၊ ဦးထုပ်၊ အသက်ရှူ အထောက်အကူပြု ကိရိယာ၊ ရာဘာ လက်အိတ်ရှည်၊ တကိုယ်လုံး လုံသည့် အဝတ်အစား နှင့် ရာဘာဘွတ်ဖိနပ် တို့ ဝတ်ဆင်သင့်ကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE