Friday, May 3, 2024

သျှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းခြံများ ငမြှောင်တောင်ပိုးကျ တောင်သူဦးကြီးများ အခက်တွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုး – သိန္နီ – သီပေါဘက်တွင် ဒေသခံတောင်သူများ၏ ပြောင်းခင်းများ ပိုးကျသဖြင့် စိုက်ပျိုးသီးနှံဧကပေါင်းမြောက်များစွာ ပျက်စီးနေရကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်ပြောင်းခြံများငမြှောင်တောင်ပိုးကျ တောင်သူဦးကြီးများ အခက်တွေ့ Photo Credit to Khin Htar Yee

လားရှိုးမြို့နယ်၊ သန္နီမြို့နယ်၊ ကျောက်မဲ ၊ သီပေါ မြို့နယ်တို့တွင် ပြောင်းဖျက်ပိုးကောင်များ ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရသည်။

“ဟုတ်ပါတယ် ။ ဆိုးဆိုးရွားရွား ပိုးဖျက်ခံနေရပါတယ်။ နမ့်မော်ဆွေ အုပ်စုမှာ အများဆုံးပိုးကျတယ်။ မမုန့်ဟင်၊ စက်ရုံ ရပ်ကွက်သားတွေနဲ့ နမ့်လန်ထဲက ခြံတွေပေါ့။ ပန်မိတ်၊ ပန်ဟိုက်ရွာဘက်က ခြံတွေလည်းထိတယ်။ ဧကဘယ်လောက်လောက်ထိသွားလဲဆိုတာတော့ မသိနိုင်သေးဘူး။ ထပ်ပြီးစုံစမ်းကြည့်ရပါဦးမယ် ။ မနေ့ကတော့ စိုင်ပျိုးရေးဌာနက ပိုးသတ်ဆေးတွေလာပြီးပေးဝေသွားတယ် ” – ဟု နမ့်လန်အုပ်စုဒေသခံ သျှမ်းလူငယ်ကွန်ယက် အဖွဲ့ဝင် စိုင်းနော်ဆိုင်က ပြောသည်။

အဆိုပါ အုပ်စုများသည် သီပေါမြို့နယ်အတွင်းပါ၀င်ပြီး ပိုးကျသည့်ပြောင်းခြံများမှာ နမ့်လန်တိုက်နယ် နှင့်ကပ်လျက် မြောက်ဘက်ခြမ်း အရှေ့ဘက်ခြမ်း တောာင်ဘက်ခြမ်းတွင် တည်ရှိကြောင်းသိရသည်။

မိန်းခေး ဘက်တွင်မူ ၂၀၁၃ ခုနှစ်က ပြောင်းခြံများ ပိုးကျဖူးကြောင်း သိရသည်။

“နမ့်လန်ဘက်မှာတော့ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ပဲပုပ်ခြံတွေ ပိုးကျဖူးတယ်။ လယ်သမား တွေ အရှုံးပေါ်ကုန်တယ်။ ခုချိန်ထိပဲပုပ် မစိုက်ဖြစ်ကြတော့ဘူး။ စိုက်ပျိုးရေးဌာန က မနေ့ကပြောသွားတာကတော့ ရေလွှမ်းခံရတဲ့လယ်တွေပိုးကျလေ့ရှိတယ်။ နှစ်ဆန်းပိုင်းမှာ မိုးကောင်းပြီး မိုးရာသီမှာ မိုးနဲရင်လည်း ပိုးကျနိုင်တယ်လို့တော့ပြောသွားပါတယ် ”- ဟုလည်း စိုင်းနော်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်စု ပန်ခမ်းရွာနှင့်မိုင်းလီရွာတို့တွင် ငမြှောင်တောင်ပိုး ပြောင်းဖျက်ပိုးကျသည့် ပြောင်းခြံများအား စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူများနှင့်လွှတ်တော်ကိုယ်စားလှယ်တို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး Photo Credit to Khin Htar Yee

အလားတူ သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်စု ပန်ခမ်းရွာနှင့်မိုင်းလီရွာတို့ဘက်တွင်လည်း ငမြှောင်တောင်ပိုး ပြောင်းဖျက်ပိုးကျရာ စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူများနှင့်လွှတ်တော်ကိုယ်စားလှယ်တို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ တောင်သူလယ်သမားများထံ ပိုးသတ်ဆေးများ ဝေငှပေးခဲ့ကြောင်း သိန္နီမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီ၏ ကိုယ်ပိုင်ဖေ့စ်ဘုအကောင့်တွင် ဖော်ပြထားသည်။

ပိုးကျပျက်စီးသွားသောပြောင်းများတွင် အစေ့ရင့်ပြောင်းများအား ပိုးသတ်ဆေးဖြန်းကာ ပြန်လည်ပျိုးထောင်ပေးနိုင်သော်လည်း ဆွတ်ချိန်မတန်သေးသော ပြောင်းနုခင်းကိုမူ ပြောင်းများပြန်ရနိုင်ဖွယ်မရှိကြောင်း၊ ပိုးမထိသေးသော ပြောင်းခြံများအားလည်း ပြောင်းပင်များအကြား ပေါင်းများများရှင်းလင်းခြင်း၊ အပင်များအား ပိုးသတ်ဆေး ဖြန်းခြင်း၊ ခြံပတ်လည် မြောင်းတူးခြင်းဖြင့် ပိုးဒဏ်မထိအောင် ကာကွယ်နိုင်ကြောင်းစိုက်ပျိုးရေးဌာနမှ လယ်သမားများနှင့်တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့သည်ဟုလည်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article